Sunday, September 5, 2010

ဒေါ်မေမေခင်၏သေတ္တာ

ဒေါ်မေမေခင်၏သေတ္တာ

မြစ်ဝကျွန်းပေါ် ဖျာပုံမြို့မှာ မပြီးပြတ်သေးသည့် အရေးကြီးတဲ့ကိစ္စတစ်ခုဟာ ဗြန်ဟတ်ဘွေအသင်းကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းလာပြီးမိန့်ခွန်းပြောတာကို သတင်းစာအသီးသီးမှာ ဖတ်လိုက်ကြရတော့ အလိုလိုပြေရှင်းသွားပါသည်။ အကြောင်းရင်းကိစ္စကတော့ဒီလိုဖြစ်နေတာပါ။ လွန်ခဲ့သည့်အနှစ် ၂၀-ကျော်က ဟိုက်ကုတ်တရားလွှတ်တော်ချုပ်တွင် ၀န်ထောက်ဖြစ်ခဲ့သူ ပညာရှိ မြန်မာအမျိုးသမီးဒေါ်မေမေခင်နှင့် သူ၏အမေဒေါ်ချစ်ချစ်တို့သားအမိနှစ်ယောက်သည် စစ်ကိုင်းမှ ရန်ကုန်ကိုပြန်လာတဲ့အခါ၊ ချိ(ပ်)လမ်း ဦးဘ၀င်းနေအိမ်မှာတည်းနေကြပါသည်။
ကျွန်ုပ်ဟာလည်း သူတို့သားအမိနှစ်ဦးထံကိုသွားပြီး ““စစ်ကိုင်းမှပြန်လာတာ နေထိုင်ကောင်း မွန်ကြပါရဲ့လား””လို့မေးတယ်။ ဟိုစဉ်အခါတုန်းက ရန်ကုန်မြို့ဟာလည်း ဗုံးအများကြီးအချခံရတယ်။ သူ့အမေကလည်းအသက်ကြီးပြီ၊ သူကလည်းအပျိုကြီးဖြစ်တယ်။ အရေးအကြောင်းရှိလျှင်အားကိုး ရမည့်သူတစ်ယောက်မှမရှိပါဘူး။

သူတို့သားအမိနှစ်ယောက်က ကျွန်ုပ်ကိုမေးတယ်၊ ““ဦးစပ်စုဖျာပုံကိုလိုက်ပို့ပေးမလား၊ ၀န်စည်စလယ်ပစ္စည်းကတော်တော်များတယ်””လို့ ကျွန်ုပ်ကိုပြောတယ်။
ကျွန်ုပ်ကလည်း ကောင်းပါပြီလိုက်ပို့ပေးပါ့မယ်လို့ ပြန်ပြောလိုက်ပါသည်။
ကျွန်ုပ်ဟာ (ယခုနိုင်ငံတော်သစ်ထုတ်လုပ်ရေးအဖွဲ့ညွှန်ကြားရေးဝန်ဟောင်း)ဦးတင်ကြီးကို လမ်းမှာမတော်တဆ တစ်ခုခုဖြစ်လျှင်ဝိုင်းဝန်းကူညီစောင့်ရှောက်မှုရအောင်ခေါ်သွားတယ်။ ဦးတင်ကြီးကလည်း ကျွန်ုပ်နှင့်အတူ ပစ္စည်းဝန်စည်စလယ်များတော့ အပင်ပန်းခံ၍လိုက်ပို့ရှာပါသည်။ ပစ္စည်းတွေကို ဖျာပုံသင်္ဘောပေါ်အရောက်တင်ပေးပါသည်။ ဥသြကလည်းဆွဲတယ်၊ ဗုံးကလည်းချတယ်။ စက်သေနတ်တွေကလည်းပစ်တယ်။ လူကတော့သိပ်ဒုက္ခရောက်တာပါပဲ၊ ဘာမှတော့မဖြစ်ပါဘူး။
