Sunday, September 5, 2010

ဦးစပ်စုနှင့်ဆရာမများ

ဦးစပ်စုနှင့်ဆရာမများ

ကော်မရှင်နာလမ်း(ယခုဗိုလ်ချုပ်လမ်း) ဆေးရုံကြီးနှင့်မျက်နှာချင်းဆိုင်အဆောက်အဦကို ဟိုတုန်းက ဆရာဖြစ်သင်ကောလိပ်ဖွင့်ထားပါသည်။ ဆရာဖြစ်သင်ကောလိပ်မှာ ကျောင်းအုပ်ဆရာကြီးက ဦးဘ(ယခုပညာမင်းကြီး)နှင့် ကျောင်းဆရာဦးအောင်ကြီး၊ ဆရာမဒေါ်အေးကြည်၊ ဒေါ်ရီရီ၊ ဆရာမ မခင်မူ၊ မ၀င်းမေတို့ကကျွန်ုပ်ကိုလာပြောပါသည်။ ကျွန်ုပ်တို့ကျောင်းမှာ လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်ထားပါသည်။ ဆရာကြီး၊ ဆရာမများနှင့်ကျောင်းသူကျောင်းသားများသောက်ဖို့ သကြား၊ ဆပ်ပြာ၊ လဖက်ခြောက်၊ အ၀တ်အစားများပါလာရောက်ပြီး ဖြန့်ချီပေးပါလို့ကျွန်ုပ်ကိုလာပြောတယ်။ ကျွန်ုပ်က စဉ်းစားကြည့်တယ်။ သူတို့လာပြောသည့်နေရာဟာ ကျွန်ုပ်ရပ်ကွက်မဟုတ်ပါဘူး၊ သို့အတွက် ကျွန်ုပ်ကလည်း တတ်နိုင်သလောက်ကူညီကြိုးစားပေးပါ့မယ်လို့ပြောဆိုလိုက်ပါတယ်။

နောက်တစ်နေ့ကျတော့ ကျွန်ုပ်ဟာ ဆရာမ ၄-၅ ဦးကိုချိန်းပြီး ဒေါ်အေးကြည်၊ ဒေါ်ဝင်းမေ၊ ဒေါ်ခင်မူ၊ ဒေါ်ရီရီတို့နှင့်အတူ ကင်းဘဲလမ်းရှိသကြားဦးဘစိန်နေအိမ်ကိုသွားပြီးတော့ အကူညီအကြံဉာဏ်ကိုတောင်းကြပါတယ်။ သကြားဦးဘစိန်ကလည်းစိတ်ကောင်းရှိပါသည်။ အကူအညီပေး၍ တာမွေလမ်းနံပါတ် ၈-ရှိ ဂျပန်ကွန်ကိုးကို ချက်ချင်းထောက်ခံစာရေးပေးလိုက်တယ်။ ကျွန်ုပ်တို့ဟာ သကြားဦးဘစိန်ရေးပေးလိုက်သည့်စာကိုယူပြီး၊ တာမွေလမ်း နံပါတ် ၈-ရှိ ဂျပန်ကွန် ကိုးကိုသွားတယ်။ ဂျပန်ကွန်ကိုးကိုရောက်တော့ ဂျပန်အရာရှိ မာစူတ၊ နာကလို၊ မာစူကောမ၊ သူတို့ ၃-ဦးကို တစ်ဦးစီတစ်ဦးစီသွားတွေ့တယ်။ သူတို့သုံးဦးဟာလည်း ကျွန်ုပ်၏ထမင်းစားပွဲကို ခဏခဏလာသည့်အတွက်ကြောင့် ကျွန်ုပ်နှင့် မိတ်ဆွေတွေဖြစ်နေတယ်။ နောက်ပြီးကျွန်ုပ်နှင့်အတူ ပါသွားသည့်ဆရာမတွေထဲမှာ ဆရာမတစ်ဦးဟာ နာမည်က မာရီမခင်မူလို့ခေါ်တယ်၊ ဒီဆရာမဟာ မျက်နှာလည်းအားကြီးချိုတယ်။ စကားပြောလည်းအင်မတန်ကောင်းတယ်။
ဆရာမတစ်စုကို ဂျပန်အရာရှိများကလည်း နည်းနည်းပါးပါးမေးကြည့်တယ်။ ကျောင်းဆရာမ ၄-၅ ဦးကလည်းဝိုင်းဝန်းပြီးဖြေရှင်းပြပါသည်။ ကျောင်းဆရာကြီးကျောင်းဆရာမတွေနှင့် ကျောင်းသူကျောင်းသားများဟာ လဖက်ရည်သောက်ဖို့သကြားအတွက်အင်မတန်မှ အခက်အခဲတွေ့ နေရပါ၍ ယခုလိုအကူအညီလာပြီးတော့တောင်းတာပါလို့ရှင်းလင်းပြောဆိုလိုက်ကြတယ်။ ဂျပန်အရာရှိ များကလည်းဆရာမများ ၀ိုင်းဝန်းရှင်းပြတာကိုသဘောပေါက်နားလည်၍ ချက်ချင်း ရာရှင်ကတ်ကို ထုတ်ပေးပြီး လစဉ်သကြားအချိန်ပိဿာ၆၀-ကို အမြဲထုတ်ပေးဖို့လက်မှတ်ရေးထိုးပေးလိုက်သည်။ ဒါတွင်မကသေးဘူး ဂျပန်ကွန်ကိုးမှာရှိသည့် ဆပ်ပြာ၊ အ၀တ်အစား၊ အထည်အလိပ်များနှင့် အခြားအသုံးအဆောင်များကိုလည်းရရှိဖို့ တစ်ခါတည်းလက်မှတ်ထုတ်ပေးလိုက်ပါသည်။
