Monday, September 6, 2010

ခြောက်လုံးပြူးစပ်စု။ ခြောက်လုံးပြူးမှုကြီး

ခြောက်လုံးပြူးစပ်စု

ဒီအချိန်ဒီအခါတုန်းက ကျွန်ုပ်၏ဟော်တယ်အပေါ်ထပ်၊ အလယ်ထပ်၊ အောက်ထပ်မှ လာပြီးကြည့်ကြသည့်လူတွေရော လမ်းမကြီးပေါ်မှာကြည့်ကြသည့်လူတွေရော ““ဦးစပ်စုဟာ အင်မတန်မှ သတ္တိကောင်းတယ်၊ သတ္တိရှိတယ်။ ယခုခြောက်လုံးပြူးကိုင်ထားတဲ့လူကို သူ့လက်မှာဘာမျှမပါပဲနှင့် ခြောက်လုံးပြူးကိုဝင်လုတယ်၊ သိပ်ကိုသတ္တိရှိတယ်””။ ဒါကြောင့်မို့လာကြည့်ကြသည့်လူတွေဟာ ခြောက်လုံးပြူးကိုဝင်လူသည့်သတ္တိကြောင့် ကျွန်ုပ်ကိုလူစွမ်းကောင်းစပ်စု၊ ခြောက်လုံးပြူးစပ်စုလို့
ခေါ်ကြတယ်။ ကျွန်ုပ်ထံကို ထမင်းစားကြွရောက်လာကြသည့်လူကြီးလူကောင်းများနှင့် လာကြည့်သူ အားလုံးဟာအင်မတန်မှချီးကျူးကြပါသည်။ ကျွန်ုပ်ကို ဒီလိုခြောက်လုံးပြူးလုသည့်ကိစ္စနှင့်ပတ်သက်ပြီး ခြောက်လုံးပြူးဝင်လုသည့် လူစွမ်းကောင်းစပ်စု၊ ခြောက်လုံးပြူးစပ်စုလို့ ချီးကျူးခေါ်ဆိုနေကြတာဟာ ကျွန်ုပ်အဖို့ အင်မတန်မှ အတိတ်နိမိတ်မကောင်းဘူးလို့ကျွန်ုပ်ယူဆမိပါတယ်။ ဗမာစကားပုံတစ်ခုရှိတယ်။ ချီးမွမ်းလျှင် ၇-ရက်၊ ကဲ့ရဲ့လျှင် ၇-ရက်တဲ့။ အဲဒီလိုချီးမွမ်းပြီး ၇-ရက်ကြာသည့်အခါမှာ ကျွန်ုပ်မှာ အင်မတန်ကြီးကျယ်သည့် ခြောက်လုံးပြူးကိစ္စကြီးတစ်ခုပေါ်ပေါက်လာပါသည်။

ဟိုလွန်ခဲ့တဲ့ ၇-ရက်ကဖြစ်ပေါ်လာခဲ့သည့် ခြောက်လုံးပြူးကိစ္စဟာ ထမင်းစားပွဲကိုတက်ရောက် လာကြသည့်ဝန်ကြီး ၇-ဦး၊ ၈-ဦးနှင့် ကြွရောက်လာကြသည့် ဂုဏ်သရေရှိလူကြီးလူကောင်းများ အားလုံးကို ခြောက်လုံးပြူးယမ်းတောင့်မှန်ပြီး အားလုံးသေသွားသည့်တိုင်အောင် ယခုဖြစ်ပေါ်လာသည့် ကိစ္စလောက်အရေးကြီးမည်မထင်ပါဘူး။ ယခုဖြစ်ပေါ်လာသည့်ခြောက်လုံးပြူးကိစ္စကြီးဟာ ဟို ၇-ရက်က ထမင်းစားပွဲကိုတက်ရောက်လာကြသည့်ဝန်ကြီးတွေရော၊ ကြွရောက်လာကြသည့် လူကြီး လူကောင်းတွေရော၊ အကုန်လုံးကို ခြောက်လုံးပြူးမှန်ပြီးသေကုန်ပါတယ်ဆိုသည့်အမှုထက် အဆ ၁၀၀ လောက်ပိုပြီး ကြီးကျယ်လှပါသည်။ ကျွန်ုပ်၏ဟော်တယ်မှာ ဒုတိယအကြိမ်အကြီးအကျယ် ခြောက်လုံးပြူးနှင့်ပစ်ခတ်တော့မည့် ဖြစ်ပေါ်လာပုံအကြောင်းရင်းကတော့ဒီလိုပါ။

ခြောက်လုံးပြူးမှုကြီး

(ဒု-၀န်ကြီးချုပ်ဟောင်း)သခင်တင်နှင့် သခင်စံဝေတို့ ၂-ဦးကျွန်ုပ်ထံကိုလာကာ တရုပ်ပြည် စပ်ကြားမြန်မာပြည်စပ်ကြားမှာရှိနေသည့် မြန်မာစစ်ဗိုလ်ကြီးတစ်ဦးကိုခေါ်လာပြီး ကျွန်ုပ်နှင့်မိတ်ဆက် ပေးပါသည်။ ကျွန်ုပ်ကလည်း ဒီမြန်မာစစ်ဗိုလ်ကြီးနှင့်သခင်တင်၊ သခင်စံဝေတို့ ၃-ဦးကို အလယ်ထပ် အခန်းနံပါတ် ၃-ကိုသီးသန့်ဖွင့်ပေး၍ တရုပ်ဟင်းလျာမျိုးစုံနှင့်အရက်များကိုပါ လိုလေသေးမရှိအောင် သေချာစွာစီစဉ်ပေးပြီးဧည့်ခံကျွေးမွေးပါသည်။ ကျွန်ုပ်၏ဟော်တယ်ကို ၀န်ကြီးများ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများ၊ တရုပ်ကုန်သည်ကြီးများ၊ မြန်မာကုန်သည်ကြီးများနှင့် နာမည်ကျော်ကြား လူကြီးလူကောင်းများဟာ လာရောက်စားသောက်ကြဖူးသူများသာဖြစ်ပါတယ်။ ကျွန်ုပ်၏ဟော်တယ်ကို လူကြီးလူကောင်းမှန်သမျှဟာ မရောက်ဖူးသူမရှိပါဘူး။ ရောက်ဖူးတဲ့သူချည့်ဖြစ်နေကြပါသည်။

