Saturday, September 11, 2010

““၁၂ နှစ်တိုင် မမေ့နိုင်””


““၁၂ နှစ်တိုင် မမေ့နိုင်””

          ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)အတွက် ဂျပန်ယမ် ၁၀၀၀၀ လှူဒါန်း ခဲ့သည်။ ကိုယ့်မိတ်ဆွေတစ်ယောက်အနေနှင့်လည်း အလေးပြုခဲ့ပါသည်။ ထို့ကြောင့်လည်း လုပ်သင့် လုပ်အပ်သောကိစ္စ၀ိစ္စကြီးတစ်ခု ပြီးမြောက်သွား၍ လွန်စွာမှ ၀မ်းသာကြည်နူးနေမိလေသည်။
          ထို့နောက်ပိုင်းတွင်မူ ဂျပန်ပြည်၌ နေနိုင်ခွင့်ရှိသော အချိန်ပိုများကို ကျွန်ုပ်နှင့်အမျိုးတူသော တရုပ်အမျိုးသားများ၊ ဂျပန်ခေတ်ဝယ် ဗမာပြည်သို့ လာရောက်အုပ်ချုပ်ဖူးသည့် စစ်မှုထမ်းဟောင်း များ၊ ဂျပန်အမျိုးသား မိတ်ဆွေများနှင့် ထပ်မံ၍ တွေ့ရလေသည်။ သူတို့နှင့်တွေ့ဆုံခြင်းကား ကိုယ့်မိတ်ဟောင်း ဆွေဟောင်းများနှင့် တွေ့ရသကဲ့သို့ ဖြစ်နေလေသည်။ သူတို့နှင့်အတူ ကျွန်ုပ်သည် ဂျပန်ပြန်တစ်ပြည်လုံးကို လျှောက်၍ လည်ပတ်ကြ၏။
          ဤကာလက မီးရထားတွဲများပေါ်၌လည်းကောင်း၊ ဟော်တယ်ကြီးများ၏ စားသောက်ခန်း များ၌လည်းကောင်း၊ ဂျပန်အမျိုးသားများသည် တစ်ခွန်းတည်းသော မကျေနပ်သည့်စကားသံကို ကြားနေရသည်။ ထိုစကားက အခြားမဟုတ်၊ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များပေါ်သို့ အမေရိကန်က အနုမြူငရဲဗုံးနှစ်လုံးချသည်ကို မကျေမနပ် နာကျည်းနေကြကြောင်းကို ပြောဆိုနေကြသည့်အသံကို  ကျွန်ုပ်သည် နားနှင့်ဆပ်ဆပ် ကြားရလေသည်။ ထို့ကြောင့်လည်း ဂျပန်စစ်မှုထမ်းဟောင်းများနှင့် အခြားမိတ်ဆွေများကို ကျွန်ုပ်သည် စကားစပ်မိ၍ မေးကြည့်မိ၏။

          ကျွန်ုပ်စပ်စု။    ။ နေစမ်းပါဦးမိတ်ဆွေ.. ဂျပန်အမျိုးသားတွေဟာ ဘာကြောင့်များ ဒီလောက် တောင် အမေရိကန်တွေအပေါ် စိတ်နာကျည်းနေရပါသလဲ။
          မိတ်ဆွေ။                 ။ ဒါကတော့ .. ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ပေါ်ကို အနုမြူငရဲဗုံးချပြီး ကျွန်တော်တို့ဂျပန်အမျိုးသားတွေကို လူမဆန်တဲ့နည်းနဲ့ နှိပ်စက်သတ်ဖြတ်လို့ပဲ။
          ဤတွင် ကျွန်ုပ်ကပြုံး၍
          နုပ်။     ။ ခုကိစ္စမှာ နှစ်ဦးနှစ်ဖက် ပြစ်ချက်မကင်းဘူး မဟုတ်လား.. ခင်ဗျားတို့ ဂျပန် အစိုးရကလည်း စစ်မကျေညာခင် ပုလဲကျွန်းကိုသွားရောက်ပြီး စစ်သင်္ဘောနဲ့ ဆိပ်ကမ်းတွေကို လေယာဉ်ပျံနဲ့ သွားဖျက်ဆီးပစ်ခဲ့ဖူးတယ်။ ဒါကြောင့်လည်း သူတို့က ကလဲ့စားချေတဲ့သဘောနဲ့ ခင်ဗျားတို့ကို တစ်ဖန် ကလဲ့စားချေတဲ့အနေနဲ့ ဗုံးချတာဖြစ်မှာပေါ့။