ကျွန်ုပ်နှင့်ဆရာမတစ်စုဟာချက်ချင်း သကြား၊ လဖက်ခြောက်တို့ကိုရရှိလာပြီးသည့်အခါ ကျောင်းဝင်းတံခါးဝနားမှာတစ်ခါတည်းလဖက်ရည်ဆိုင်ဖွင့်လိုက်တယ်။ ကျွန်ုပ်ကလည်းသွားရောက်ပြီး အစီအစဉ်အားလုံးကိုလုပ်ပေးခဲ့တယ်။ ဒီတော့ဆရာဖြစ်သင်ကောလိပ်မှာ လဖက်ရည်ဆိုင်ဖြစ်လာခဲ့တယ်။ ဒီလဖက်ရည်ဆိုင်ကိုလည်း စပ်စုလဖက်ရည်ဆိုင်ဖြစ်နေပြီလို့ပြောဆိုကြပြီး၊ အားလုံးဟာ ကျွန်ုပ်ကို ၀ိုင်းဝန်း၍ကျေးဇူးအများကြီးတင်ကြပါသည်။
အားလုံးရှိကြသည့်ဆရာဆရာမတွေထဲမှာ မျက်နှာချိုချိုရှိတဲ့ မာရီခေါ် မခင်မူနှင့် မ၀င်းမေလို့ ခေါ်သည့်ဆရာမ ၂-ဦးဟာ ကျွန်ုပ်နှင့်အင်မတန်ချစ်ခင်ရင်းနှီးမှုရှိပြီး၊ အခြားဆရာမတွေထက် ပိုပြီး နီးစပ်ပါတယ်။ ဒီဆရာမနှစ်ယောက်ဟာ အင်မတန်မှရယ်စရာမောစရာများလည်းပြောကြတယ်။ ပြောင်လည်းပြောင်တတ်ကြတယ်။ နောက်လည်းနောက်တတ်တယ်။
““ဦးစပ်စုဟာ ကျောင်းဝင်းထဲမှ ဒီလိုလဖက်ရည်ဆိုင်ဖွင့်ဖြစ်လာအောင်အကူအညီပေးတာဟာ အများကြီးကျေးဇူးတင်ပါသည်။ တစ်ကြိမ်ကျေးဇူးတင်တာတင်မကသေးပါဘူး။ ဒုတိယမြောက် နှစ်ကြိမ် ကျေးဇူးတင်ခံရအောင်၊ ဦးစပ်စုဟာ ဟော်တယ်ဖွင့်ထားတော့ကျောင်းမှာလာပြီး၊ တရုပ်ဟင်းကောင်း မျိုးစုံနှင့်ကျွေးမွေးပါဦး””လို့ပြောတယ်။
သူတို့ကပြောတော့ ကျွန်ုပ်ဟာ ချက်ချင်းဟော်တယ်ကိုပြန်လာပြီး အိုးသူကြီးကိုပြောတယ်။ ““ယနေ့ညနေ ၆-နာရီမှာ ဆေးရုံကြီးနှင့်မျက်နှာချင်းဆိုင်ရှိ ဆရာဖြစ်သင်ကောလိပ်မှာ ဆရာဆရာမ ၁၄-၅ဦးကို ထမင်းကျွေးမွေးဧည့်ခံရမယ်။ စားပွဲကုလားထိုင် စုံစုံလင်လင်ယူခဲ့ပြီး၊ ကောင်းမွန်စွာချက် ပြုတ်ဖို့””ကိုမှာထားပြောဆိုခဲ့တယ်။ ကျွန်ုပ်မှာထားပြောဆိုခဲ့သည့်အတိုင်း စားပွဲ၊ ကုလားထိုင်၊ တရုပ်ဟင်းလျာစုံစုံလင်လင်နှင့် ညနေ ၆-နာရီလောက်အချိန်မှာရောက်ရှိလာပြီး ဆရာမ ၁၂-ဦးနှင့်ကျွန်ုပ်ဟာ ထမင်းစားပွဲမှာပျော်ပျော်ရွှင်ရွှင် ရီရီမောမောနဲ့စားသောက်ကြတယ်။
အဲဒီလိုစားသောက်ကြပြီး ဆရာမတွေဟာလည်း မတ်တတ်ရပ်၍ကျွန်ုပ်ကို ကျေးဇူးတင် မိန့်ခွန်းစကားပြောကြားတယ်၊ ဆရာမတွေပြောဆိုပြီး ကျွန်ုပ်ကလည်း မတ်တတ်ရပ်၍ ““ကျွန်ုပ်ဟာ ဆရာမတွေကို ဒီလိုချစ်ချစ်ခင်ခင်နှင့် လာတွေ့ရတာ အင်မတန်မှနောက်ကျနေပါပြီလို့ထင်မိပါတယ်””လို့ ပြန်ပြီးပြောဆိုလိုက်တယ်။ ဆရာမမခင်မူဟာ ထမင်းစားပွဲမှာ ပျော်ပျော်ရွှင်ရွှင်နှင့် အင်္ဂလိပ်သီချင်း၊ ကုလားသီချင်း၊ ဗမာသီချင်းအမျိုးစုံကိုဆိုပြပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ ရီရီမောမောနှင့် အင်မတန်မှ ပျော်ရွှင်နေကြပါသည်။
