Saturday, September 4, 2010

ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မီတီ ဦးစပ်စု

ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မီတီ ဦးစပ်စု

၁၉၄၄-ခုနှစ်အတွင်းမှာ ဗမာ့တပ်မတော်မှ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးကို စာတစ်စောင်အကြောင်းကြားပေးပို့လိုက်တယ်။ ဗမာ့တပ်မတော်က ပေးပို့အကြောင်းကြားလိုက်သည့် စာကတော့ အခြားမဟုတ်ပါ။ ဤအသင်းကြီးထဲမှ ကိုယ်စားလှယ်တစ်ဦးဟာ ဦးဝိစာရလမ်း စစ်ဝန်ကြီးရုံးမှာလာရောက်ပြီး ဗမာ့တပ်မတော်ထောက်ပံ့ရေးရန်ပုံငွေအတွက် တိုင်ပင်ဆွေးနွေးရန်ဖြစ်တယ် လို့ပါရှိပါတယ်။ ကျွန်ုပ်တို့ဗြန်ဟတ်ဘွေအသင်းကြီးဟာလည်း ဒီစာရောက်သည့်အချိန်မှာ အစည်းအဝေးကိုချက်ချင်းခေါ်လိုက်တယ်။ အစည်းအဝေးတက်ရောက်လာသည့် ကော်မီတီလူကြီးတွေဟာ ဗမာ့တပ်မတော်ကို ကိုယ်စားလှယ်လွှတ်ဖို့အကြောင်းကြားသည့်အခါ တစ်ယောက်ကိုတစ်ယောက်
မျက်နှာကိုကြည့်ကြပြီး၊ စစ်ဝန်ကြီးရုံးကိုသွားဖို့သတ္တိမရှိပါဘူး။ အကုန်လုံး အသည်းကြောင်ကြပါသည်။
ဟိုတုန်းက စော်ဘွား ၆-ဦးဟာ ၆-ဂဏန်းမကောင်း၍ နောက်ထပ် ၃-ဦးဖြည့်၍ စော်ဘွား ၉-ဦးလုပ်ရန်ကို သဘောတူပါသော်လည်း လုပ်မည့်သူမရှိသလို ဖြစ်နေပြန်ပါတယ်။ ဟိုစဉ်အခါက လေယာဉ်ပျံဟာ ခဏခဏလာပြီးဗုံးအားကြီးချပါသည်။ ဗုံးထိကြသည့်လူ၊ စက်သေနတ်မှန်တဲ့လူတွေကို မြူနီစပါယ်အမှိုက်ကျုံးကားဟာ လူသေကောင်တွေကို ငပိကောင်တွေလိုထပ်တင်ပြီးယူသွားတာကို လူအများတွေ့မြင်ရတယ်။ အများအားဖြင့် နံနက်ပိုင်း ၉-နာရီ၊ ၁၀-နာရီလောက်ကျလျှင် လူတွေဟာ ကိုယ့်သားသမီး၊ မယား၊ ဆွေမျိုး၊ မိဘတစ်စုအားလုံးကိုခေါ်ပြီး မြို့အပြင်တောကောင်းသည့်နေရာမှာ သွားပြီးတော့ ပုန်းအောင်နေကြတယ်။ ဒီလို စစ်ဝန်ကြီးရုံးကိုသွားပြီး၊ နေ့တိုင်းအလုပ်သွားဖို့ရာ ဘယ်သူမှ မလုပ်ရဲ၊ မသွားရဲကြပါဘူး။ ကျွန်ုပ်ဦးစပ်စုဟာ မိခင်လည်းရှိတယ်၊ သားသမီးမယားလည်း ရှိတယ်။ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမ သံယောဇဉ်တွေလည်း ရှိပါသေးသည်။