အဲဒီလို လာရောက်စားသောက်ကြသည့်လူများ၏အသဲစွဲ ကျွန်ုပ်၏ဟော်တယ်မှ စားပွဲထိုးပြုစု ကောင်းပြီး လူချစ်လူခင်များတဲ့သူ ချောချောလှလှ၊ ယဉ်ယဉ်ကျေးကျေး၊ မျက်နှာချိုချို၊ ကြာပေး ကောင်းကောင်း စကားပြောကောင်းသူ နာမည်ကျော်ကြားမြန်မာအမျိုးသမီး မသောင်းဟာ နံပါတ် ၁-ဖြစ်ပါသည်။ နံပါတ် ၂-ကတော့ မခင်ဆွေဖြစ်ပြီး၊ နံပါတ် ၃-ကတော့ ချိုက်ဟုန်လည်းခေါ်တယ်၊ ကုလားဆင်လည်းခေါ်တယ်၊ သူ့ရုပ်ရည်ကလည်း ကုလားဆင်နှင့်တူသည်။ ဂျပန်စကားလည်း ကောင်းမွန်စွာပြောတတ်သည်။ ဂျပန်သီချင်းလည်းကောင်းကောင်းဆိုတတ်တယ်။ သူကလည်း ကျွန်ုပ်၏ဟော်တယ်မှာနာမည်ကြီးတယ်။ ကျွန်ုပ်ဟာသူတို့၃-ဦးကိုရွေးချယ်၍ သခင်တင်၊ သခင်စံဝေ၊ မြန်မာစစ်ဗိုလ်ကြီး သူတို့ ၃-ဦးအား အထူးဂရုစိုက်၍ပြုစုခိုင်းတယ်။ ကျွန်ုပ်၏ဟော်တယ်မှာ ကျွန်ုပ်ပြုစုခိုင်းလိုက်သည့်မိန်းကလေး ၃-ဦးဟာ သခင်တင်၊ သခင်စံဝေတို့နှင့်လည်း ရင်းနှီးသိကျွမ်းပြီး မိတ်ဆွေဟောင်းတွေဖြစ်နေကြတယ်။ ဒီမိန်းကလေး ၃-ဦးဟာ မိတ်ဆွေဟောင်းတွေကိုတွေ့တော့ ပိုပြီးအရေးစိုက်၍ပြုစုတယ်။ ၀မ်းလည်းအများကြီးသာကြတယ်။

ဟိုတုန်းကသခင်စံဝေဟာလည်း လူပျိုပဲရှိပါသေးသည်။ ငယ်ငယ်ရွယ်ရွယ်၊ ချောချောလှလှ၊ အသားဖြူ၍ ရုပ်ရည်ကလည်းသနားကမားရှိသေးတယ်၊ မြန်မာစစ်ဗိုလ်ကြီးကလည်း ငယ်ငယ်ရွယ်ရွယ်၊ ချောချောလှလှ သနားကမားရှိပါတယ်။ (မြန်မာစစ်ဗိုလ်ကြီး၏နာမည်ကိုတော့ ကျွန်ုပ်မေ့နေပြီဖြစ်သည့် အတွက်မဖေါ်ပြနိုင်တော့ပါ။) သူတို့ ၃-ဦးထက် သခင်တင်ဟာအသက်နည်းနည်းကြီးပုံရပါသည်။ အသက်နည်းနည်းကြီးပုံရပေမယ့် လူကတော့ခပ်ချောချောပဲရှိပါသေးသည်။

ကျွန်ုပ်၏ဟော်တယ်မှာ နံပါတ် ၁-ဖြစ်သည့် နာမည်ကျော်ကြားသည့် မြန်မာအမျိုးသမီး မသောင်းဟာ သခင်စံဝေနှင့်သခင်တင်တို့ကြားမှာထိုင်ပါသည်။ ကျန်ရှိသည့်အမျိုးသမီးနှစ်ဦးကတော့ မြန်မာစစ်ဗိုလ်ကြီးကို ဘယ်တစ်ယောက်၊ ညာတစ်ယောက်ဝိုင်းရံထားပါသည်။ ဒီလိုချောချောလှလှ အမျိုးသမီးများကိုယ်တိုင်ဝိုင်းရံပြီး အရက်များကိုထည့်ပေး၍တိုက်သည့်အခါမှာ ဘယ်ယောက်ျားမှ မသောက်ပဲနေနိုင်မှာမဟုတ်ပါဘူး။ သောက်ကြမှာပါပဲမဟုတ်လား။

ကျွန်ုပ်ဦးစပ်စုဟာ သခင်တင်၊ သခင်စံဝေ၊ မြန်မာစစ်ဗိုလ်ကြီးများနှင့်အတူဝိုင်းပြီးထိုင်လျက် ရှိပါတယ်။ အမျိုးသားက ၄-ဦး၊ အမျိုးသမီးက ၃-ဦးတို့ဟာ အမျိုးသမီးများကိုယ်ထည့်ပေးသည့် အရက်ဖန်ခွက်များကိုကိုင်ကာ ၇-ဦးစလုံး ဖန်ခွက်ချင်းထိပြီး အရက်များကို တစ်ခါတည်း မော့သောက်လိုက်ကြပါသည်။ ဒါတင်မကသေးပါဘူး။ အမျိုးသမီး ၃-ဦးဟာ ဟင်းတွေ ရောက်ရှိလာသည့်အချိန်မှာ မြန်မာစစ်ဗိုလ်ကြီးရော သခင်တင်နှင့်သခင်စံဝေတို့ကိုပါ တူနှင့်ပါးစပ်ထဲကို ရောက်အောင်ခွံ့ပြီးကျွေးပါတယ်။ နောက်ပြီးဟိုတုန်းကနာမည်ကြီးခေတ်စားနေသည့် ချစ်တာကြိုက်တာ လွမ်းတာတွေပါသည့် မြန်မာသီချင်းတစ်ပုဒ်ကို အမျိုးသမီး ၃-ဦးဟာ ပြိုင်တူဆိုကြပါသည်။