ကျွန်ုပ်ကပြန်ပြောတယ်။ ““ဆရာမတွေနှင့်ကျွန်ုပ်ဟာလာပြီးတော့တွေ့ဆုံရတာဟာ ဘာနှင့်အလားသဏ္ဍာန်တူသလဲဆိုတော့ ပင့်ကူအိမ်မှာယင်ကောင်နားလိုက်သလိုပါပဲ။ ယင်ကောင်ဟာ ဘယ်လိုရုန်းရုန်း ထွက်ခွာလို့မရသလို ကျွန်ုပ်နှင့်ဆရာမတွေချစ်ခင်မှုဟာလည်း ထိုနည်းအတိုင်း ခွဲခွာလို့မရပဲ အမြဲတမ်းနီးကပ်နေမှာပါပဲ။ ကျွန်ုပ်နှင့်ဆရာမတွေဟာတစ်ဦးကိုတစ်ဦးချစ်ခင်ကြတယ်။ မေတ္တာရှိကြတယ်ဆိုတာ ယခုလိုကျွန်ုပ် ဟင်းလျာကောင်းမျိုးစုံနှင့်လာကျွေးတာဟာ ကောင်းမွန်လှ ပေမယ့် တန်ဖိုးကိုဖြတ်လို့ရပါသေးတယ်။ ကျွန်ုပ်နှင့်ဆရာမတွေထားရှိကြသည့် ချစ်ခင်တဲ့မေတ္တာဟာ တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။ နောက်ပြီးကျောက်တောင်ပိုးထိ၊ ပင်လယ်ရေခမ်းဆိုသလို ဘယ်တော့မှ ဆရာမတွေနှင့်ကျွန်ုပ်ဟာ ခင်မင်မှုမပြယ်ပါဘူး””လို့ ကျွန်ုပ်ကပြောဆိုလိုက်သည့်အခါမှာ ဆရာမတွေက ကျွန်ုပ်ဟာပြည်ကြီးသားဖြစ်ပေမယ့် ခေတ်ဟောင်းရာဇ၀င်ကိုပါတော်တော်နားလည်တယ်ဆိုပြီး ပိုခင်မင်၍ အားလုံးက၀ိုင်းဝန်းပြီးကျွန်ုပ်ကို လက်ခုပ်တီးကောင်းချီးသြဘာပေးကြတယ်။
ဆရာမတွေနှင့်ကျွန်ုပ်လာတွေ့ရခြင်းဟာ လူကဖန်တီး၍လာတွေ့ရခြင်းမဟုတ်ပါ။ ဘုရားက ဖန်တီး၍လွှတ်လိုက်လို့သာ ကျွန်ုပ်နှင့်ဆရာမတွေလာတွေ့ရခြင်းဖြစ်ပါတယ်လို့ ကျွန်ုပ်၏စိတ်ထဲမှာ အောက်မေ့ယူဆပါတယ်။ ဆရာမတွေနှင့်ကျွန်ုပ် တစ်ဦးကိုတစ်ဦးစကားပြောကောင်း၍ နှစ်သက်ကျေနပ် နေကြသည့်အတွက် မိုးချုပ်မှန်းမသိမိုးချုပ်၍အိပ်ချင်သည့်မျက်လုံးလည်းမရှိသည့်အပြင် သန်းခေါင်လောက်ကျမှ ကျွန်ုပ်ကဆရာမတွေကိုပြန်ဖို့ခွင့်တောင်းလိုက်ပါတယ်။ ကျွန်ုပ်ကဒီလိုခွင့်တောင်း လိုက်သည့်အခါမှာ ဆရာမတွေဟာ မိုးလည်းအတော်ချုပ်နေပြီ၊ လမ်းမီးကလည်းမရှိဘူး။ မှောင်မှောင် မဲမဲထဲမှာ တစ်ယောက်ထည်းပြန်လို့မဖြစ်ပါဘူး။ သူတို့အားလုံးဟာ ကျွန်ုပ်ကိုလိုက်ပို့မယ်လို့ ပြောဆိုနေကြပါတယ်။
ကျွန်ုပ်ပြန်ပြီးတောင်းပန်တယ်။ ကိစ္စမရှိပါဘူး၊ ကျွန်ုပ်တစ်ယောက်ထည်းပြန်ရဲပါတယ်””လို့ ပြောလိုက်တယ်။ ဆရာမတွေကလည်း ကျွန်ုပ်ပြောတာ၊ တောင်းပန်တာကိုမရဘူး၊ သူတို့ကအတင်းပဲ ကျွန်ုပ်ကိုလိုက်ပို့မယ်ဆိုတာကိုပဲပြောနေကြတယ်။ နောက်ဆုံးတော့ ကျွန်ုပ်ဟာဆရာမတွေကို တောင်းပန်လို့မရတော့ပဲ သူတို့ဟာအတင်းလိုက်ပို့ကြတယ်။