          ဆွေ။   ။ ကျွန်တော်တို့ ဂျပန်အစိုးရက ပုလဲကျွန်းကို စစ်မကျေညာခင်သွားရောက်ပြီး အမေရိကန်ရဲ့ စစ်သင်္ဘောတွေနဲ့ ဆိပ်ကမ်းကို ဖျက်ဆီးပစ်ခဲ့တာ မငြင်းပါဘူး။ ဒါ မှန်ပါတယ်။ တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် စစ်ဖြစ်တဲ့အခါမှာ စစ်နဲ့ပတ်သက်တဲ့ နေရာ ကိစ္စတွေကိုသာ ရွေးပြီး ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုပြုလုပ်တာဟာလည်း သဘာဝကျပါတယ်။ စစ်နဲ့မပတ်သက်တဲ့ အပြစ်မဲ့ပြည်သူလူထုကြီးကို ရွေးပြီး အစုလိုက်အပြုံလိုက် သတ်ပစ်ရိုးထုံးစံမရှိပါဘူး။ ကျွန်တော်တို့ ဂျပန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့မှာနေကြတဲ့ ပြည်သူလူထုဟာ သိန်းနဲ့ချီပြီး အသေခံခဲ့ရပါတယ်။ ဒါ့ကြောင့် အသိဉာဏ်ရှိပြီး စဉ်းစားဉာဏ်ရင့်ကျက်သူတိုင်းဟာ ဒီကိစ္စတွေးမိရင် အလွန်စိတ်နာစရာ ကောင်းပါတယ်။ ဂျပန်ပြည်မှာရှိတဲ့ ဂျပန်အမျိုးသားတွေဟာလည်း ဒီတစ်သက်မှာတော့ အမေရိကန်ရဲ့ ရက်စက်မှုအမဲကွက်ကြီးကို ဘယ်လိုမှ ဖျက်မရအောင် အသဲနှလုံးမှာ စွဲနေမိပြီ။ ပြီးတော့ ကလဲ့စားဆိုတဲ့ ကိစ္စမျိုးဟာလည်း တစ်ဖက်ဖက်က အစပြုရင် တစ်သက်လုံး ပြီးနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဥပမာဆိုပါစို့..။ အမေရိကန်ရဲ့ ပုလဲကျွန်းကို ဂျပန်အစိုးရက စစ်မကျေညာခင် သွားရောက်ဖျက်ဆီးလို့၊ အမေရိကန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့က အပြစ်မဲ့တဲ့မြို့နေလူထုကို အနုမြူဗုံးချပြီး သတ်ပစ်တယ် ဆိုပါတော့။ အဲ .. တစ်နေ့ကျရင် ကျွန်တော်တို့ဂျပန်ဟာလည်း အနုမြူဗုံး လုပ်နိုင်တဲ့ သမယမှာ အမေရိကန်ပြည်သူအများ နေထိုင်တဲ့မြို့ကို ပြန်လည်ပြီး ဗုံးမချဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။
          မိတ်ဆွေပြောသောအချက်များမှာ ပိုင်လှသည်။ အချက်ကျလှသည်။ သို့ကြောင့်လည်း ကျွန်ုပ်သည် သူ့ပြောစကားကို ဘာမျှပြန်၍ မပြောနိုင်ပေ။ သူ ဆက်၍ပြောသော စကားကိုသာ အသာဆက်ပြီး နားစွင့်နေလေ၏။