ကုလားဆင်နှင့်တူသည့် နံပါတ် ၃-အမျိုးသမီးကုလားမဟာ ဂျပန်ခေတ်မှာ အင်မတန် ခေတ်စားနေသည့် ဂျပန်သီချင်းတစ်ပုဒ်ကိုဆိုပြတယ်။ ကျွန်ုပ်တို့ ၀ိုင်းဝန်း၍၀င်ရောက်ထိုင်နေသည့် နံပါတ် ၃-အခန်းထဲမှာ ကျွန်ုပ်တို့ဟာ အင်မတန်မှပျော်ရွှင်နေကြတယ်။ ဆွေမျိုးတွေကိုပါမေ့နေအောင် သိပ်ပျော်ရွှင်နေကြသည်။ ကျွန်ုပ်တို့အားလုံးဟာ အထူးပဲပျော်ရွှင်နေကြတယ်။ ဒီလောက်တောင် ပျော်ရွှင်လွန်းအားကြီးလျှင် ကျွန်ုပ်တို့ဟာ အကြီးအကျယ်စိတ်ညစ်စရာကိုတွေ့တော့မည်ဆိုတာကို မတွေးမိကြပါဘူး။ သိပ်ပြီးပျော်ရွှင်နေကြတာပါပဲ။

ကျွန်ုပ်၏ဟော်တယ် နံပါတ် ၄-အခန်းထဲမှာလည်း ဂျပန်ကင်ပေတိုင်ချုပ် ကာနယ်ကူမဲ့၏ တပည့်နှစ်ယောက်လာရောက်ပြီးစားသောက်နေတာကို ကျွန်ုပ်ဟာမသိရှိလိုက်ပါဘူး။ ကျွန်ုပ်တို့ နံပါတ် ၃-အခန်းမှ နံပါတ် ၃-ကုလားမနှင့်တူသည့်အမျိုးသမီးကုလားမဟာ ဂျပန်ခေတ်မှာ ခေတ်စားနေသည့် ဂျပန်သီချင်းတစ်ပုဒ်ကိုဆိုပြတယ်။ ဆိုလည်းပြီးရော ဂျပန်ကင်ပေတိုင်ချုပ်ကာနယ်ကူမဲ့၏တပည့် နှစ်ယောက်ဟာ ကျွန်ုပ်တို့အခန်းနှင့်ကပ်လျက်ရှိသည့် နံပါတ်၎-အခန်းမှထလာပြီး၊ နံပါတ်၃-ကုလားဆင် နှင့်တူသည့် အမျိုးသမီးကုလားမကိုလာခေါ်တယ်။ ကျွန်ုပ်ကလည်းကောင်းကောင်းမွန်မွန်ဧည့်ခံပြုစုဖို့ ကုလားမကိုထည့်လိုက်ပါတယ်။ ကုလားမဟာလည်း ဂျပန်ကင်ပေတိုင်များနှင့် နံပါတ်၎-အခန်းကို လိုက်သွားပြီး ဂျပန်ခေတ်မှာအင်မတန်ခေတ်စားနေသည့်ဂျပန်သီချင်းတစ်ပုဒ်ကိုဆိုပြပြီး နံပါတ် ၄-အခန်းမှကျွန်ုပ်တို့ထိုင်နေသည့် နံပါတ်၃-အခန်းကိုပြန်လာပါသည်။

ဒီတော့ ဂျပန်ကင်ပေတိုင် ၂-ဦးဟာ ကျွန်ုပ်တို့အခန်းထဲကိုထပ်ပြီးပြန်လာပြန်တယ်။ ကျွန်ုပ်တို့ အခန်းထဲမှာရှိနေသည့် နံပါတ် ၁-ဖြစ်တဲ့ နာမည်ကြီးချောချောလှလှမြန်မာအမျိုးသမီး မသောင်းဟာလည်း ဂျပန်ကင်ပေတိုင်များနှင့်မိတ်ဆွေဟောင်းတွေဖြစ်နေတယ်။ ဒီတော့ဂျပန်ကင်ပေတိုင် ၂-ဦးဟာ မသောင်းကိုလာခေါ်တယ်။ ဒီတော့မသောင်းဟာလည်း ကျွန်ုပ်တို့ထိုင်နေသည့်နံပါတ်၃-အခန်းမှ ဂျပန်များရှိသည့် နံပါတ်၎-အခန်းကိုလိုက်ပါ၍သွားတယ်။ မသောင်းဟာ သခင်တင်၊ သခင်စံဝေတို့ကို ဂျပန်များထက်ပိုပြီးချစ်တယ်ထင်တယ်။ အခန်း ၄ကိုလိုက်ပါသွားပြီး သိပ်မကြာပါဘူး၊ ကျွန်ုပ်တို့ ထိုင်နေသည့် နံပါတ် ၃-အခန်းကိုပြန်လာတယ်။

အဲဒီတော့ ဂျပန်ကင်ပေတိုင် ၂-ဦးဟာ နည်းနည်းမနာလိုတဲ့စိတ်တွေဝင်လာတယ်ထင်တယ်၊ သောက်ထားသည့်အရက်များကလည်းမူးလာ၍၊ ဂျပန်ကင်ပေတိုင် ၂-ဦးဟာ ကျွန်ုပ်တို့ နံပါတ်၃-အခန်းထဲကိုပြန်ဝင်လာပြီး၊ မသောင်းကို လက်ဆွဲ၍အတင်းခေါ်တော့မလိုဖြစ်နေပြီ။ သခင်တင်နှင့် သခင်စံဝေကြားမှာရှိသည့်မသောင်းကိုလည်း သခင်တင်နှင့်သခင်စံဝေတို့နှစ်ဦးက အင်မတန်မှ ချစ်ခင်နေတယ်။ သူတို့၏ချစ်သူတစ်ဦးလည်းဖြစ်နေပြီး၊ သခင်တင်နှင့် သခင်စံဝေတို့၏စိတ်ထဲမှာလည်း ကိုယ်ချစ်နေသည့်သူတစ်ယောက်ကို ကိုယ့်မျက်စိရှေ့အောက်မှာ အတင်းလာဆွဲတာကို ဘယ်နည်းနဲ့မှ မခံနိုင်ပါဘူး။