ဆရာမတွေဟာ ကျွန်ုပ်ကိုအလယ်ကထားပြီး၊ ဘယ်က ၄-၅ယောက်၊ ညာက ၄-၅ယောက်၊ ရှေ့ကနောက်က၀ိုင်းဝန်းခြံရံပြီးလိုက်ပို့ကြတယ်။ ကျွန်ုပ်ကလည်း ဘယ်ဘက်လှည့်စကားပြောလိုက်၊ ညာဘက်လှည့်စကားပြောလိုက်၊ ရှေ့ကိုပြောလိုက်၊ နောက်ကိုပြောလိုက်နှင့် သူတို့နှင့်အတူ ကျွန်ုပ်၏ အိမ်ရှိရာသို့ လျှောက်လာခဲ့ကြသည်။ ကျွန်ုပ်၏စိတ်ထဲမှာ ကျွန်ုပ်ဟာ ဟိုဘ၀က ဘာကုသိုလ်များ ပြုခဲ့လို့ ယခုလိုဆရာမများဝိုင်းရံပြီး ကျွန်ုပ်ကိုလိုက်ပို့ကြပါလိမ့်မလဲလို့တွေးပြီး အတော်ကိုပဲ ၀မ်းသာပြီး စဉ်းစားနေမိပါတယ်။
အဲဒီလိုစိတ်ထဲမှာစဉ်းစားရင်း ဆရာမတွေနှင့် စကားတပြောပြောနဲ့ကျွန်ုပ်ဟာလျှောက်လာခဲ့ရာ လမ်းတစ်ဝက် သရက်တောကျောင်းတိုက်အနီးသို့ရောက်သောအခါ ရန်သူလေယာဉ်ပျံလာ၍ ဥသြသံ ပေးလိုက်ပါတယ်။ ကျွန်ုပ်နှင့်ဆရာမတစ်စုဟာလည်း မှောင်ရိပ်ထဲမှာဝင်ရောက်၍ ၀ိုင်းဝန်းပြီး ရပ်နေကြတယ်။ ရန်သူလေယာဉ်ပျံလာ၍ဥသြသံပေးပေမယ့် ကျွန်ုပ်တို့ဟာ နည်းနည်းကလေးမှ မကြောက်မိပါဘူး။ ရန်သူလေယာဉ်ပျံကိုအောက်ကနေဆလိုက်မီးနှင့်ထိုးရှာတယ်။ ဆလိုက်မီးထဲမှာ ရန်သူလေယာဉ်ပျံတွေကိုတွေ့တာတွေကို ကျွန်ုပ်နှင့်ဆရာမတွေဟာ မကြောက်မရွံပဲမှောင်ရိပ်ထဲကနေ ၀ိုင်းကြည့်နေကြပါတယ်။ ကျွန်ုပ်စိတ်ထဲမှာအောက်မေ့တယ်။ ဘာမှကြောက်စရာမရှိဘူး။ ဆရာမတွေ အနားမှာရှိတာပဲလို့အောက်မေ့ပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နှင့် နည်းနည်းကလေးမှမကြောက်ကြပဲ ရီရီမောမောနှင့်စကားပြောဆိုနေကြပါသည်။ နောက်မိနစ် ၂၀-လောက်ကြာတော့ ရန်သူလေယာဉ်ပျံ ဘေးကအေးပြီဆိုသည့်အကြောင်းကို ဥသြသံပေးလိုက်ပါသည်။ ဥသြသံပေးပြီးမှ ကျွန်ုပ်တို့ဟာ ဆက်ပြီးအိမ်ရှိရာသို့လျှောက်ခဲ့ကြပါတယ်။
သူတို့တတွေဟာ ကျွန်ုပ်ကို အိမ်အရောက်အထိလိုက်ပို့ကြတယ်။ သူတို့တတွေဟာလည်း ကျွန်ုပ်၏အိမ်မှာ ၁၅-မိနစ်လောက်ထိုင်၍စကားပြောဆိုကြပြီးပြန်သွားကြပါတယ်။ ကျွန်ုပ်တို့ဟာ လည်းသူတို့တတွေကိုစိတ်မချသည့်အတွက် ကျုံးကြီးလမ်းထိပ်အထိလိုက်ပို့ပြန်တယ်။ ကျုံးကြီးလမ်းထိပ် ရောက်တော့ ဆရာမတွေဟာ ကျွန်ုပ်ကို တစ်ဖန်ပြန်၍လိုက်ပို့ပါဦးမည်ဟုပြောနေပြန်သောကြောင့် ကျွန်ုပ်ဟာ ဆရာမတွေကို အတင်းတောင်းပန်ပြီးအိမ်ကိုပြန်ခဲ့ရပါသည်။
ဆရာမမာရီခေါ် မခင်မူဟာ အင်မတန်မှပျော်ရွှင်တတ်၊ နောက်တတ်ပါတယ်။ ကျွန်ုပ်ကို ပြောပြန်တယ်။ ““ဦးစပ်စုကို တတိယမြောက်ကျေးဇူးတင်ခံရအောင် ထပ်မံပြီးထမင်းစားဧည့်ခံ ကျွေးမွေးပါဦး””လို့ ပြောနေပြန်တယ်။ ““ဟိုတစ်နေ့တုန်းကကျွေးမွေးတာဟာ ကောင်းမွန်လှပါတယ်၊ ၂-ကြိမ်လည်းကျေးဇူးတင်ပြီးပါပြီ၊ ယခု ၃-ကြိမ်မြောက်ကျေးဇူးတင်ခံရအောင် ထပ်မံပြီးကျွေးမွေးဧည့် ခံပါဦး””လို့ပြောတယ်။ ““ဟိုတစ်နေ့ညကကျွေးတာမွေးတာဟာ ကောင်းမွန်လှပေမယ့် အေးနေတော့ သိပ်ပြီးအရသာမရှိလှပါဘူး၊ တရုပ်ဟင်းလျာတွေဟာ ပူပူနွေးနွေးစားမှ သိပ်အရသာရှိတယ်၊ ပိုပြီးတော့ ကောင်းတယ်။ မီးဖိုပေါ်မှချလျှင်ချချင်း စားရလေ၊ ပိုပြီးကောင်းပြီပဲ။ ဦးစပ်စုဟော်တယ်ဟာ နေရာထိုင်ခင်းလည်းကောင်းတယ်။ သန့်လည်းသန့်ရှင်းတယ်။ ကျယ်လည်းကျယ်သည့်အတွက်ကြောင့် ဒီတစ်ခါဦးစပ်စု ထမင်းကျွေးဧည့်ခံရင်၊ ကျောင်းဆရာကြီးဦးဘ၊ ဆရာကြီးဦးအောင်ကြီးနှင့် ကျောင်းဆရာမ ၁၀-ဦးလောက်ကိုလည်းခေါ်မယ်။ နောက်ပြီး သူ့ဖခင်ဦးပန်းအောင်ကိုလည်း ခေါ်မယ်လို့ပြောတယ်။
အဲဒီတော့ကျွန်ုပ်ကလည်း ကောင်းပါပြီဆိုပြီး၊ နောက်တစ်ခါထပ်မံဧည့်ခံ၍ ဟော်တယ်မှာကျွေး မွေးလိုက်တယ်။ အားလုံးပဲ ကြွရောက်လာကြသည့်သူများဟာ ပျော်ပျော်ပါးပါးရယ်ရယ်မောမောနှင့် စားကြသောက်ကြပါတယ်။ ““ဟိုတစ်ခါကကျွေးမွေးတာဟာ ကျောင်းကိုယူသွားရတော့ အေးနေလို့ သိပ်ပြီးအရသာမတွေ့ပေမယ့်၊ အခုတစ်ခါမှာတော့ နေရာထိုင်ခင်းကလည်းကောင်းတယ်။ တရုပ်ဟင်းလျာ မျိုးစုံကလည်း မီးဖိုပေါ်မှချလျှင်ချချင်း စားကြသောက်ကြရပါသောကြောင့် ပိုပြီးတော့ အရသာရှိလှပါတယ်””လို့ ပြောဆိုကြတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်တုန်းကလိုပါပဲ ယခု တတိယအကြိမ်မြောက်မှာလည်း ပျော်ရွှင်စွာစားသောက်ကြပြီး ကျွန်ုပ်ကိုအထူးကျေးဇူးတင်ပါတယ်လို့ ပြောဆို၍ ပျော်ပျော်ရွှင်ရွှင်နှင့်ပြန်သွားကြပါသည်။
နောက်ပြီးတော့ ဆရာမမခင်မူကကျွန်ုပ်ကိုပြောတယ်။ သူဟာ စမ်းချောင်းဖျာပုံလမ်း အိမ်နံပါတ် ၁ မှာနေပါတယ်။ သူ့အဒေါ်လည်းရှိတယ်၊ သူ့အဖေလည်းရှိတယ်။ အိမ်ကိုအလည်လာပါလို့ခေါ်တယ်။ ဒါနဲ့ကျွန်ုပ်ကလည်း သူနှင့်အတူအိမ်ကိုအလည်လိုက်သွားတယ်။ သူ့အိမ်ရောက်တော့ သူတို့ဆွေမျိုး သားချင်းတစ်စုနှင့်မိတ်ဆက်ပေးတယ်။ ဒါတင်မကသေးပါဘူး။ သူတို့လမ်းထဲမှာရှိသည့် ဆရာမအားလုံးနှင့်မိတ်ဆက်ပေးတယ်။ ကျွန်ုပ်ကိုလည်းကောင်းကောင်းမွန်မွန်ဧည့်ခံတယ်။ နောက်ပြီး ကျွန်ုပ်ကိုလည်း သူတို့အိမ်မှာ ထမင်းစားဧည့်ခံကျွေးမွေးပါတယ်။ ကျွန်ုပ်ကလည်း ကျွန်ုပ်အားဧည့်ခံကျွေးမွေးသည့်ထမင်းကို ပျော်ပျော်ရွှင်ရွှင်နှင့်စားသောက်ပါတယ်။ ကျွန်ုပ်ကလည်း ဆရာမမခင်မူအားတဖန်ကျေးဇူးတင်ကြောင်းပြန်လည်ပြောဆိုပြီး ကျွန်ုပ်ဟာပြန်လာခဲ့ပါသည်။