          ဆွေ။   ။ ကျွန်တော်တို့ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ကို အနုမြူငရဲဗုံးချမှုကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေဟာ .. အလွန်အံ့သြပြီး ထိတ်လန့်တုန်လှုပ်သွားကြတယ်။ ဒီလို လူမဆန်တဲ့ အမေရိကန်ရဲ့ ရက်စက်မှုကြီးကိုလည်း တစ်သက်နဲ့တစ်ကိုယ် မမေ့နိုင်လောက်အောင် ဦးနှောက်မှာ သံမှိုနဲ့နှက်ထားသလို စွဲမြဲလို့နေကြတယ်။ ခုလိုဖြစ်ရတဲ့ တရားခံအစစ်ကတော့ ကျွန်တော့်အထင် ထရူးမင်း (Truman) ကြောင့်ပဲ။ တစ်ကယ်လို့ ဒီအချိန်ထိ ရုစဘဲ ( Roosevelt ၁၂-၄-၄၅ နှစ်၌ဆုံးပါးသွားသော အမေရိကန်သမ္မတဟောင်း) သာ အသက်နဲ့ခန်္ဓာအိုးစားမကွဲ သေးဘူးဆိုရင် .. ကျွန်တော်တို့ဂျပန်ပြည်အပေါ် အနုမြူဗုံးကျနိုင်စရာ အကြောင်းမရှိပါဘူး။ ထရူးမင်းကတော့ သမ္မတရုစဘဲရဲ့ ၀ါဒလမ်းစဉ်ကို ဆန့်ကျင်သူဖြစ်ပါတယ်။ ပြီးတော့ ထရူးမင်းအနေနဲ့ ကလဲ ဂျပန်ကို စစ်နိုင်ဖို့တစ်ခုထဲသာ တွက်ထားသူတစ်ယောက်ဖြစ်ပါတယ်။ စစ်သာနိုင်ရမယ်ဆိုရင် ဘယ်သို့သောရက်စက်မှုကိုမဆို ကျူးလွန်ဝံ့သူတစ်ယောက်ဖြစ်ပါတယ်။
          နောက်ပြီးတော့ ဂျပန်ပြည်ပေါ်အနုမြူဗုံးကျတဲ့ကိစ္စနဲ့ပတ်သက်လို့ အလွန်လျှို့ဝှက်တဲ့ စစ်သတင်းတစ်ခုကို ကြားထားတာလည်းရှိပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး၊ ၁၉၄၅-ခုနှစ် စစ်ကြီးပြီးဆုံးသွားလို့ ဂျပန်ပြည်ကို လာရောက်အုပ်ချုပ်သူ အမေရိကန်စစ်ဗိုလ်ကြီးကို အလွန်ချောလှပြီး ခေတ်ပညာတတ်ဂျပန်အမျိုးသမီးက သူလျှို (Spy) လုပ်ကာ ယူလာတဲ့သတင်း ဖြစ်ပါတယ်။ ဒီအချိန်တုန်းက အမေရိကန်အစိုးရမှာ အနုမြူဗုံးသုံးလုံးသာရှိပါတယ်။ တစ်လုံးက အလွန်လျှို့ဝှက်တဲ့နေရာကိုသွားပြီး တိတ်တဆိတ်စမ်းသပ်လိုက်ပါတယ်။ ကျန်တဲ့ ၂လုံးကို ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ကို တစ်လုံးစီဗုံးချလိုက်ခြင်းဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့ အနုမြူဗုံးတွေကုန်ပြီ။ ဒီလို အနုမြူဗုံး နှစ်လုံး အသုံးပြုရက်သားနဲ့ ဂျပန်က လက်နက်မချဘူးဆိုရင် အမေရိကန်အစိုးရ ဘာမှမတတ်နိုင်ပါဘူး။
          ဟီရိုရှီးမားမြို့ အနုမြူဗုံးမချခင် အမေရိကန်အစိုးရက ဂျပန်အစိုးရကို လက်နက်ချပါလို့ ပြောပါတယ်။ ဒါပေမယ့် ဂျပန်အစိုးရက ဂရုမထားအရေးမစိုက်ခဲ့ပါဘူး။ ဒါ့ကြောင့် အမေရိကန်အစိုးရက ၁၉၄၅-ခု သြဂုတ်လ ၆-ရက်နေ့မှာ ဟီရိုရှီးမားမြို့ကို အနုမြူဗုံးချလိုက်ပါတယ်။ အမေရိကန်အစိုးရက ဂျပန်ဟာ ဘယ်နည်းနဲ့မဆို