ဖျာပုံကို ညကြီးသန်းခေါင်လောက်ရောက်သွားပါတယ်။ ဖျာပုံကိုရောက်တော့ စိတ်မချမ်းသာ စရာအကြောင်း ၂-ခုပေါ်လာတယ်။ အကြောင်းတစ်ခုက ပစ္စည်းဝန်စည်စလယ်တွေထဲမှာ ဒေါ်မေမေခင်၏ အဖိုးတန်ပစ္စည်းတွေထည့်ထားသည့် သေတ္တာတစ်လုံးပျောက်ဆုံးနေတယ်။ သင်္ဘော တစ်ခုလုံးအပေါ်ထပ်အောက်ထပ် နှံ့စပ်အောင်ရှာဖွေပါသော်လည်း ဘယ်မှာမှမတွေ့ပါ။ သူတို့ သားအမိနှစ်ယောက်နှင့် ကျွန်ုပ်နဲ့ဦးတင်ကြီးတို့ပါ စိတ်မချမ်းသာမှုတွေနဲ့ တွေ့ရှိနေကြပါသည်။
ကျွန်ုပ်ကပြောဆိုလိုက်တယ်။ ““ဒါဖြင့်ကျွန်ုပ်ရန်ကုန်ကိုမြန်မြန်ပြန်မယ်၊ ဦးဘ၀င်းအိမ်မှာပဲ ကျန်ရစ်ခဲ့မယ်ထင်တယ်။ သို့မဟုတ် သင်္ဘောဆိပ်မှာ ဥသြဆွဲသည့်အခါ လူများဆွဲသွားသလား မပြောတတ်ဘူး၊ ကျွန်ုပ်ရန်ကုန်ကိုပြန်ပြီးတော့ စုံစမ်းပေးမယ်။ ခင်ဗျားတို့သားအမိ ၂-ယောက် ဘာမှစိတ်မပူကြနဲ့လို့ ပြောဆိုလိုက်တယ်။
ဒီတော့မှ သူတို့သားအမိနှစ်ယောက်ဟာ စိတ်နည်းနည်းပြေသွာကြပါသည်။ နောက်အကြောင်း တစ်ခုကတော့ အဲဒီအချိန်မှာပဲ ဖျာပုံဗြန်ဟတ်ဘွေအသင်း၏ လူကြီး ၂-ဦး၊ ၃-ဦးဟာ ကျွန်ုပ်ကို လာတွေ့တယ်။ ““ယခုဖျာပုံမှာ စိတ်မချမ်းသာစရာတွေဖြစ်နေပါပြီ။ ဖျာပုံမှာ အင်မတန်နာမည်ကြီးသည့် မြေပိုင်ရှင်ဦးအုန်းခင်ရဲ့စာရေးကြီး ကိုတင်ကြီးဆိုတဲ့လူဟာ ဖျာပုံမှာနေထိုင်သည့် တရုပ်အမျိုးသား ကိုပေါ်ငါးဆိုသူနှင့်ရန်ဖြစ်ကြတယ်။ အချို့ မသမာတဲ့သူများဟာ ဖျာပုံမှာတရုပ်မြန်မာရိုက်နေကြပြီလို့ မဟုတ်မဟတ်သတင်းတွေလွှင့်နေတယ်””ဆိုသည့် အကြောင်းကို ဖျာပုံဗြန်ဟတ်ဘွေအသင်းလူကြီးများက ကျွန်ုပ်ကိုလာပြောပြပါသည်။
ကျွန်ုပ်က မြေပိုင်ရှင်ဦးအုန်းခင်ထံသို့သွား၍ပြောပြပါသည်။ ““ဒီကိစ္စကိုအမြန်တားဆီးပါ၊ ကြီးကြီးကျယ်ကျယ်မဖြစ်ပါစေနှင့်”” နောက်ပြီးကျွန်ုပ်ဟာကိုတင်ကြီးထံကိုလည်း သွားပြောပါသေးတယ်။ ““ခင်ဗျားနှင့်ကျွန်တော်ဟာသူငယ်ချင်းပါ၊ ခင်ဗျားမိန်းမမကျင်စိန်ဟာလည်းတရုပ်အမျိုးသမီးဖြစ်ပါတယ်။ ခင်ဗျားခယ်မ မကျင်လှိုင်ဟာလည်း လူတကာနှင့်အဆင်ပြေအောင်ပြောဆိုတတ်သည့်အမျိုးသမီး ဖြစ်ပါတယ်””