ကျွန်ုပ်မှာလည်း အနောက်ပိုင်းတရုပ်တန်းရပ်ကွက်ရှိ လဖက်ရည်ဆိုင်နှင့် အိမ်တိုင်းအား ပေးရသော သကြားအေးဂျင်းစာရင်းကို လစဉ်ဂျပန်ကွန်ကိုးကိုပေးရပါသည်။ ကျွန်ုပ်၏စာရေးကြီးမှာလည်း အလုပ်ကများလွန်းလှပါ၍ သကြားအေးဂျင်းစာရင်းမှာ မပြီးပြတ်ဖြစ်နေပါသည်။ ကျွန်ုပ်ဟာ သတိရပြီး ဆရာမမခင်မူထံကိုသွား၍ ကျွန်ုပ်၏ရပ်ကွက်လဖက်ရည်ဆိုင်နှင့် အိမ်တိုင်းအားသကြားပေးရသော စာရင်းဟာ ကျွန်ုပ်၏အရေးကြီးအလုပ်များနေ၍ မပြီးပြတ်ပါသောကြောင့် ကျွန်ုပ်အား ဒီစာရင်းကို ကူညီလုပ်ကိုင်ပေးနိုင်၊ မပေးနိုင်ဆိုသည့်အကြောင်းကို ဆရာမမခင်မူအား တိုင်ပင်ပြောပြအကူအညီ တောင်းသည့်အခါ ဆရာမမခင်မူဟာလည်း တာဝန်ယူလုပ်ကိုင်ပေးနိုင်တယ်လို့ပြောတယ်။ ကျွန်ုပ်၏စိတ်ထဲမှာလည်း ၀မ်းသာသွားတယ်။ ဆရာမမခင်မူနှင့်လည်း ပိုမိုချစ်ခင်ရင်းနှီးပြီး၊ အိမ်ထဲမှာ နေထိုင်သည့် ညီအစ်ကိုမောင်နှမလိုဖြစ်သွားကြပါတယ်။ ကျွန်ုပ်ကပြောတယ်။ ဆရာမ မခင်မူက စာနှင့်လိုက်ရေးတယ်။ သူရေးခဲ့သည့် စာရင်းကော်ပီစာရွက်တွေဟာ ကျွန်ုပ်မှာယခုထက်တိုင် ရှိပါသေးသည်။
ကျွန်ုပ်၏သူငယ်ချင်းတစ်ဦးဟာ ပီနံမှကတ္တူနှင့်ရန်ကုန်သို့လာတယ်။ ရန်ကုန်ကိုရောက်တော့ ကျွန်ုပ်၏သူငယ်ချင်းဟာ ကျွန်ုပ်ထံကိုလာလည်သည့်အခါမှာ ဟိုတုန်းကသိပ်ပြီး အဖိုးတန်သည့် ပတ်ကားဖေါင်တိန် အနီရောင်တစ်ချောင်းနှင့် အစိမ်းရောင်တစ်ချောင်း ဖေါင်တိန်နှစ်ချောင်းကို ကျွန်ုပ်အား လက်ဆောင်ပေးတယ်။ ဆရာမမခင်မူဟာ ကျွန်ုပ်၏စာရင်းတွေကို မှတ်ချက်ရေးပေးကူညီနေတဲ့သူ တစ်ဦးဆိုတော့ မခင်မူကိုဒီဖေါင်တိန်၂-ချောင်းထဲက ကြိုက်ရာတစ်ချောင်းယူလို့ပေးလိုက်တယ်။ ဆရာမမခင်မူဟာလည်း ပတ်ကားဖေါင်တိန်အနီရောင်တစ်ချောင်းကိုယူသွားတယ်။ ဆရာမမခင်မူ ဟာလည်း သူကိုယ်တိုင်ထိုးထားတဲ့ မာဖလာလည်ပတ်ကိုကျွန်ုပ်အားလက်ဆောင်ပြန်ပေးပါတယ်။ တစ်ဦးနှင့်တစ်ဦးဟာ ဒီပစ္စည်းလေးတွေကိုတွေ့လိုက်မြင်လိုက်ကြတာနှင့်တစ်ပြိုင်နက် လူချင်းမတွေ့ ရသော်လည်း ဒီပစ္စည်းလေးတွေပေါ်မှာ မျက်နှာကလေးတွေလာပေါ်သလိုဖြစ်နေပါသည်။
ကျွန်ုပ်ကလည်း သူ့အိမ်မှာလိုသမျှပစ္စည်းအားလုံး သိရှိတာနှင့်တပြိုင်နက် (ဥပမာ- ဆန်မရှိဘူး၊ ဆီမရှိဘူး၊ ထင်းမရှိဘူးဆိုတာနဲ့) ကျွန်ုပ်၏တပည့်တစ်ယောက်ကို ဗားကရာတရုပ်ဆိုင်မှာ ချက်ခြင်း စာရေးပေးပြီး ကြည့်မြင်တိုင်စမ်းချောင်း ဖျာပုံလမ်း နံပါတ် ၁-ကို အမြန်သွားပေးဖို့မှာလိုက်တယ်။ ဟိုတုန်းက အ၀တ်အထည်အင်မတန်ရှားပါးသော်လည်း မခင်မူလိုချင်သည့်အထည်ပစ္စည်းကို မရမက ရှာဖွေပြီးကျွန်ုပ်က၀ယ်ပေးတယ်။ ဆရာမမခင်မူစားချင်သည့် တရုပ်အစားအစာများကိုလည်းဝယ်လာပြီး သူ့အိမ်မှာပဲချက်ပြုတ်ပြီးအတူတူစားကြတယ်။ ဒီလိုနှင့်နေလာခဲ့ကြတာဟာ ၂လ ၃-လလောက်ကြာ လာခဲ့ပါတယ်။