လက်နက်ချလိမ့်မယ်လို့ မျှော်လင့်နေခဲ့တယ်။ အမေရိကန် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။ သြဂုတ်လ ၇-ရက်နေ့မှာ ဂျပန်အစိုးရနဲ့ ပြည်သူလူထုဟာ မန်ချူးရီးယားပြည်ကို ရွှေ့ပြောင်း ပြီး ဒီကမှတစ်ဆင့် ရေရှည်စစ်ပွဲကြီးဆင်နွဲနိုင်ဖို့ ရည်ရွယ်ချက်ရှိ ပါတယ်။ ဂျပန်ပြည်ရှိ ကျွန်းသုံးကျွန်းဟာ ပြာကျသွားတဲ့အချိန်ထိ ပြန်လည်ခုခံဖို့ ရည်ရွယ်ချက်ရှိပါတယ်။ အမှန်တော့ မန်ချူးရီး ယားပြည်နယ်ဟာ အလွန်ကြီးကျယ်တဲ့ ပြည်နယ်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီကိုသာရောက်သွားရင် အမေရိကန်အစိုးရဟာ အနုမြူဗုံးဘယ်နှစ် လုံးဘဲ သုံးသုံး အရေးထားစရာမလိုတော့ပါဘူး။ ကျယ်ပြန့်တဲ့ နယ်မြေထဲမှာ ရှိရှိသမျှလူတွေကိုလည်း ကုန်အောင် မသတ်နိုင် ပါဘူးလို့ ကျွန်တော်ထင်ပါတယ်။
          ၁၉၄၅-ခုနှစ် သြဂုတ်လ ၉-ရက်နေ့ နံနက် ၄-နာရီ အချိန်မှာ ရုရှားစစ်တပ်ဟာ မန်ချူးရီးယားပြည်နယ်ထဲကို ၀င်ရောက် လာပါတယ်။ အဲဒီနေ့ နံနက် ၁၁-နာရီ ၂-မိနစ် (၇-နာရီအကွာမှာ) နာဂါဆာကီမြို့ကို အမေရိကန် အနုမြူဗုံးတစ်လုံးကြဲလိုက်ပါတယ်။ နောက်တစ်နေ့မှာ အမေရိကန်အစိုးရက ဂျပန်လက်နက် ချ မချ သတင်းကို စောင့်မျှော်နေပါတယ်။ ဂျပန်တပ်မတော်အနေနဲ့က ဒီလိုအနုမြူဗုံးသုံးမှုကြောင့် ဘယ်လိုမှဖြစ်မသွားပါဘူး။ ကြောက်လည်းမကြောက်ပါဘူး။ ဒီလိုနဲ့သုံးရက်လွန်မြောက်လာတဲ့ အခါမှာ  ဘယ်လိုမှ အကြောင်းထူးမလာတာကြောင့် ကြားနေနိုင်ငံဖြစ်တဲ့ ဆွစ် (Swiss) အစိုးရမှတစ်ဆင့် ဂျပန်အစိုးရကို ဂျပန်ဘုရင်အုပ်ချုပ်မှုစံနစ်ကို မပြောင်းလဲပဲ ချွင်းချက်နဲ့လက်နက်ချဖို့အကြောင်း ပြောပါတယ်။ ဂျပန်ဘုရင်ကလည်း တိုင်းသူပြည်သူတွေကို ချစ်ခင်ကြင်နာတဲ့စိတ်ကြောင့် ဒီအတိုင်း စကားတည်ရင် လက်နက်ချပါ့မယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ ဒီလို ချွင်းချက်နဲ့ ဂျပန်အစိုး ရဟာ သြဂုတ်လ ၁၀-ရက်နေ့မှာ တရုပ်-အမေရိကန်-အင်္ဂလိပ်-ရုရှား- လေးနိုင်ငံရှေ့မှာ လက်နက် ချလိုက်ပါတယ်။
          အမေရိကန်ရဲ့ အနုမြူဗုံးကြောင့် ဟီရိုရှီမားမှာ ဂျပန်အမျိုးသားပေါင်း ၂၁၉၀၈၆-ယောက် နာဂါဆာကီမြို့မှာ ၁၅၇၀၇၆-ယောက် အပြစ်မဲ့တဲ့ ပြည်သူလူထုတွေ သေကြေပျက်စီးရတယ်။ အနုမြူငရဲဗုံးဒဏ်ကြောင့် ခုချိန်ထိ ရောဂါအမျိုးမျိုးခံစားနေရတာတော့ ယနေ့အထိပဲ။ ကမ္ဘာ့ဥပဒေ အတိုင်းသာပြောရရင် ခုလို စစ်နဲ့မပတ်သက်တဲ့ ပြည်သူလူထုကို သိန်းနဲ့ချီပြီး သတ်ဖြတ်ထားတာဟာ လုံးဝကို တရားမျှတမှု မရှိဘူး။ ဒါကြောင့်လည်း ဂျပန်ပြည်သူအများစုက အမေရိကန်အစိုးရကို အော့နှလုံးနာနေပါတယ်။