ကျွန်ုပ်ကပြောလိုက်တယ် “တရုပ်မြန်မာချစ်ကြည်ရေးအတွက် ဒီအစည်းအဝေးမှာ သွားမည့်သူ မရှိပါလျှင်၊ ကျွန်ုပ်ကိုခန့်ပါ။ ကျွန်ုပ်သွားပါမည်”လို့ ကတိခံလိုက်သည်။ ဒီတော့ ဗြန်ဟတ်ဘွေအသင်း ကြီးရဲ့ စာအုပ်ထဲမှာ ဦးစပ်စုကို ဗမာ့တပ်မတော်ထောက်ပံ့ရေး ကော်မီတီလူကြီးခန့်လိုက်ပြီဆိုတာ ကို ရေးမှတ်ထားလိုက်တယ်။ နောက်ပြီးကျွန်ုပ်ကိုလည်း စာတစ်စောင်ရေးပေးလိုက်တယ်။ ကျွန်ုပ်အား ရေးပေးလိုက်သည့်စာကိုယူပြီးတော့ ကျွန်ုပ်ဟာ စစ်ဝန်ကြီးရုံးကိုသွားပါသည်။

ဟိုတုန်းကစစ်ဝန်ကြီးကတစ်ခန်း၊ ဗိုလ်ဇေယျက တစ်ခန်း ရုံးထိုင်ပါသည်။ ကျွန်ုပ်ဟာ ဒီစာကိုယူပြီး ဗိုလ်ဇေယျအခန်းကို ပထမသွားပါသည်။ ဟိုတုန်းက ဗိုလ်ဇေယျရဲ့ (P.A) က ဖြူဖြူ ချောချော လှလှ အသက် ၂၀-လောက်ပဲရှိဦးမည်။ သနားကမားချစ်စရာလည်းကောင်းသည်။ ယခု မြူနီစပါယ်မင်းကြီး ဗိုလ်မှူးကြီးထွန်းစိန်နှင့် တူပါသည်။ ဒီ (P.A) ဟာ ကျွန်ုပ်၏စာကိုယူပြီးတော့ ဗိုလ်ဇေယျထံကိုသွားပြတယ်။ ဗိုလ်ဇေယျဟာလည်း စာကိုကြည့်ပြီးသူ့အခန်းထဲကိုခေါ်တယ်။ ဒီစာကိုကြည့်ပြီး သူ့စာအုပ်ထဲမှာ ရေးမှတ်ထားလိုက်သေးတယ်။ နောက်ပြီး ဗိုလ်ဇေယျက ကျွန်ုပ်ကို စစ်ဝန်ကြီးဗိုလ်အောင်ဆန်းထံကိုခေါ်သွားတယ်။

ဟိုတုန်းက စစ်ဝန်ကြီး (P.A) ကလည်း သနားကမားနှင့် အသက်(၂၀)လောက်ပဲရှိပါသေးသည်။ ယခုဗိုလ်မင်းခေါင်နှင့်တူလှပါသည်။ ကျွန်ုပ်နှင့်ဗိုလ်အောင်ဆန်းတွေ့ရော သူကလည်းကျွန်ုပ်ကို နည်းနည်းမှတ်မိတယ်။