ဒီတုန်းကကျွန်ုပ်ဟာ သာစည်ဘူတာကိုရောက်နေတာနှင့်တူနေပြီ။ ညာဘက်ကိုသွားရင် ရှမ်းပြည်တောင်ပိုင်း၊ ကလော၊ ညောင်ရွှေ၊ ဟဲဟိုးကိုရောက်မယ်။ ဘယ်ဘက်သွားလျှင်မိတ္ထီလာ၊ တောင်သာ၊ မလှိုင်၊ မြင်းခြံကိုရောက်မယ်။ တည့်တည့်သွားရင်မန္တလေးကိုရောက်မယ့်ဘ၀ဖြစ်နေတယ်။ နောက်ပြီးဘာနဲ့တူသေးသလဲဆိုတော့ တောင်ပေါ်မှာမြင်းစီးသည့်သူဟာ တောင်ကြားကိုရောက်ရင် မြင်းဇက်ကြိုးကိုတင်းတင်းဆွဲ၍ သတိမလစ်ဖို့အင်မတန်မှလိုတယ်။ သတိလစ်လျှင်မြင်းပေါ်မှ တောင်အောက်ကိုကျသွားဖို့ပဲရှိမယ်။ နောက်တစ်ခုက သမ္ဗန်ကိုစီးသွားသည့်အခါကျလျှင် ပင်လယ်ဝကို ရောက်တော့ သမ္ဗန်ကို ဒီဘက်ချက်ချင်းပြန်လှည့်နိုင်ဖို့လိုပါသည်။ အကယ်၍အစွမ်းသတ္တိမရှိပဲ သမ္ဗန်ကို ပြန်မလှည့်နိုင်လျှင် သမ္ဗန်ဟာပင်လယ်ထဲမျောသွားဖို့ပဲရှိမယ်။
ဟိုတန်းကဆရာမမခင်မူဟာ အသက်၂၀-ကျော်ပါပြီ။ သူ့ကိုယ်သူလည်းထိန်းသိမ်းထားနိုင်သည့် အရွယ်ရောက်နေပါပြီ။ သူဟာမျက်နှာကလည်းချိုတယ်။ စကားပြောလည်းကောင်းတယ်။ ပျော်တတ်၊ ရွှင်တတ်၊ နောက်တတ်၊ ပြောင်တတ်တယ်။
တရုပ်စကားပုံတစ်ခုရှိတယ်။ မျက်နှာကနှင်းဆီပန်းလိုလှတယ်။ စိတ်ကတော့ရေခဲလိုနှင်းခဲလို အေးတယ်။ ဒီလိုအမျိုးသမီးဟာ မခင်မူနှင့်သိပ်ပြီးတော့တူတယ်။ မခင်မူဟာစကားပြောချိုသလောက် စိတ်ကအင်မတန်တည်တယ်။ ကျွန်ုပ်ဟာလည်း မြန်မာပြည်တစ်ပြည်လုံးကို နှံ့စပ်ခဲ့သူတစ်ဦးဖြစ်နေတော့ ဒီအမျိုးသမီးမခင်မူဟာ ရိုးရိုးကာလသားအမျိုးသမီးတွေနဲ့မတူပါဘူး။ နေတာထိုင်တာဟာ အိနြေ္ဒ သိက္ခာသိပ်ပြီးရှိပါတယ်။ မြန်မာပြည်တွင်မကပါဘူး။ ပီနံ၊ စင်္ကာပူ၊ ဟောင်ကောင်၊ တရုပ်ပြည်များ ကိုလည်းကျွန်ုပ်ရောက်ဖူးပြီး၊ အတွေ့အကြုံများခဲ့၍ ကျွန်ုပ်ဟာ ကာလသားများလိုစိတ်ထားတစ်စိမှ မရှိပါ။ ကျွန်ုပ်နှင့်ဆရာမမခင်မူဟာ တစ်ဦးနှင့်တစ်ဦးကို ကြိုးခြားထားသည့်ဘ၀လိုဖြစ်နေပါတယ်။ သူကလည်းဒီဘက်ကိုမကျော်ဘူး။ ကိုယ်ကလည်း ဟိုဘက်ကိုမကျော်ပါဘူး။ ကျွန်ုပ်တို့နှစ်ဦးဟာ ညီအစ်ကိုမောင်နှမလို သဘောရိုးရိုးနှင့်ချစ်ခင်ကြခြင်းဖြစ်ပါတယ်။
ဆရာမမခင်မူဟာကျွန်ုပ်ကိုပြောပြန်တယ်။ ““ ၃-ကြိမ်မြောက်တော့ကျေးဇူးတင်ပြီးပါပြီ၊ ယခု ၄-ကြိမ်မြောက်ကျေးဇူးတင်ခံရအောင် အကူအညီပေးပါဦး””လို့ ထပ်ပြောပြန်တယ်။ ကျွန်ုပ်အဖို့ ဒီ ၄-ကြိမ်မြောက်ဟာ ကံကောင်းလို့သေနတ်စာမဖြစ်တာပါ။ အကြောင်းကတော့ဒီလိုပါ။
ဆရာမမခင်မူကပြောတယ်။ ““ပြည်ပေါင်းတည်မှာ ကျွန်မရဲ့အဒေါ်ဆရာမဒေါ်ငြိမ်းအေးဟာ နေမကောင်းပါဘူးလို့သတင်းကြားပါတယ်။ သို့အတွက်ကျွန်မသွားချင်ပါသည်။ ဦးစပ်စု တရုပ်သူဌေး တစ်ဦးထံမှာကားငှားပြီး ပေါင်းတည်ကိုကျွန်မအားလိုက်ပို့ပေးပါ””လို့ပြောတယ်။