          ကမ္ဘာပေါ်မှာ အလွန်ကြီးကျယ်တဲ့ အိုကီနာဝါ (OKINAWA) ဖီလစ်ပိုင်ကျွန်း ကျွန်းတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီလို တစ်ဖက်နဲ့တစ်ဖက် စစ်အင်အားပြိုင်ပြီး အနိုင်တိုက်ခိုက်မှု ကြောင့် စစ်သားပေါင်း ထောင်နဲ့သောင်းနဲ့ချီပြီး သေကြေခဲ့ပါတယ်။ ဒါဟာ ၀မ်းနည်းစရာ မဟုတ်ဘူး။ နာကျည်းစရာမဟုတ်ဘူး။ ဒါဟာ စစ်ပြိုင်ဆိုင်မှုပဲဖြစ်တယ်။ ခုတော့ စစ်နဲ့မပတ်သက်တဲ့ပြည်သူ တွေကို ဗုံးနဲ့ချသတ်တာကတော့ ကမ္ဘာပေါ်မှာ အလွန်အရုပ်ဆိုးပါတယ်။ သဘောပြောရရင် လူကြီးချင်း ရန်ဖြစ်တာကို မနိုင်လို့ အိမ်မှာရှိတဲ့ကလေးနဲ့ လူအိုတွေကို သွားရိုက်သတ်သလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တတွေဟာ အမေရိကန်ကို ဘယ်တော့မှ မကျေနိုင်ဘူး..။
          န်ုပ်။     ။ ဒါထက် စောစောက ခင်ဗျားပြောသွားတဲ့စကားထဲမှာ သြဂုတ်လ ၉ရက်နေ့ (နာဂါဆာကီကို အနုမြူဗုံးချသောနေ့)မှာ မန်ချူးရီးယားပြည်ကို ရုရှားတပ်မတော်ဝင်လာတယ်လို့ ပြောတယ်မဟုတ်လား။ ဒီတုန်းက ဂျပန်စစ်အင်အားနဲ့ ရုရှားတပ်မတော်ကို ခုခံကာကွယ်နိုင်ပါ့မလား ဆိုတာ သိချင်ပါတယ်။

          ကျွန်ုပ်စကားကြောင့် မိတ်ဆွေသည် တွေဝေစဉ်းစားနေသည်။ ပြီးနောက်မှ သူ့စကားကို ဆက်ပြန်လေသည်။
          ဆွေ။   ။ ရုရှားစစ်တပ် မန်ချူးရီးယားပြည်ကို ၀င်ရောက်လာတာဟာ ဘာနဲ့ အလားသဏ္ဍာန် တူသလဲဆိုရင် လက်ဝှေ့ပွဲမှာ တစ်ဦးကလဲနေတော့မှ လာပြီးယှဉ်ပြိုင်ဝံ့တဲ့ သတ္တိကြောင်သူနဲ့ တူပါတယ်။ မန်ချူးရီးယားပြည်ကို ရုရှားစစ်တပ်ဝင်လာပေမယ့် ကျွန်တော်တို့တတွေဟာ မကြောက်ရွံ့ပါဘူး။ ဘာကြောင့်ဆိုရင် ရုရှားပြည်ဟာ လွန်ခဲ့တဲ့ အနှစ်၆၀-လောက်က ကျွန်တော်တို့ဂျပန်ကို ရှုံးနိမ့်သွားဖူးတဲ့ တိုင်းပြည်တစ်ပြည်ပဲ။ ဒါဟာ ကမ္ဘာအသိပဲဖြစ်ပါတယ်။ မန်ချူးရီးယားပြည်ထဲမှာ ဂျပန်စစ်သားပေါင်း သိန်း ၃၀-ကျော်ရှိပါတယ်။ ဒီစစ်သားတွေ သုံးပုံတစ်ပုံထားပြီး ကာကွယ်လိုက်ရရင် ရုရှားဟာ ထွက်ပြေးသွားမှာပဲလို့ ကျွန်တော်မြင်တယ် ...။