၁၉၄၀-ခုနှစ်မှာ ဗိုလ်အောင်ဆန်းနှင့်ဗိုလ်ရန်အောင်ဟာ ဟင်္သာတမှာတရားသွားဟောတယ်။သူတို့နှစ်ဦးတရားသွားဟောတာကို နိုင်ငံရေးနဲ့ငြိစွန်းတယ်ဆိုပြီး၊ ဟင်္သာတအရေးပိုင်ဟာ ဖမ်းဖို့ ဆုငွေ ၅ိ-ကျပ် ထုတ်ထားပါသည်။ ၎င်းနောက် ၁၉-လမ်းမှ ဦးကျွိစင်နှင့် ယခုလမ်းမတော် တိုင်စီဂျစ်ကား ဒုတိယဥက္ကဋ္ဌဦးကျော်ခင် သူတို့နှစ်ဦးဟာ ဟိုက်လီသင်္ဘောသားများကို ပြောဆိုပြီး၊ ဟိုက်လီသင်္ဘောသားများ ည ၆-နာရီဘိုင်စကုတ်ကြည့်ပြီး သူတို့သင်္ဘောကိုပြန်သွားသောအခါ ဗိုလ်အောင်ဆန်းနှင့် ဗိုလ်ရန်အောင်တို့နှစ်ဦးဟာ သူတို့နှစ်ဦးနှင့်ရောပြီး ဟိုက်လီသင်္ဘောပေါ်ကို သမ္ဗန်နှင့်သွား၍ တက်ရောက်သွားကြတယ်။ နောက်ပြီးဟိုက်လီသင်္ဘောဟာ ပီနံ၊ စင်ကာပူ၊ ဟောင်ကောင်သို့ရောက်သည့်အခါ သူတို့နှစ်ဦးကို အင်္ဂလိပ်အစိုးရတွေ့မှာစိုးသည့်အတွက်ကြောင့် ကုန်ထားသည့်နေရာတစ်ခုမှာ သင်္ဘောသားများဟာ ၀ှက်ထားပါသည်။ တရုပ်ပြည် အေမွိုင်မြို့ကို ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်ရန်အောင် သူတို့နှစ်ဦးဟာ အေမွိုင်မြို့ကို တက်သွားပါသည်။ အေမွိုင်မြို့တစ်ဖက်ကမ်း ကိုးလံစုမှာ ခေတ္တနေထိုင်ပြီးမှ ဂျပန်ပြည်ကိုသွားကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်ုပ်တို့တရုပ်လူမျိုး တရားဘက်မှာနာမည်ကျော်ကြားတဲ့ ဆရာကြီး ကွန်ဖြူရှပ်၊ နောက်ပြီးစစ်ဘက်မှာ နာမည်အလွန်ကျော်ကြားသည့် စစ်သူကြီး စွန်ဘူစုတို့ အကြောင်းလည်း ပြောပြတယ်။ သူကလည်း ခေတ်ဟောင်းရာဇ၀င်တွေကို လေ့လာဖူးတယ်။ ကျွန်ုပ်ကလည်း ခေတ်ဟောင်းစာပေသင်ခဲ့သူတစ်ဦး ဖြစ်ခဲ့တယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ အကြောင်းမှန်သမျှကို ကောင်းကောင်းဖြေရှင်းပေးနိုင်တာပဲ။

ကျွန်ုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်စတွေ့သည့်အခါ ““စစ်ဝန်ကြီးထံကို ကျွန်ုပ်လာပါတယ်။ ကျွန်ုပ်ဟာ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးမှ ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မီတီ အဖြစ်လာပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကပြောပါသည်။ ““ဦးစပ်စုကို ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မီတီ လူကြီးအဖြစ်ခန့်တာ အင်မတန်မှဝမ်းသာပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်”” ဗိုလ်အောင်ဆန်းက ထပ်ပြီးဆက်ပြောပြန်တယ်။ ““ဗမာ့တပ်မတော်က အစည်းအဝေးဖိတ်စာလာရင် ဘယ်လိုပဲ လေယာဉ်ပျံ လာဗုံးလာချချတက်ရောက်ရမယ်၊ ကြောက်စိတ်ဟာလည်းနည်းနည်းလေးမှမထားရဘူး”” လို့ ကျွန်ုပ်ကို ပြောတယ်။