မသောင်းကလည်း ဂျပန်တွေထက် သူတို့ ၂-ဦးကိုပိုချစ်တယ်။ အဲဒီတော့ သခင်တင်နှင့် သခင်စံဝေတို့ ၂-ဦးဟာ ““တို့ချစ်သူကို ဂျပန်ကင်ပေတိုင် ၂-ဦးကအတင်းလာဆွဲလျှင် အရိုးကြေကြေ အရေခန်းခန်းအသက်ပေးကာကွယ်မယ်၊ တို့ချစ်သူကိုအဆွဲမခံနိုင်ဘူး””လို့ စိတ်ထဲမှာဆုံးဖြတ်ထားဟန် တူတယ်။

““တို့ဟာ လည်ပင်းပြတ်ရင်ပြတ်ပါစေ၊ တို့ချစ်သူမသောင်းကိုတော့ အထိမခံဘူး၊ အဆွဲမခံဘူး”” အဲဒီလိုစိတ်ကူးပြီး ဂျပန်ကင်ပေတိုင်နှစ်ဦးက မသောင်းကို အတင်းဝင်ဆွဲတော့မလိုလိုဖြစ်နေသည့် အချိန်မှာ သခင်စံဝေဟာလူကလည်းငယ်၊ စိတ်ကလည်းမြန်၊ မြန်မာပီပီ ယောက်ျားဇာနည် အနိုင်မခံ အရှုံးမပေးစိတ်နှင့် ဂျပန်ကိုထထိုးလိုက်တယ်။ ဂျပန်ကလည်းပြန်ပြီးထိုး သခင်စံဝေကလည်းထိုးနှင့် သူတို့နှစ်ဦးဟာ လုံးထွေးသတ်ပုတ်နေကြတယ်။ နောက်တော့ သခင်တင်ရော၊ မြန်မာစစ်ဗိုလ်ကရော ထပြီးထိုးတယ်။ ဂျပန်ကင်ပေတိုင် ၂-ဦးကလည်းပြန်ထိုးနှင့် သူတို့ ၅-ဦးဟာ ရှုပ်ထွေးသတ်ပုတ် လုံးထွေးနေကြသည်။

သခင်စံဝေကိုဂျပန်ကထိုးလိုက်တာ သခင်စံဝေတစ်ချက်ထိသွားတယ်။ ဒီအချိန်မှာ ကျွန်ုပ်၏ ဟော်တယ်မှာရှိသည့် စုစုပေါင်းအမျိုးသမီး ၁၄-၅ ဦးဟာ ၀ိုင်းဝန်းလာပြီးဖြန်ဖြေကြတယ်။ မသောင်းကလည်း ခပ်စွာစွာမို့ဂျပန်ကင်ပေတိုင်၂-ဦးကိုကြိမ်းတယ်။ သခင်တင်တို့လူစုဟာ တစ်ခါတလေမှလာတာ၊ ဒီဂျပန် ၂-ဦးဟာ ညတိုင်းညတိုင်းပဲလာတယ်။ မသောင်းကလည်း သူ့ချစ်သူ သခင်စံဝေတစ်ချက်ထိသွားလို့ ဒီဂျပန်နှစ်ယောက်အပေါ်ကို တော်တော်နာသည့်အတွက်ကြောင့် သူ၏ချစ်သူကိုထိုးသည့်ဂျပန်ကိုဆွဲပြီးတော့ ပါးကိုဖြန်းကနဲတစ်ချက်ချလိုက်တယ်။ ပါးကိုချပြီးတော့ ဂျပန် ၂-ဦးကို နံပါတ် ၄-အခန်းထဲကိုဆွဲသွင်းသွားပါသည်။ နံပါတ် ၄-အခန်းထဲမှာလည်း အမျိုးသမီး ၄-၅ ဦးရှိပါသည်။ မသောင်းဟာ ဂျပန်နှစ်ဦးနှင့်အတူထိုင်ပြီး ဂျပန် ၂-ဦးကိုဆုံးမနေတယ်။ ကျွန်ုပ်ကတော့ နံပါတ် ၃-အခန်းထဲမှာပဲ သခင်စံဝေတို့နှင့်အတူထိုင်နေပါသည်။

ကျွန်ုပ်ကအကဲခတ်မိတယ်။ သခင်စံဝေစိတ်ဆိုးသည့်အခါတုန်းက မျက်နှာဟာ ဖြူပြီးတော့ စိမ်းသွားပါသည်။ (နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းသခင်နုစိတ်ဆိုးသည့်အခါနှင့် အင်မတန်တူပါသည်) နောက်ပြီးသခင်စံဝေဟာ ကျွန်ုပ်တို့နှင့်အတူထိုင်နေရာမှ တစ်ယောက်ထည်းထသွားတယ်။ ကျွန်ုပ်တို့က နောက်ဖေးကို အပေါ့အပါးသွားရန်သွားတယ်လို့ထင်ပါသည်။ ကျွန်ုပ်ကလည်း သခင်စံဝေတစ်ယောက် နောက်ဖေးထသွားတာကို မသင်္ကာသည့်အတွက်ထပြီး တံခါးဝမှချောင်းကြည့်နေလိုက်တယ်။ သခင်စံဝေဟာ ထွက်တော့မလိုလို ၀င်တော့မလိုလိုလုပ်နေတာကိုမြင်တယ်။ ကျွန်ုပ်ဟာ သူ၏အပြု အမူကိုမမြင်ချင်ယောင်ဆောင်၍ တမင်တကာမျက်လုံးကို အခန်းထဲဘက်လှည့်လိုက်ပြီး သခင်တင်နှင့် မြန်မာစစ်ဗိုလ်ကြီးကိုစကားပြောနေလိုက်သည်။ ကျွန်ုပ်၏မျက်လုံးကို တမင်တကာလှည့်ပြီး အခန်းထဲမှာ စကားပြောဆိုနေသည့်အချိန်ကလေးကို သခင်စံဝေဟာအခွင့်ကောင်းယူ၍ လှေကားဘက်ကို ခပ်မြန်မြန် ဆင်းသွားတယ်။ ကျွန်ုပ်ဟာ ဟိုစဉ်အခါတုန်းကမျက်လုံးသိပ်လျင်တယ်။ သူအမှတ်တမဲ့ဆင်းသွားတာကို ရိပ်ကနဲမြင်လိုက်တယ်။ ကျွန်ုပ်ဟာ သခင်စံဝေဆင်းသွားတာကိုရိပ်ကနဲမြင်လိုက်သည့်အတွက် ထပြီးတော့ လမ်းမတော်ဘက်မှပြူတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်အခါ သခင်စံဝေ၏ကားဟာ ဟော်တယ်နှင့် ပေ၅၀-အကွာလောက်မှာရပ်ထားပါသည်။ ဟိုတုန်းကမော်တော်ကားတွေဟာ ယခုလိုကားပေါ်မှာ ထိုင်ပြီး ဗက်ထရီနှင့်စက်နှိုးသည့်(စတာတာ)တွေမရှိသောကြောင့်သခင်စံဝေဟာ မော်တော်ကားကို စက်နှိုးဖို့ ကောက်ကိုလက်မှကိုင်ပြီးလှည့်နေတာကို တွေ့ရှိရပါသည်။