          နောက်တစ်ချက်က အမေရိကန်ဟာ ဖက်ဆစ်ဖခင်ကြီးဖြစ်တဲ့ အီတလီ၊ ဂျာမနီနိုင်ငံတွေ ကိုတော့ အနုမြူဗုံးမသုံးပဲ ကျွန်တော်တို့ ဂျပန်ပြည်ကိုတော့ အနုမြူဗုံးလာသုံးတာဟာ စဉ်းစားစရာ တစ်ခုဖြစ်နေတယ်။ ဒို့ဥရောပနိုင်ငံအချင်းချင်းတော့ မသေစေနဲ့၊ အာရှတိုက်သားတွေတော့ သေစေဟဲ့ ဆိုတဲ့ မကောင်းတဲ့စေတနာမျိုးထားမှန်း ဒီနေရာမှာ အကဲခတ်လို့ရပါတယ်။
          ခုအချိန်မှာ ဂျပန်နဲ့ အမေရိကန်ဟာ ဥပမာပြောရရင် ... နာမည်ကျော် တရုပ်ရှေးဟောင်း ရာဇ၀င်ထဲက ၀ူကိ (Wuki) လိုဖြစ်နေကြပြီ။ ၀ူကိရာဇ၀င်ဟာ အလွန်ပဲကြောက်စရာကောင်းပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ၀ူက .. တစ်တိုင်းပြည်၊ ကိ က တစ်တိုင်းပြည်၊ ဒီနှစ် ပြည်ထောင်ဟာ ဘယ်တော့မှမတည့်ကြဘူး။ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်နေလို့ တစ်လှည့်စီ ကျွန်ဖြစ်ပြီး နေကြပါတယ်။ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင်ဟာ အနှစ် ၂၀-၃၀ အတွင်းမှာ ပြန်ပြီး ကလဲ့စားချေတတ်ပါတယ်။ ဒီရာဇ၀င်အတိုင်းပဲ ကျွန်တော်တို့နဲ့ အမေရိကန်ဟာလည်း ကမ္ဘာ့ရန်သူ ကြီးတွေ ဖြစ်နေကြပြီ။ တစ်ယောက်ကို တစ်ယောက်က နိုင်ထက်စီးနင်းပြုထားရင်.. လက်စားချေ လို့ ဘယ်တော့မှ မပြီးနိုင်တော့ဘူး..။ ဒါကိုပဲ အဖန်တလဲလဲ သံသရာလို့ ခေါ်ပါတယ်။
          နုပ်။     ။ ဒါဖြင့်.. ခင်ဗျားတို့ဟာ အမေရိကန်ကို တန်ပြန် ကလဲ့စားချေမှာပေါ့။
          မိတ်ဆွေက ခေါင်းညိတ်ပြလိုက်၏။
          နုပ်။     ။ ဘယ်တော့လောက် ကလဲ့စားချေမှာလဲ။
          ဆွေ။   ။ နောက် နှစ်ပေါင်း ၃၀ ကျရင် ကျွန်တော်တို့ဟာ အမေရိကန်ကို ကလဲ့စား ချေပြပါ့မယ်။
          ကျွန်ုပ်သည် မျက်လုံးပြူးသွားမိသည်။
          ကျွန်ုပ်သိမှတ်ထားသမျှ အာရှတိုက်သား ဂျပန်အမျိုးသားများသည် တခြားလူမျိုးများနှင့်မတူ အလွန် အမှတ်အသားကြီးသော လူမျိုးဖြစ်သည်။ တစ်ခုခုကိုမှတ်သားထားလျှင် အသဲစွဲအောင်ပင် မှတ်မိနေတတ်သည်။ သေတပန် သက်တဆုံးအထိလည်း မှတ်သားထားတတ်သည်။ စကားတစ်လုံးကို ပြောလျှင် ပြောသည့်အတိုင်းလည်း လုပ်၏။ လုပ်သည့်အတိုင်းလည်း ပြောပါသည်။ အလုပ်နှင့် အပြောညီသော လူမျိုးဖြစ်လေသည်။
          မိတ်ဆွေပြောစကားအရဆိုလျှင် နောက်နှစ်ပေါင်း ၃၀-တည်းဟူသော ကာလက မဝေးကွာ လှတော့ပေ။ မကြာမီ ရောက်လာချေတော့မည်။