ကျွန်ုပ်ကလည်း သူ့ကိုတစ်ဆင့်ထပ်ပြောပြတယ်။ ““ဒီကိစ္စဟာ ဘယ်သူမှအလွန်မဖြစ်ကြပါ စေနှင့်၊ ဖြန်ဖြေပြီးပြောပြပါ””လို့ ပြောဆိုထားခဲ့ပါတယ်။
နံနက်မိုးလင်းတော့ ကျွန်ုပ်ဟာ ဒေါ်မေမေခင်တို့သားအမိနှစ်ယောက် ပြည်ထဲရေးဝန်ကြီးကတော် ဒေါ်စောမိတို့နှင့်အတူ ကမ်းနားလမ်းဈေးဘက်မှာ တမင်တကာလူတွေမြင်အောင် သူတို့နှင့်အတူ ရောပြီးလမ်းလျှောက်နေတယ်။ ဒီတုန်းကကျွန်ုပ်ဟာ ပြည်ကြီးသားအ၀တ်အစားကိုဝတ်ဆင်ထားပါသည်။ ဖျာပုံဈေးသူဈေးသားနှင့် ဈေးဝယ်လာသူအားလုံးဟာ ဒီတရုပ်ဟာ ထိပ်သီးလူတွေဖြစ်သည့် ပြန်ထဲရေးဝန်ကြီးကတော် ဒေါ်စောမိ၊ ဟိုက်ကုတ်တရားလွှတ်တော်ဝန်ထောက်မ ဒေါ်မေမေခင်နှင့် တွဲပြီးသွားလာနေတာကို မြင်လိုက်ကြရတော့ မသမာကြားကဂုံးတိုက်နေကြသည့်လူတွေရဲ့စကားဟာ အလိုအလျှောက်ပပျောက်သွားတယ်။
ကျွန်ုပ်ကလည်း ဗြန်ဟတ်ဘွေအသင်းမှလူကြီးများကို နောက်ထပ်ပြောပြတယ်။ ““ကိုယ့်လူတွေကို သိမ်းဆည်းတားမြစ်ထားပါ၊ ရန်မဖြစ်ကြပါနှင့်၊ ကိုယ်အလွန်မဖြစ်ကြပါစေနှင့်””လို့ပြောဆိုပြီး ““ဒေါ်မေမေခင်ရဲ့ အင်မတန်အရေးကြီးသည့်သေတ္တာပျောက်နေလို့ ကျွန်ုပ်ရန်ကုန်ကိုပြန်ပြီးတော့ စုံစမ်းမေးမြန်းရဦးမယ်””လို့ပြောပြခဲ့တယ်။ ““နောက်ထပ်အမှုကိစ္စပေါ်လာလျှင်လည်း ကျွန်ုပ်ထပ်မံလာပြီး ရှင်းပေးပါဦးမည်””လို့ပြောတော့ ဖျာပုံဗြန်ဟတ်ဘွေအသင်း၏လူကြီးများဟာ စိတ်ကောင်းသွားကြပါတယ်။
ကျွန်ုပ်လည်းရန်ကုန်ကိုပြန်လာတယ်။ ကျွန်ုပ်ရန်ကုန်ကိုပြန်ရောက်သည့်အခါ ဒါရိုက် ချိ(ပ်)လမ်း ဦးဘ၀င်းအိမ်ကိုသွားတယ်။ ဦးဘ၀င်းအိမ်ကိုရောက်တော့ ဒေါ်မေမေခင်ရဲ့သေတ္တာကျန်ရစ်ခဲ့သည့် အကြောင်းကိုပြောပြတယ်။ သူတို့ဟာလည်း လိုက်ရှာတော့ ဦးဘ၀င်း၏အခန်းထဲမှာသွားတွေ့သည်။ ယုံကြည်စိတ်ချရသည့်သူကိုအပ်ပြီး ဒီသေတ္တာကိုထားခဲ့တယ်။ ကျွန်ုပ်စိတ်ထဲမှာလည်း အင်မတန်ဝမ်း သာသွားပါသည်။ ကျွန်ုပ်ဟာဖျာပုံကိုပြန်ပြီး ဒေါ်မေမေခင်တို့သားအမိနှစ်ယောက်ကိုသွားပြောလိုက်တယ်၊ သူတို့သားအမိနှစ်ဦးလည်း အင်မတန်ဝမ်းသာသွားကြပါတယ်။
