Wednesday, September 8, 2010

လမ်းမတော်အမတ်ဗိုလ်ချုပ်အောင်ဆန်း

လမ်းမတော်အမတ်ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၅-ခုနှစ်၊ အောက်တိုဘာလ၌ဖြစ်သည်။

တရုပ်ကောင်စစ်ဝန်ချုပ် အယ်ကေယင်း (L.K Ying, Chinese Consul General) ကောင်စစ်ဝန်ချုပ်မစ္စတာမာဝိုက်၊ (Mr. Ma Vice) တရုပ်ပြည်ဘဏ်အထွေထွေမန်နေဂျာ ရီခြာဝါ၊ (Richar Wu, Bank of China) ဟန်နရီချင်း (Henary Chen)၊ အယ်ကေချီ (L.K, Chi)၊ ဗွီပီတိုင် (V.P,Tai) ဤပုဂိ္ဂုလ်ကြီး ၆-ဦးကို ရန်ကုန်မြို့ရှိ တရုပ်လူကြီးလူကောင်းများက ဂုဏ်ပြုဧည့်ခံပွဲတစ်ခုကို မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပလေသည်။


ကျွန်ုပ်နှင့်ဦးစံလွင် (ပီရွှေလျောင်း၊ တောင်ဟင်းအမှတ် ၇၀၇-မဟာဗန္ဒုလလမ်း၊ ရန်ကုန်မြို့၌ နေထိုင်သူသည် တာဝါလိန်းဗိုလ်ချုပ်အောင်ဆန်းနေအိမ်သို့ကိုယ်တိုင်သွားပြီး၊ ဂုဏ်ပြုဧည့်ခံပွဲသို့ တက်ရောက် ပါမည့်အကြောင်းကို ဘိတ်ကြားခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း လက်ခံလိုက်လေသည်။

အနှီဂုဏ်ပြုပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ရှိလာခြင်းသည် တရုပ်မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ရေးအတွက် များစွာခရီးရောက်လေသည်။ ဤပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းသည် တရုပ်မြန်မာချစ်ကြည်ရေး မိန့်ခွန်းများကို မြွက်ကြားခဲ့ဖူးလေသည်။

နောက်တစ်ပတ်ခန့်ကြာလေသော် ကျွန်ုပ်ကလည်း ဂုဏ်ပြုထမင်းစားပွဲတစ်ခုကို ဧည့်ခံကျွေးမွေး လေ၏။

ဤနှစ်အတွင်း၌ပင် ဒီဇင်ဘာလတွင် အမတ်ရွေးကောက်ပွဲပြုလုပ်တော့မည်။ ကျွန်ုပ်တို့နေထိုင်ရာ လမ်းမတော်ပိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း ၀င်၍အရွေးခံမည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ယှဉ်ပြိုင်အရွေးခံရန် စာရင်းတင်ထားသူသည် တရုပ်ကပြား အော်မျိုးရှူးဖြစ်လေသည်။ အော်မျိုးရှူးသည် ကျွန်ုပ်တို့နေထိုင်ရာ လမ်းမတော်တရုပ်ပိုင်း၌ မသိသူမရှိလောက်အောင် လူသိထင်ရှားသူဖြစ်လေသည်။

ဤအရေး၌ ကျွန်ုပ်အဖို့ စဉ်းစားရခက်နေသည်။ အနှီလမ်းမတော်အမတ်ရွေးကောက်ပွဲ၌ မြန်မာတစ် မျိုးသားလုံး၏အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ အခြားတစ်ဘက်ကလည်း ကျွန်ုပ်နှင့် သိကျွမ်းသောမိတ်ဆွေ အော်မျိုးရှူးဖြစ်နေသည်။ အကယ်တန္တု ရွေးကောက်ပွဲဖြစ်ပါလေလျှင် ဧကန်ဧက တရုပ်မြန်မာချစ်ကြည်ရေး စိတ်ဝမ်းကွဲပေတော့မည်။ ယင်းကြောင့်လည်း ကျွန်ုပ်တို့အဖို့ အကြံရအိုက်နေလေသည်။