ကျွန်ုပ်ကလည်းပြန်ပြောလိုက်တယ်။ ““ယောက်ျားပီပီ တာဝန်ယူပြီးသည့်နောက်မှာ ဘယ်လိုပဲ ခဲရာခက်ဆစ်ဖြစ်ဖြစ် ရဲရဲဝံ၀ံနှင့်ရင်ဆိုင်ပြီး (မျက်စိရှေ့မှာတောင်ကြီးပြိုကျပြီး နောက်ကလည်း ကျားကြီးလိုက်လာပါစေ မကြောက်မရွှံ့နှင့် မျက်နှာထားတစ်စိမပျက်ပါဘူး) လို့ ပြောဆိုလိုက်တော့ ဗိုလ်အောင်ဆန်းက ထပ်ပြီးပြန်ပြောတယ်။ ““ယောက်ျားပီပီ တိုင်းပြည်တစ်ခုလုံး၏ခေါင်းဆောင် လုပ်မည်ဆိုလျှင် တိုင်းပြည်မှာအဆိုးဆုံးတစ်ခုတွေ့လာရင် ကိုယ်ကရှေ့ကသွားရမယ်၊ အကောင်းဆုံး တစ်ခုတွေ့လာလျှင်လည်း ကိုယ်ကနောက်မှာနေရတယ်””

ဗိုလ်အောင်ဆန်းပြောထားသည့်စကားဟာ မှန်နေပြီ။ အဆိုးဆုံးကိုတွေ့တော့ ရှေ့ကသွားသည့် ဗိုလ်အောင်ဆန်းဟာ သေရှာပြီ။ အကောင်းဆုံးကိုတွေ့တော့လည်း ဗိုလ်အောင်ဆန်းဟာ နောက်ချန် နေရစ်ခဲ့ပြီ။

ကျွန်ုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းပြောသည့် စကားနှစ်ခွန်းကို ကတိခံထားမိသည့်အတွက် အဆိုးဆုံးကိုတွေ့ရင် ရှေ့ကနေပြီးတော့ ခေါင်းဆောင်မယ်။ အကောင်းဆုံးကိုတွေ့ရင် ကျွန်ုပ်က နောက်ကလိုက်မယ်။ ဒါမှလည်းခေါင်းဆောင်ကောင်းပီသမယ်။ ဒါကြောင့် ကျွန်ုပ်မှာ အိမ်ပိုင်တစ်လုံး ကားပိုင်တစ်ခုမရှိသေးပါဘူး။ ကျွန်ုပ်အခု လမ်းသွားလမ်းလာရတာလည်း ဘတ်(စ်)ကား (သို့မဟုတ်) လမ်းမတော်တိုင်စီဂျစ်ကားနှင့် သွားလာနေရပါသည်။ ငွေလည်းအမြောက်အမြားမရှိပါဘူး။ အလုပ်လုပ်ဖို့ နည်းနည်းပါးပါးနှင့် စားလောက်ရုံပဲရှိပါသည်။ ကျွန်ုပ်ဟာ ကျွန်ုပ်နှင့်ကြိုတင်ပေါင်းထားသည့် အစိုးရထိပ်တန်းလူ၊ ဒုတိယတန်းလူများနှင့်ပေါင်းသင်းပြီး အခွင့်အရေးယူမယ်ဆိုရင် ကျွန်ုပ်မှာ ယခုအချိန်အခါ သိန်း ၁၀၀-ထက်မနည်း အသာလေးရှိပါတယ်။ ကျွန်ုပ်ပြောတာကို မယုံကြည်ခဲ့ပါလျှင် စသုံးလုံးရုံးမှာ ကျွန်ုပ်၏နာမည်တိုင်းရင်းသားထဲမှ သန်းခေါင်စာရင်းနှင့် သားမယားနာမည်များကို အချိန်မရွေးဒီစာကိုယူပြီး ရီစစ္စရီရုံးမှာ သွားရောက်စုံစမ်းစစ်ဆေးနိုင်ပါသည်။ ကျွန်ုပ်ဟာ ဘာတွေဝယ်ထားတယ်၊ မ၀ယ်ဘူးဆိုတာရယ်၊ ရှိတယ်မရှိဘူးဆိုတာတွေကို သေချာစွာသိနိုင်ပါတယ်။ ဘဏ်တိုက်မှလည်း ကျွန်ုပ်၏၀င်ငွေထွက်ငွေစာရင်းကို စစ်ဆေးနိုင်ပါသေးတယ်။ ဒါတွင်မကသေးဘူး ဘဏ်တိုက်မှာထည့်ထားသည့် အာမခံပစ္စည်းသေတ္တာတွေကို လိုက်ပြီးစုံစမ်းစစ်ဆေးသည့်အခါမှာ ဦးစပ်စုနာမည်နှင့် သားမယားနာမည်ကိုတွေ့ရှိပါသလား။ အကယ်၍စုံစမ်း၍တွေ့ပြီ၊ ကျွန်ုပ်မှာ ယခုထက်ထိ တိုက်ပိုင်၊ ခြံပိုင်၊ ကားပိုင်တွေရှိခဲ့လျှင် ကျွန်ုပ်ကိုဖမ်းပြီးတော့ အာဇာနည်ကုန်း ကျွန်ုပ်၏ဆရာဟောင်း စစ်ဝန်ကြီး ဗိုလ်အောင်ဆန်းဂူရှေ့မှာ သတင်းစာဆရာတွေ၊ ရေဒီယိုအသံလွှင့် ဌာနမှ ကြိုတင်၍တိုင်းသိပြည်သိကြေညာပြီး ကျွန်ုပ်ကိုကျွန်ုပ် ရင်ခွဲသတ်ပြပါမည်။