ကျွန်ုပ်ဟာ ဒီတစ်ခါကျတော့ မသောင်းရော၊ ကုလားမရော၊ ဆရာမရော ရှိသည့် ကောင်မလေးတွေအားလုံးကိုခေါ်ပြီး သတိထားနေကြလို့ သတိပေးအကြောင်းကြားလိုက်တယ်။ တအောင့် လောက်ကြာတော့ သခင်စံဝေဟာ ခြောက်လုံးပြူးကိုလက်မှာကိုင်၍ လှေခါးမှခပ်မြန်မြန်တက်လာတယ်။ ကျွန်ုပ်ကလည်းဒီအချိန်မှာ ကျွန်ုပ်၏ဟော်တယ်မှာရှိသည့်ကောင်မလေးတွေကို အားလုံးလာခဲ့ကြလို့ အကျယ်ကြီးအော်ခေါ်လိုက်တယ်။ ကောင်မလေးတွေဟာလည်း ကျွန်ုပ်၏အော်ပြီးခေါ်လိုက်သည့် အသံကြောင့်ဝိုင်းဝန်းပြီးလာကြတယ်။ သခင်စံဝေကလည်း သူ့ကိုထိုးသည့်ဂျပန်ကို ခြောက်လုံးပြူးနှင့် ချိန်ရွယ်ထားပြီးပစ်မယ်လို့လုပ်နေတယ်။ ကျွန်ုပ်နှင့်ကောင်မလေးတွေအားလုံးဟာလည်း သခင်စံဝေကို ၀ိုင်းပြီးတော့ဖက်ထားကြတယ်။ ဒီအချိန်မှာ ဂျပန်ကင်ပေတိုင်ကလည်း သူ့အိတ်ထဲမှာထည့်ထားသည့် ခြောက်လုံးပြူးကိုထုတ်၍ သခင်စံဝေကိုပြန်ပြီးပစ်မယ်လို့လုပ်နေတယ်။ သခင်စံဝေရဲ့ချစ်သူ မသောင်းကလည်း ဂျပန်ကိုပြေးဖက်ပြီး သူ့ချစ်သူ သခင်စံဝေသေမှာကိုနှမြောပြီး သူ့ကိုမပစ်ပါနှင့် ကျွန်မကိုပစ်ပါလို့ ဂျပန်ကင်ပေတိုင်ကိုပြောတယ်။

ကျွန်ုပ်က သခင်စံဝေကိုဖက်ထားသည့်အခါမှာလည်း သခင်စံဝေကို မျက်တောင် ၃-၄ ချက် ခတ်ပြလိုက်တယ်။ ““ကြီးကျယ်သွားမည်၊ မလုပ်ပါနှင့်””လို့လည်း တိုးတိုးပြောလိုက်တယ်။ မသောင်းကလည်း ထပ်ပြောတယ် ““ကျွန်မအတွက်ကြောင့် ရှင်တို့ ၂-ဦးဟာ ဒီလိုဖြစ်ရတာ၊ ဒါကြောင့်ရှင်တို့ ၂-ဦးဟာ တစ်ဦးကိုတစ်ဦးမပစ်ကြပါနှင့်၊ ရှင်တို့ ၂-ဦးစလုံးဟာ ကျွန်မကို ခြောက်လုံးပြူးနှင့်ဝိုင်းပစ်ပါ။ ဒီလိုမှကျွန်မကိုဝိုင်းပြီးမပစ်ချင်လျှင်လည်း ခြောက်လုံးပြူးတွေကို အိတ်ထဲကိုပြန်ထည့်၍ သိမ်းထားကြပါ””လို့ ပြောလိုက်ပြန်တယ်။ ဒီတော့မှ ကျွန်ုပ်ကရော၊ သခင်တင်ကရော၊ မြန်မာစစ်ဗိုလ်ကရော၊ ကောင်မလေးတွေကရော ၀ိုင်းဝန်း၍ပြောကြမှ သခင်စံဝေဟာ ခြောက်လုံးပြူးကိုအိတ်ထဲပြန်ထည့်ထားလိုက်ပါသည်။

ဂျပန်ကင်ပေတိုင်ကိုလည်း အမျိုးသမီး ၄-၅-၁၀ ဦးက အလားတူဒီအတိုင်းဝိုင်းပြောတယ်။ အဲဒီလိုဝိုင်းဝန်းပြီးတော့ပြောမှ ဂျပန်ကင်ပေတိုင်တွေဟာ ခြောက်လုံးပြူးကိုအိတ်ထဲပြန်ထည့် ထားလိုက်တယ်။ ကျွန်ုပ်တို့တတွေ၏ဖြန်ဖြေမှုကြောင့် လျှပ်တပျက် မျက်စိတမှတ်အချိန်ကလေး အတွင်းမှာပဲ မသောင်း၊ သခင်စံဝေနှင့် ကင်ပေတိုင်တို့ ပစ်ခတ်မှုသေပွဲက ပျော်ပွဲရွှင်ပွဲဘ၀သို့ ရောက်ရှိလာရပါတော့သည်။