တရုပ်ပိုင်းဝယ်ရှိသော တရုပ်အမျိုးသားခေါင်းဆောင်များနှင့် လူကြီးလူကောင်းများကို ကျွန်ုပ်ဖိတ်ကြားကာ၊ အနှီဗိုလ်ချုပ်အောင်ဆန်းနှင့် အော်မျိုးရှူးတို့ ယှဉ်ပြိုင်၍ရွေးကောက်ပွဲဝင်သည့်ကိစ္စကို စည်းဝေးတိုင်ပင်လေသည်။ ကျွန်ုပ်၏သဘောထားအမှန်ကား အဘယ်နည်းနှင့်ဖြစ်စေ မြန်မာတစ်မျိုးသားလုံး၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မည်သူတစ်ဦးတစ်ယောက်မျှ ၀င်၍မယှဉ်ပြိုင်စေလိုပါ။ အကယ်၍ ယှဉ်ပြိုင်ပါလေလျှင်လည်း ရှုံးမည်သာများသည်။

ဤသဘောထားကို တရုပ်အမျိုးသားခေါင်းဆောင်များဖြင့် လူကြီးလူကောင်းများအား ကျွန်ုပ်က တင်ပြလေသောအခါ အများသဘောတူလက်ခံကြလေသည်။ ထို့ကြောင့် တရုပ်လူကြီးလူကောင်း အများဆန္ဒက အော်မျိုးရှူးနှင့်ဗိုလ်ချုပ်အောင်ဆန်းကို မယှဉ်ပြိုင်ပါရန် မေတ္တာရပ်ခံခဲ့ဖူး၏။ သို့သော် အော်မျိုးရှူးသည် လက်မခံခဲ့ပေ။

ယင်းကြောင့် ကျွန်ုပ်အဖို့ တမျိုးတဖုံအကြံထုတ်ရပြန်သည်။ ကျွန်ုပ်၏အိမ်နံဘေး အမှတ် ၇၄၈၊ မဟာဗန္ဒုလလမ်းတွင် လူချစ်လူခင်လွန်စွာများသော ပေါင်းတည်ဦးဘအုံးနှင့် လူ၏သားဦးထွန်းကြွယ် (ယခုအရောင်းအ၀ယ်ခွန်ဌာနလက်ထောက်မင်းကြီး)တို့ နေထိုင်ကြသည်။ ဤသူများနှင့်ကျွန်ုပ်သည်လည်း ရင်းနှီးသည်။ ပြီးနောက် ငါးခြောက်လုပ်ငန်းကိုလည်း စပ်တူလုပ်ကိုင်ခဲ့ဖူးလေသည်။ ပေါင်းတည်ဦးဘအုံး နေအိမ်သို့ ကွယ်လွန်သူဦးစိန်တိုင်(အရှေ့ပိုင်းတရားသူကြီး)သည် နေ့စဉ်နေ့တိုင်းဝင်ထွက်သွားလာနေသည်။

ထိုတရားသူကြီးဦးစိန်တိုင်နှင့် အော်မျိုးရှူးသည် အလွန့်အလွန်ရင်းနှီးကြောင်းကို ကျွန်ုပ်သည် သိနှင့်ထားသည်။ အလွန့်အလွန်အပြောရခက်သော အော်မျိုးရှူးကဲ့သို့သောပုဂ္ဂိုလ်မျိုးကို ဦးစိန်တိုင်ကဲ့သို့သော ပုဂ္ဂိုလ်မှနိုင်မည်ကိုလည်း သိနှင့်ထားပြီးဖြစ်၏။

ထို့ကြောင့် ကျွန်ုပ်သည် ပေါင်းတည်ဦးဘအုံးနှင့်ဦးစိန်တိုင်တို့ကို အော်မျိုးရှူးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ယှဉ်ပြိုင်ရွေးလျှင် တရုပ်မြန်မာချစ်ကြည်ရေးထိခိုက်လာနိုင်မည့်အကြောင်းအရာကို နားဝင်အောင်ပြောပြရလေ၏။

ဤဦးစိန်တိုင်၏ပြောပြမှုကြောင့် နောက်ဆုံးအော်မျိုးရှူးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ယှဉ်ပြိုင် အရွေးခံခြင်းမှ နှုတ်ထွက်လိုက်လေသည်။ ယင်းကြောင့် ယှဉ်ပြိုင်ဘက်မရှိ လမ်းမတော်အမတ်အဖြစ်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် အရွေးခံရလေသည်။ သို့ကလိုဖြစ်သည်ကို လူအများသိရှိကြသည်။

ဤသို့သောအခြေအနေမျိုးဖြစ်လာရလေအောင် ဖန်တီးသူကား မည်သူဖြစ်လေသနည်း။

No comments:

Post a Comment