ကျွန်ုပ်က ““လိုက်ပို့ပါမည်””လို့ ဆရာမမခင်မူကို လွယ်လွယ်ကူကူနှင့်ပဲကတိပေးလိုက်တယ်။ နောက်ပြီးဆရာမမခင်မူကထပ်ပြောတယ်။ ““သုံးဆယ်ရောက်လျှင် ဆရာမမတင်တင်နှင့် မထင်ထင်တို့ကို သကြား ၅-ပိဿာနှင့်ဆပ်ပြာ၊ လဖက်ခြောက်အ၀တ်အစားများကို လက်ဆောင်ဝင်ပေးမယ်။ မင်းလှကိုရောက်ပြန်လျှင်လည်း ဆရာကြီးဦးအေးသောင်ကို အလားတူ သကြား၊ ဆပ်ပြာ၊ လဖက်ခြောက် တို့ကိုဝင်ပေးပြီး ပေါင်းတည်ကိုရောက်ပြန်လျှင်လည်း ပေါင်းတည်မှာလက်ဆောင်ပေးဖို့ သကြား အချိန် ခွက် ၃၀-လောက်နှင့် ဆပ်ပြာ၊ လဖက်ခြောက်၊ အ၀တ်အစားများကို အားလုံးစီစဉ်ပြီးပါလျှင် ကျမကိုလာပြောပါ””လို့ပြောတယ်။
ကျွန်ုပ်ကလည်း ““ကောင်းပါပြီ””ဟုဆိုပြီး စီစဉ်စရာရှိတာများကို အားလုံးသွားရောက်စီစဉ်ပါသည်။ ကျွန်ုပ်ဟာ အားလုံးစီစဉ်ပြီး ဆရာမမခင်မူ၏ ၀န်စည်စလယ်ပစ္စည်းတွေကိုပါ စုံစုံညီညီကားပေါ်မှာ တင်ပြီး ပြည်ပေါင်းတည်ဘက်ကို သူနှင့်ကျွန်ုပ် အတူတူထွက်လာခဲ့ကြပါသည်။ ဆရာမမခင်မူနှင့်ကျွန်ုပ် ပြည်ပေါင်းတည်ဘက်သို့လာခဲ့ရာတွင် စီးနင်းလိုက်ပါလာသောကားကလေးမှာ အင်္ဂလိပ်ခေတ်က ဒုတိယပုလိပ်မင်းကြီး ထိပ်တင်ဦးမောင်လေးစီးသောကား ဘောက်ဆော (RB. 3065) အနက်ရောင် ကားကလေးဖြစ်ပါသည်။
ကျွန်ုပ်နှင့်မခင်မူဟာ သုံးဆယ်ကိုရောက်တော့ မတင်တင်နှင့်မထင်ထင်တို့အား သကြား၊ ဆပ်ပြာ၊ လဖက်ခြောက်တို့ကိုလက်ဆောင်ဝင်ပေးပါတယ်။ ဆရာမမခင်မူဟာလည်း သုံးဆယ်က ဆရာမနှစ်ယောက်ကို ကျွန်ုပ်နှင့်မိတ်ဆက်ပေးပါသည်။ ဟိုအချိန်တုန်းက ဒီဆရာမနှစ်ယောက်ဟာ ငယ်ရွယ်သူတွေပဲရှိကြပါသေးတယ်။
ကျွန်ုပ်သည် သာယာဝတီအရေးပိုင် ဦးခင်မောင်ဖြူ (ယခုပြည်ထဲရေးဝန်ကြီး)ဖြစ်နေသူ ထံကိုအလည်သွားသည့်အခါ သာယာဝတီမှသုံးဆယ်ကိုအလည်ဝင်သွားရာ ဆရာမတင်တင်တို့ဟာ အင်မတန်မှချစ်တတ်ခင်တတ်ပါသည်။ သူတို့ကိုယ်တိုင် အိပ်ယာ၊ ခြင်ထောင်၊ မွေ့ယာ၊ နေရာ ထိုင်ခင်းမှန်သမျှကို လိုလေးသေးမရှိအောင်ပြုစုစောင့်ရှောက်ကျွေးမွေးပါသည်။ ယခုတော့ ဒီဆရာမ နှစ်ဦးဟာ ဆရာမကြီးတွေဖြစ်နေကြပါပြီ။ အလုံကူရှင်ကျောင်းမှာကျောင်းဆရာမကြီးတွေလုပ်၍ နိုင်ငံတော် အစိုးရက အမေရိကန်ပညာတော်သင်အဖြစ် စေလွှတ်ခြင်းခံရသည့်ဆရာမကြီးတွေဖြစ်နေပါပြီ။
လွန်ခဲ့သော ၃နှစ်လောက်က ကျွန်ုပ်၏တူ၊ ကျွန်ုပ်၏ဇနီးမကျင်မြိုင်၏အစ်မရဲ့သား မြန်မာပြည်မှာ နာမည်ကြီးကျော်ကြားသည့် ဂိုးကီပါမောင်ဇော်ဝင်းနှင့် သူ၏ကျောင်းအုပ်ဆရာကြီး ဦးဘကျန်(ဦးဘကြိုင်)၊ ဆရာကြီးကတော်ဒေါ်လှတင်တို့အား ကျွန်ုပ်၏ယခုလက်ရှိနေအိမ်မှာ ထမင်းစားဧည့်ခံ ကျွေးမွေးဖိတ်ကြားသည့်အခါ ဒီဆရာမနှစ်ယောက်လည်းလာပါသည်။ ကျွန်ုပ်၏ဇနီးမကျင်မြိုင်နှင့် ကျွန်ုပ်ဟာ မိတ်ဆက်ပေးပါ၍ ယခုတော့ ကျွန်ုပ်၏ဇနီးနှင့်လည်း မိတ်ဆွေတွေဖြစ်၍သိကျွမ်းနေပါပြီ။

No comments:

Post a Comment