ကျွန်ုပ်ဖျာပုံကိုရောက်သည့်အခါ ဖျာပုံမှာ ၃-၄ ရက်နေထိုင်ပါသည်။ (ယခုဟိုက်ကုတ် တရားလွှတ်တော်ချုပ် တရားသူကြီးဦးအောင်ခိုင်) ဟိုတုန်းကဖျာပုံခရိုင်ဝန် ဦးအောင်ခိုင်၊ ၎င်း၏ဇနီး ဒေါ်မြမြ၊ သူတို့နှစ်ဦးဟာ ကျွန်ုပ်တည်းခိုနေသည့် မြေပိုင်ရှင်ဦးခင်အိမ်ကို ခဏခဏလာကြပါသည်။ ကျွန်ုပ်နှင့်ကိုတင်ကြီးတို့လူစုအားလုံးဟာ မြေပိုင်ရှင်ဦးခင်အိမ်မှာ ပျော်ပျော်ရွှင်ရွှင်စားသောက်ကြပြီး ကျွန်ုပ်တို့တတွေ ပျော်ပျော်ပါးပါးနှင့်နေထိုင်လာခဲ့ကြတယ်။ ဒီတစ်ခေါက်ကျွန်ုပ်ဖျာပုံကိုပြန်ရောက်သည့် အခါမှာ စိတ်ညစ်စရာအကြောင်းတစ်ခုမျှမပေါ်ပေါက်ခဲ့ပါဘူး။ စိတ်ညစ်စရာအကြောင်းများလည်း အလိုလိုရှင်းသွားခဲ့ပါသည်။
ကျွန်ုပ်ဟာ ဂျပန်ခေတ်မှာလူကြီး ၃-နှစ်လုပ်ခဲ့တာဟာ ဒီလိုအလားတူကိစ္စအများအပြားကို ဖြေရှင်းပေးခဲ့ပါသည်။ ဒါတင်မကသေးပါဘူး၊ ချွေးတပ်အဆွဲခံရသည့်ပြဿနာတွေကိုလည်း ပြေလည်အောင် အလားတူဖြေရှင်းပေးခဲ့ပါတယ်။ ကျွန်ုပ်နေထိုင်သည့် တရုပ်တန်းအနောက်ရပ်ကွက် တစ်ခုလုံးကို ရပ်ကွက်ကောင်းစားအောင် အင်မတန်မှပင်ပန်းဆင်းရဲခံ၍ ကောင်းမွန်လာအောင်ပြုလုပ် ဆောင်ရွက်ပေးခဲ့ပါသည်။ နောက်ပြီး ရန်ကုန်အနောက်ပိုင်းတရုပ်တန်းရပ်ကွက်တစ်ခုလုံးမှာ ဗုံးကြဲလို့ သေကြေကြသည့်သူ၊ စက်သေနတ်ထိမှန်၍မသေပဲ ဒုက္ခရောက်ကြတဲ့သူတွေအားလုံးကို ဗြန်ဟတ်ဘွေအသင်းကြီးဥက္ကဋ္ဌပီကေချောင်း ကေဘိုတိုင်ဗိုလ်ချုပ်ဦးဗဆွေတို့နှင့်အတူဝိုင်းဝန်းပြီး ကူညီရှင်းလင်းပေးခဲ့ပါသေးတယ်။ ဂျပန်ခေတ်မှာအင်မတန်ရှားပါးလှသည့် ဆပ်ပြာ၊ သကြား၊ အ၀တ်အစား၊ အထည်အလိပ်များကို ဂျပန်ထံမှအခွင့်ကောင်းယူပြီးပေါင်းသင်း၍ အနောက်ပိုင်း တရုပ်တန်းရပ်ကွက်တစ်ခုလုံးကို တစ်အိမ်မကျန်လိုက်လံပြီးဝေငှဖြန့်ချိပေးခဲ့ပါသည်။

No comments:

Post a Comment