နောက် ကျွန်ုပ် သက်သေတစ်ခုပြနိုင်ပါသေးသည်။ ကျွန်ုပ်ဟာ အသက် ၅၈-နှစ်ရှိပါပြီ။ ကျွန်ုပ်မှာ သွေးတိုးရောဂါလည်းရှိသည့်အပြင် အူကျတဲ့ရောဂါလည်း ရှိပါသေးသည်။ ခေါင်းကလည်း နေ့တိုင်းမူးတယ်။ သတိကလည်း ခဏခဏမေ့တယ်။ ဇက်ကြောကလည်းတင်းတယ်။ ကျွန်ုပ်ဇနီးဟာ နေ့တိုင်းနေ့တိုင်း နှိပ်ပေးရပါတယ်။ နေ့တိုင်းပရုပ်ဆီကို နေ့တိုင်းဆောင်ပြီး လိမ်းနေရပါတယ်။ ကျွန်ုပ်ဒီရောဂါတွေစွဲကပ်လာတာဟာ ၄-နှစ်လောက်ရှိပါပြီ၊ တစ်နှစ်ထက်တစ်နှစ် ရောဂါဟာ တိုးတိုးလာပါတယ်။ ကျွန်ုပ်ရဲ့သာားမယားဟာလည်း ပင်ပင်ပန်းပန်းနှင့် စားသောက်နေထိုင်ရပါသည်။

ကျွန်ုပ်၏သားမယားဟာ ပြပွဲပြိုင်ပွဲရှိသည့်အခါမှာ ခရီးဝေးဝေးနီးနီး၊ နေပူမိုးရွာမရှောင်၊ အေးတာချမ်းတာကိုလည်း ဂရုမစိုက်ပဲ ညကြီးသန်းခေါင်မရှောင် (ဥပမာ-ကမ္ဘာအေးပြပွဲကွင်းကြီးထဲမှာ လေတ၀ူးဝူးနှင့် ဗွီ စီးကရက်မဏ္ဍပ်ထဲမှာ လက်လီတစ်ဗူးချင်းရောင်းနေရပါတယ်) ခလေးများကိုလည်း ထားခဲ့၍မဖြစ်သည့်အတွက်ကြောင့် ခေါ်သွားရပါသည်။ ၂နှစ် ၃နှစ် နို့စို့အရွယ်ကလေးများဟာ သန်းခေါင်လောက်ကျရင် အိပ်ချင်ကြပါ၍ ခလေးတွေကို စီးကရက်သေတ္တာကြီးများအပေါ်မှာ ၁ယောက်၊ နှစ်ယောက်၊ သုံးယောက်ကို တန်းစီပြီးသိပ်ထားရပါသည်။ ပြပွဲလာကြည့်ရှုသူများဟာလည်း ခလေးတွေ အိပ်နေတာကိုကြည့်ပြီး သနားသွားကြပါတယ်။