သခင်တင်၊ သခင်စံဝေနှင့် မြန်မာစစ်ဗိုလ်တို့ဟာ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပြီး ပြန်သွားသည့်အခါ ကျွန်ုပ်ကလည်း သူတို့ ၃-ဦးကို မော်တော်ကားပေါ်အထိ လိုက်ပို့တယ်။ သူတို့ ၃-ဦးအား ကားပေါ်အထိလိုက်ပို့တဲ့အချိန်မှာ သခင်စံဝေဟာ ဘေးပတ်ပတ်လည်ကို မျက်လုံးနှင့် ကြည့်ပြီး ဘယ်သူမှမရှိသည့်အခါမှ ကျွန်ုပ်ကိုပြောတယ် ““မထူးတော့ပါဘူး၊ ဘာဖြစ်လို့ ကျွန်တော် ဒီလိုလုပ်ရသလဲဆိုလျှင် တော်လှန်ရေးကြီးလည်းနီးကပ်နေပါပြီ””လို့ ပြန်ပြောတယ်။ အဲဒီတော့ ကျွန်ုပ်က ပြန်ပြောလိုက်တယ်။ ““ခင်ဗျားပစ်လိုက်သည့် ကျည်ဆန်တစ်တောင့်ကြောင့် တော်လှန်ရေးကြီးဟာ ပျက်စီးသွားပါလိမ့်မည်။ ဗိုလ်အောင်ဆန်းဟာလည်း တော်လှန်ဖို့ကိစ္စအားလုံးကို စီစဉ်လို့မပြီးသေး ပါဘူး။ ခင်ဗျားဟာ တော်လှန်ရေးကိုဖျက်ဆီးပစ်လိုက်တာနှင့် တူသလိုပဲဖြစ်သွာမှာပေါ့””လို့ ကျွန်ုပ်က ပြန်ပြောလိုက်တယ်။ ဒီတော့မှ သခင်တင်က ““ဦးစပ်စုပြောတာ သိပ်မှန်တာပဲ””လို့ပြောပြီး သူတို့ ၃-ဦးဟာပြန်သွားကြတယ်။

ဒီကိစ္စဟာ ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတော့ သခင်စံဝေနှင့်ဂျပန်ကင်ပေတိုင် ၂-ဦးဟာ တစ်ဦးကိုတစ်ဦး သေနတ်နှင့်ပစ်ခတ်ကြလို့ သခင်စံဝေ ကပစ်လိုက်သည့် သေနတ်ကျည်ဆန် တစ်တောင့်ကြောင့် ဂျပန်ကင်ပေတိုင်တစ်ဦးကိုထိမှန်၍ သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ၊ ၁၀ ရက်လောက်သာလိုတော့သည့် ဂျပန်တော်လှန်ရေးကြီးဟာ ပင်လယ်ထဲကိုမျောသွားသကဲ့သို့ ရှိတော့ မှာပါပဲ။

ကျွန်ုပ်၏စိတ်ထဲမှာ ဒီတော်လှန်ရေးလုပ်ငန်းကြီးနှင့်ပတ်သက်၍ အောက်မေ့ယူဆစဉ်းစားပြီး ဝေဖန်ဆုံးဖြတ်ချက်ချမိတယ်။ ဒီတော်လှန်ရေးလုပ်ငန်းကြီး ထမြောက်အောင်မြင်ပြီးစီးတာဟာ နံပါတ် ၁-ဖြစ်သည့် ကျွန်ုပ်တို့၏စစ်ဝန်ကြီး စစ်သေနာပတိချုပ်ဗိုလ်ချုပ်အောင်ဆန်း၏ အစီအစဉ်ပေးမှု ကောင်းတာရယ်၊ သူ၏တပည့်လက်အောက်ခံ ဗမာ့တပ်မတော်သားတွေဟာလည်း ပေးအပ်လိုက်သည့် တာဝန်ဝတ္တရားအမိန့်တွေကိုမဖေါက်ဖျက်ပဲ တညီတညွတ်တည်းအမိန့်ကိုနာခံတာရယ်၊ စစ်ဝန်ကြီး စစ်သေနာပတိချုပ် ဗိုလ်အောင်ဆန်းအား ၀ိုင်းဝန်းကူညီ အကြံဉာဏ်စီစဉ်ပြုလုပ်ပေးသည့်သူတွေ ကောင်းမွန်တာကတစ်ကြောင်း၊ နောက်ပြီး မြန်မာပြည်တစ်ပြည်လုံးရှိမြန်မာလူမျိုးနှင့် အခြားလူမျိုး အားလုံးဟာလည်း တညီတညွတ်တည်း စည်းရုံးညီညာတာကတစ်ကြောင်း၊ ဒီတော်လှန်ရေးကြီး မစမီအတွင်း တော်လှန်ရေးစိတ်ဓါတ်ကိုမပေါ်လွင်အောင် မျိုသိပ်အောင့်အီးတားဆီးပြီး သည်းခံ၍ ဂျပန်မတရားနှိပ်စက်နေတာကို သိပါသော်လည်း ၁၉၄၅-ခုနှစ်၊ မတ်လ ၂၇-ရက်နေ့ကို မြန်မာပြည် တစ်ပြည်လုံးတစ်ချိန်တည်းတော်လှန်နိုင်အောင် အမျိုးသားအားလုံးဟာ ဂျပန်နှင့်ခိုက်ရန်ဖြစ်ပွားမည့် အလုပ်မျိုးကိုရှောင်ကွင်း၍ နေထိုင်လာခဲ့ကြတာတွေကို ကျွန်ုပ်ဟာတွေးပြီးတော့ စဉ်းစား၍ရခဲ့ပါသည်။ ဟိုစဉ်အခါက သစ္စာဖေါက်သည့်သူများဟာလည်းမရှိပါဘူး။ ကြားလည်းမကြားမိပါဘူး။