          နောင်နှစ်ပေါင်း ၃၀-တည်းဟူသောကာလက ၁၉၇၁-ခုနှစ်၊ ဒီဇင်ဘာလ ၈-ရက်နေ့ သည်ကား နှစ်ပေါင်း ၃၀-ပြည့်သော နှစ်ဖြစ်လေသည်။ ဤတစ်ကြိမ်တွင်ကား ၁၉၄၁-နှစ်ကကဲ့သို့ ပုလဲကျွန်းကို အလစ်သွား၍ ဗုံးကြဲတော့မည်မဟုတ်၊ အမေရိကန်တိုင်းရင်းသားများနေထိုင်သော မြို့ကြီးတစ်မြို့ကို သွားရောက်၍ ကလဲ့စားချေလိမ့်မည် ထင်ပါသည်။ သို့ကလိုသာ ကလဲ့စား လက်စားချေမှုကြီး ဖြစ်လာပါလျှင် နောင်တခေတ် ကမ္ဘာ့အရေးသည် အတော်ကြီး ရင်လေးဖွယ်ရာကောင်းပါသည်။ အနာဂတ်ကိုတွေးကာ စိုးရိမ်တတ်သူဖြစ်ပါက ကြောင့်ကြပူပန်၍ပင် ပြီးနိုင်တော့အံ့မထင်။
          လွန်လေခဲ့သော နှစ်ပေါင်း ၆၀-ကျော်က ရုရှားနှင့်ဂျပန်သည် စစ်ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က ကြီးကျယ်လှသော အကြောင်းရှိ၍မဟုတ်၊ အသေးအဖွဲ ကိစ္စငယ်ကလေးများကစပြီး စစ်ဖြစ်ခဲ့ရသည်။ ဤကာလက ရုရှားပေါ်ကို ဂျပန်က မကျေနပ်ချက်များကြောင့် လျှို့ဝှက်ကြံ၍ သေနတ်ကောင်းများကို ပြုလုပ်ထားပါသည်။ ထိုသမယက လက်နက်ကောင်းများသည် ကမ္ဘာပေါ်၌ မထွန်းကားသေးပေ။ပြီးနောက် စစ်တလင်းကလည်း အလွန်ကျယ်ပြန့်သော သဲကန္တာရကြီးဖြစ်ပါ၏။ သည် သဲကန္တာရကြီးမှ သဲပွင့်များသည် သေနတ်ထဲဝင်လျှင် သေနတ်သည် ပစ်ခတ်၍မရတော့ပေ။ ဤအချက်ကို ကြိုတင် တွက်ဆထားသောဂျပန်များက သဲများဝင်သော်လည်း သေနတ်များပစ်၍ရလေအောင် တင်ကြို ပြုလုပ် ထားလေသည်။ ယင်းသို့သော ကြိုတင်တွက်ဆမှုကြောင့်လည်း.. ရုရှားကို ဂျပန်က အောင်နိုင်ခဲ့ လေသည်။ ဤကား ဂျပန်အမျိုးသားများနှင့် ပတ်သက်သော သာဓကတစ်ခု ဖြစ်ပါသည်။
          ခုတစ်ကြိမ်လည်း ကျွန်ုပ်နှင့်တွေ့လေသော ဂျပန်မိတ်ဆွေတစ်စုက ကလဲ့စားချေမည်။ လက်စားချေမည်။ တန်ပြန်ဦးမည်ဟူ၍ ဆိုလေပြီ။ ကျွန်ုပ်အနေဖြင့် ဤသို့သော အရေးအရာများ ကြားထဲ၌ ဘာမျှထင်မြင်ချက် မပေးလိုပေ။ ကျွန်ုပ်လူ့ဘ၀မှာ ဆက်လက်၍နေထိုင်သမျှသော တိုတောင်းလှသည့် ကာလကလေးအတွင်း၌ အလွန်ကြောက်မက်ဖွယ်ရာကောင်းသော လူသတ် ပွဲကြီးများ၊ စစ်ပွဲကြီးများ၊ တစ်မျိုးသားလုံးဆိတ်သုဉ်း ပျက်စီးသွားနိုင်သော အနုမြူစစ်ပွဲကြီးများ ကို မမြင်၊ မတွေ့၊ မကြားမသိရလျှင် သေပျော်နေပျော်ပါပြီဟူ၍သာ အောက်မေ့မိပါသည်။ ဤမကောင်းသော စစ်နှင့်လည်း ဘယ်သောကာလမျှ ရင်မဆိုင်ပါရစေနှင့်ဟုလည်း အစဉ်အမြဲ ဆန္ဒပြုလျက်ရှိပါပေသည်။

No comments:

Post a Comment