တစ်ခါက ဗွီစီးကရက်ကုမ္ပဏီသူဌေး ချန်ကီဝှား မဏ္ဍပ်ကိုလာသည့်အခါ ဒီညဟာလည်း အင်မတန်ချမ်းအေးပါသည်။ ခလေး ၃-ယောက်ဟာ စီးကရက်သေတ္တာတွေပေါ်မှာ စောင်မလုံမလောက် နှင့်အိပ်နေတာကို မြင်သွားသည့်အတွက် လူကြီးတွေကိုဆူ၍ ခလေးတွေအအေးမိပြီး မတော်တဆ ဖျားနာရင် ဘယ့်နဲ့လုပ်မလဲဆိုပြီး၊ သူဝတ်ထားတဲ့ကုတ်အင်္ကျီကို ခါးထဲမှချွတ်ပြီး ခြုံပေးသွားပါတယ်။ သူဟာ ရှပ်အင်္ကျီနှင့်ပဲပြန်သွားတယ်၊ ဒီလောက်စိတ်ထားကောင်းမွန်လှသည့် သူဌေးကို ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးဟာ ဒီတစ်သက်မှာ ဘယ်တော့မှကျေးဇူးမမေ့ပါဘူး။


ပြပွဲကိုလာကြည့်ကြသော လူထုနှင့်တကွ အားလုံးသောလူကြီးလူကောင်းများဟာ ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးကို ဗွီ စီးကရက်မဏ္ဍပ်ထဲမှာ အမြဲမြင်တွေ့နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သမတဦးဝင်းမောင်၊ သခင်နုနှင့်တကွ လူကြီးလူကောင်းများအားလုံးဟာ ကျွန်ုပ်တို့နှင့် မဏ္ဍပ်ထဲမှာ အမြဲတမ်းတွေ့ဆုံနေတာများပါတယ်။ ကျွန်ုပ်ပြောတာကို မယုံကြည်ခဲ့ပါလျှင် ဓါတ်ပုံနှင့်တကွ သေသေချာချာ ရှင်းပြနိုင်ပါသေးတယ်။

ဒီဓါတ်ပုံကို ကြည့်ရှုမြင်လိုက်ရသည့်သူဟာ အတော်ကိုပဲ အံ့သြစရာတစ်ခုဖြစ်နေမှာပါပဲ။ ကျွန်ုပ်ဦးစပ်စုကိုလည်း အလွဲသုံးစားလုပ်တယ်လို့ ထင်ကြမှာပါပဲ။ ဗွီစီးကရက်ကုမ္ပဏီထဲမှာ သူဟာ ရှယ်ယာတစ်ပြားမှမပါသည့်သူလည်းဖြစ်တယ်၊ ဗွီစီးကရက်ကုမ္ပဏီဟာ မစ္စတာကျန်ကီအင်း ပိုင်တာ ဖြစ်တယ်။ သူဟာလည်း ဒီစီးကရက်မဏ္ဍပ်ထဲမှာ ရှိတယ်။ သမတဦးဝင်းမောင် မဏ္ဍပ်ထဲကို ကြွရောက်လာသည့်အခါ ဦးစပ်စုဟာ ဦးစားပေးပြီးစကားပြော၍ ဦးဝင်းမောင်၏ ဘယ်တစ်ဖက်၊ ညာတစ်ဖက်မှာ ကျွန်ုပ်တို့ဇနီးမောင်နှံနှစ်ယောက်ပဲ ရှိနေကြပါသည်။ ကျွန်ုပ်တို့ဇနီးမောင်နှံဟာ ဗွီစီးကရက်ပိုင်ရှင်ရှိလျက်နှင့် အလွဲသုံးစားလုပ်ထားသည့်ဓါတ်ပုံမဟုတ်ပါ။

၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက်နေ့မှာ ဦးဝင်းမောင်ဟာ သမတဖြစ်ပါသည်။ ဦးဝင်းမောင် သမတဖြစ်ပြီး၍ ၃-ရက်ထဲခြားပါသည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၆-ရက်နေ့ညနေ ၆-နာရီ ၁၅-မိနစ်၌ ဗွီစီးကရက်မဏ္ဍပ်ကို ရောက်ရှိလာပါသည်။ သမတဦးဝင်းမောင်ဟာ ရွှေတိဂုံဘုရား အနောက်ဖက်မုခ် စက်မှုလက်မှုပြပွဲပြိုင်ပွဲကွင်းကို ပထမ မြောက်ဖက်ကွင်းသို့ သွားကြည့်ပါသည်။ စက်မှုလက်မှုဝန်ကြီးဗိုလ်ခင်မောင်၊ စက်မှုလက်မှုအသင်းဥက္ကဋ္ဌလူထုဦးချိုခေါင်းဆောင်ပြီးတော့ မြောက်ဖက်ကွင်းက အစိုရပြခန်းမဏ္ဍပ်များနှင့် ကုန်သည်ဘက်ကပြသည့် ပြခန်းမဏ္ဍပ်များပေါ်ကို တက်ပြီးတော့လျောက်ကြည့်ကြပါသည်။


ကျွန်ုပ်တို့မဏ္ဍပ်ရှိသည့်တောင်ဘက်ကွင်းကို ရောက်လာသည့်အခါ သမတကလည်း ၀ လည်းဝတယ်၊ အစိုးရပြခန်းတွေကိုပဲတက်ပြီးတော့ဝင်ကြည့်တယ်၊ အခြားမဏ္ဍပ်များကို အများအားဖြင့် တက်ပြီးဝင်၍မကြည့်တော့ပါဘူး။ ကျွန်ုပ်ဟာ ကျွန်ုပ်ရဲ့သူဌေး ကျန်ကီအင်းကို တိုင်ပင်တယ်။ သမတဟာ တော်တော်မောနေပြီ။ ကျွန်ုပ်၏ ဗွီစီးကရက်မဏ္ဍပ်ဟာ လေးငါးထောင်အကုန်ခံပြီး ဒီလောက်လှအောင်ပြုလုပ်ထားတယ်။ သမတဟာ ကိုယ့်မဏ္ဍပ်ထဲကို တက်ကြည့်သည့်အခါ ဓါတ်ပုံတစ်ခု ရိုက်ထားရပါလျှင် ဘယ်လောက်ဂုဏ်ယူစရာကောင်းပါသလဲ။ နောက်ပြီးတော့ သူနှင့်အတူပါလာသည့် လူတွေကကော ပတ်ပတ်လည်ဝင်ကြည့်ကြသည်။ လူတွေကတော့ ကျွန်ုပ်၏ဗွီစီးကရက်ကုမ္ပဏီမဏ္ဍပ်ဟာ နောက်ဆုံးနှင့်ချောင်ကျသည့်နေရာဖြစ်တယ်လို့ အများအပြားကပြောဆိုသည့်နေရာဖြစ်နေပါသည်။


ကျွန်ုပ်ကလည်း သမတကိုကိုယ့်မဏ္ဍပ်ထဲသို့ဝင်လာအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုတာ စဉ်းစားနေတယ်။ ဒီလိုစဉ်းစားနေသည့်အခါမှာ ကျွန်ုပ်ဟာ ဖျပ်လတ်သည့်အကြံဥာဏ်တစ်ခုဟာ ခေါင်းထဲမှာ ထွက်ပေါ်လာပါသည်။

No comments:

Post a Comment