၁၉၄၅-ခုနှစ်၊ မတ်လ ၅-ရက်နေ့မှာ စစ်ဝန်ကြီးဗိုလ်အောင်ဆန်းဟာ ကျွန်ုပ်တို့ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီး၏ ထမင်းစားဧည့်ခံကျွေးမွေးပွဲနှင့် ဗမာ့တပ်မတော်ထောက်ပံ့ရေးရန်ပုံငွေ အလှူငွေပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ကြွလာကြပါသည်။ ကျွန်ုပ်တို့တတွေနှင့် ပျော်ပျော် ပါးပါး ပျော်ပျော်ရွှင်ရွှင်နှင့် စားသောက်နေကြသည့်အခါမှာ တရုပ်အမျိုးသားတစ်ဦးနှင့်စကားစပ်မိသည့် အခါ တရုပ်အမျိုးသားများက ““ဂျပန်လူမျိုးဟာ ရုပ်ရည်ကလည်း တရုပ်အမျိုးသားနှင့်တူတယ်။ ဂျပန်စာဟာလည်း တရုပ်စာနှင့်တူတယ်၊ တရုပ်ပြည်နှင့်လည်း နီးစပ်တယ်””လို့ပြောဆိုတယ်။ ဒီတုန်းက ထမင်းစားပွဲမှာ ဖေါ်မိုဆာမှလာသည့်တရုပ်အမျိုးသားတွေလည်း ပါကြပါသည်။

အဲဒီတော့ စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ ခေါင်းကိုခါပြီး၊ ““တရုပ်နှင့်ဂျပန်ဟာ ညီအစ်ကို ဖြစ်ဖို့မကောင်းပါဘူး””လို့ ပြန်ပြောလိုက်တယ်။ ကျွန်ုပ်တို့၏ထမင်းစားပွဲကို တက်ရောက်လာသည့် ဖေါ်မိုဆာလူမျိုးတစ်ယောက်ဟာ စစ်ဝန်ကြီးဗိုလ်အောင်ဆန်းပြောသည့်စကားကို ဂျပန်ကင်ပေတိုင် များအားသွားပြောပြလိုက်သည်။

နောက်တစ်ရက်ကြာသည့်အခါ ဂျပန်ကင်ပေတိုင်ရုံးမှ ဂျပန်အရာရှိနှစ်ဦးဟာ ကျွန်ုပ်ထံကို လာပြီးတော့ စစ်ဆေးမေးမြန်းပါတယ်။ ဗိုလ်အောင်ဆန်းဟာ ဒီစကားကိုပြောတာ မှန်သလား မမှန်ဘူးလား၊ ဟုတ်သလား မဟုတ်ဘူးလားလို့ ကျွန်ုပ်ကိုလာမေးတယ်။ ကျွန်ုပ်ကလည်း ညာလိုက်တယ်။ ဘယ်လိုလုပ်ညာလိုက်သလဲဆိုတော့ ““ဒီအချိန်အခါတုန်းက ထမင်းစားဧည့်ခံပွဲကို တက်ရောက်လာကြသည့်သူတွေဟာလည်းတော်တော်များပါသည်။ ကျွန်ုပ်ဟာ ဟိုစားပွဲကိုပြေးပြီး ဧည့်ခံရ၊ ဒီစားပွဲကိုသွားပြီးဧည့်ခံရနှင့် အလုပ်ကများနေ၍ ဒီစကားကိုမကြားမိလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ခင်ဗျားတို့ဂျပန်ပြည်မှာစစ်ပညာသင်ပြီး ဂျပန်များနှင့်တွဲ၍ မြန်မာပြည်ကို တိုက်လာခဲ့သည့်သူပါ။ ဒီစကားမျိုးကိုတော့ ပြောမည်လို့မထင်ပါဘူး။ ကြားသည့်သူက နားကြားလွဲလို့ ဖြစ်ပါလိမ့်မည်””ဟု ကျွန်ုပ်ကပြောဆို၍ညာလိုက်ပါသည်။

ကျွန်ုပ်ဦးစပ်စုဟာ မြန်မာပြည်မှာကြီး၍ မြန်မာရေကိုသောက်၊ မြန်မာဆန်ကိုစားပြီး မြန်မာတွေရဲ့ကျေးဇူးကိုမကန်းပါဘူး။ ကျွန်ုပ်ဟာ ပေါက်ဖေါ်ကလေးဘ၀မှာ မြစ်ဝကျွန်းပေါ် တောကြိုအုံကြားရွာကလေးမှာနေထိုင်၍ ကောက်စိုက်မမြန်မာအမျိုးသမီးကိုယူလာခဲ့ပါသည်။ ဒုတိယ ပေါက်ဖေါ်လတ်ဘ၀မှာလည်း ရွှေမန်းမှ ပိုးထည်ရောင်းသည့် ဟုတ်ကဲ့ရှင့်ဆိုသည့်မြန်မာအမျိုးသမီး ကိုပဲယူထားပြန်ပါတယ်။ တတိယပေါက်ဖေါ်ကြီးဘ၀ကျရောက်လာပြန်သည့်အခါမှာလည်း ပေါင်းသင်း ဆက်ဆံတတ်သည့်မြန်မာအမျိုးသမီးကိုပဲ ထပ်ယူထားပြန်ပါသည်။ သို့အတွက်နိုင်ငံတော်ကိုလည်း ဘယ်တော့မှသစ္စာမဖေါက်ပါဘူး။ ကျွန်ုပ်ဟာ ကျွန်ုပ်သေပြီးခေါင်းထဲထည့်၍ အပေါ်ကသံချောင်း လေးချောင်းရိုက်ပြီးသည်အထိ သစ္စာမဖေါက်ပါဘူး။ ဒီတုန်းက ကျွန်ုပ်ဟာ နိုင်ငံတော်ကိုသစ္စာဖေါက်ပြီး မညာပဲမှန်မှန်ပြောလိုက်လျှင်ရပါတယ်။ ““ဟုတ်ပါတယ်၊ ဗိုလ်အောင်ဆန်းဟာ ဒီစကားကို ကျွန်ုပ်တို့ ထမင်းပွဲမှာပြောပါတယ်။ ကျွန်ုပ်ကလည်း နားနှင့်သေသေချာချာကြားရပါတယ်””လို့ပြောလိုက်ပြီး နောက်ထပ်ချောက်တွန်းလိုက်ဦးမည်ဆိုလျှင်လည်း ရပါသေးသည်။

““ဗိုလ်အောင်ဆန်းဟာ ဒီစကားကိုပြောတာ အကြံတစ်ခုစိတ်ထဲမှာရှိပါတယ်။ ဂျပန်များကို ဘာလုပ်မလဲတော့မပြောတတ်ပါဘူး။ တစ်ခုခုတော့လုပ်မှာပဲ””လို့ ချောက်တွန်းလိုက်လျှင် တော်လှန်ရေးကြီးမစမီအတွင်း ဂျပန်ကင်ပေတိုင်အဖွဲ့ဟာ စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဗမာ့တပ်မတော်သားတွေကိုပါ အလစ်မပေးတော့ပဲ ဖမ်းဖို့ဟာကသေချာပါတယ်။ ဒီတော်လှန်ရေးကြီး ဟာလည်း တော်လှန်ဖို့အစီအစဉ်မပြီးခင် အားလုံးပျက်စီး၍ ရေထဲသို့မျောသွားသလိုဖြစ်သွားဖို့ဟာ သေချာပါသည်။ မတော်တဆတော်လှန်ရေးကြီးပျက်စီးသွားခဲ့ပါလျှင် ယခုလိုလွတ်လပ်သည့် ပြည်ထောင်စု သမတမြန်မာနိုင်ငံတော်လို့ဖြစ်ချင်မှဖြစ်လာပါဦးမည်။ မလွတ်လပ်သည့်နိုင်ငံဘ၀နှင့် နေချင်နေရပါဦးမယ်။ အထက်ပါအကြောင်းများကို ထောက်ရှုကြည့်ခြင်းအားဖြင့် ကျွန်ုပ်ဦးစပ်စုဟာ ဘယ်တော့မှနိုင်ငံတော်ကြီးကို သစ္စာမဖေါက်ပါဘူးလို့ ရဲရဲဝံ့ဝံ့ဂတိပေးပြောဆိုရဲပါသည်။ ကျွန်ုပ်ညာ လိုက်သည့်ဂျပန်ကင်ပေတိုင်အရာရှိကြီးများကလည်း သိပ်ပြီးမယုံကြည်သေးပါဘူး။ အခြားနေရာများကို လည်းလိုက်လံပြီး စုံစမ်းမေးမြန်းပါသေးသည်။

ကျွန်ုပ်၏ဟော်တယ်ကိုလည်း မြန်မာခေါင်းဆောင်ကြီးများနှင့် လူကြီးလူကောင်းများဟာ အမြဲလာရောက်ပြီး စားသောက်ကြပါသည်။ ၀င်ထွက်သွားလာမှုကလည်း အမြဲရှိပါသည်။ သို့အတွက် ဂျပန်ကင်ပေတိုင်ရုံးမှ ဂျပန်ကင်ပေတိုင် ၂-ဦးကို ကျွန်ုပ်၏ဟော်တယ်မှာ မြန်မာခေါင်းဆောင်ကြီး များနှင့် လူကြီးလူကောင်းများ အမြဲတမ်းဝင်ထွက်သွားလာမှုရှိသောကြောင့် သိပ်ပြီးအယုံအကြည် မရှိသည့်သဘောဖြင့် လေ့လာစုံစမ်းဖို့ အမြဲချထားပါသည်။ ကျွန်ုပ်ဟော်တယ်ကိုလေ့လာစုံစမ်းဖို့ ချထားသည့်ဂျပန်နှစ်ဦးဟာလည်း သခင်စံဝေနှင့် တစ်ခါကရန်ဖြစ်သည့် ဂျပန်တွေဖြစ်နေပါသည်။ ဒီတုန်းက အကယ်၍ သခင်စံဝေဟာ ခြောက်လုံးပြူးနှင့်ပစ်လိုက်၍ ဂျပန်ကင်ပေတိုင် တစ်ဦးဦးသာ သေသွားခဲ့ပါလျှင် ကျွန်ုပ်ရော၊ သခင်တင်ရော၊ သခင်စံဝေရော၊ မြန်မာစစ်ဗိုလ်ကြီးရော အကုန်လုံးကို ဖမ်းပြီး သို့မဟုတ် တစ်ဦးဦးကိုဖမ်းဆီးပြီး ရေနွေးပူလောင်း၊ လက်သည်းခွာ၊ နေပူလှန်း၊ ထုပ်မှာ လူကိုကြိုးနှင့်ချည်ပြီး၊ ဖက်ဆစ်ညှင်းဆဲနည်းမျိုးစုံနှင့် ညှင်းဆဲခံရမှာကလည်းတစ်ကြောင်း၊ နောက်ပြီးတော့ တို့ဂျပန်တွေမြန်မာပြည်မှာ ၃နှစ် ၃မိုးအုပ်စိုးလာခဲ့တာ တို့ဂျပန်တွေကို တရုပ်အမျိုးသား၊ အိန္ဒိယ အမျိုးသား၊ မြန်မာအမျိုးသားတွေဟာ တို့ဟာဘယ်လောက်ညှင်းပန်းနှိပ်စက်ပေမယ့် သူတို့ဟာ ဘာမှ ပြန်ပြီးမခုခံခဲ့ဘူး။ အခုတော့ပြန်ပြီးခုခံတယ်ဆိုပြီး လိုက်လံစုံစမ်း၍ ကျွန်ုပ်တို့ ၄-ဦးတင်မက သခင်စံဝေ ခြောက်လုံးပြူးနှင့်ဂျပန်ကင်ပေတိုင်ကို ပစ်သတ်လိုက်သည့်အမှုဟာ စစ်ဝန်ကြီးနှင့်တကွ မြန်မာ ခေါင်းဆောင်ကြီးများအားလုံးကို တော်လှန်ရေးကြီးမစမီ ဂျပန်ကင်ပေတိုင်များဟာ အယုံအကြည် မရှိတော့ပဲ ကျိန်းသေ အသေအချာအဖမ်းခံရမှာ သေချာပါသည်။

No comments:

Post a Comment