Thursday, September 9, 2010

ညောင်ရမ်းဆရာတော်ဘုရား

ညောင်ရမ်းဆရာတော်ဘုရား

          ကုက္ကိုင်းဟာမစ်တစ်သာသနာ့ရိပ်သာတွင် တည်းခိုသီတင်းသုံးနေသော အဘိဓဇမဟာရဋ္ဌဂုရု ဘဒန္တ ရ၀တာ ဘိဝံသ ညောင်ရမ်းဆရာတော်ဘုရားကြီးထံသို့ ကျွန်ုပ်တို့ဇနီးမောင်နှံသည် မကြာခဏသွားရောက်၍ ဖူးမျှော်ကန်တော့လေသည်။ ၁၉၅၁-ခုနှစ်၊ ဇူလိုင်လ ၇-ရက်နေ့တွင် ကျွန်ုပ်တို့ဇနီးမောင်နှံသည် ညောင်ရမ်း ဆရာတော်ဘုရားကြီးထံသို့ ရောက်သွားပြီးလျှင်
          ““အရှင်ဘုရား.. တပည့်တော်နေအိမ်သို့ သက်သတ်လွတ်ဆွမ်းစား ကြွတော်မူပါ၊ ၀ါဆိုသင်္ကန်း လည်းကပ်လှူပါ့မယ်ဘုရား”” ဟူ၍ လျှောက်ထားသည်။
         
ဆရာတော်ဘုရား ကြီးကလည်း ၉-ရက်နေ့ နံနက် ငါးနာရီခွဲအချိန်တွင် ကြွမည့်အကြောင်းကို မိန့်ကြားလေ၏။ ကျွန်ုပ်သည် တရုပ်အင်္ဂ၀ိဇ္ဇာပညာကို ခေါက်မိထားသူပီပီ တွေ့လေ သောသူ၊ မြင်မြင်သမျှအရာ များကို သတိပြုလေ့ရှိသည်။ ဤတစ်ကြိမ် ညောင်ရမ်းဆရာတော်ဘုရားကြီးအား ကျွန်ုပ်တွေ့မြင်ရသည်မှာ များစွာစိတ်မကောင်းဖြစ်မိ၏။
          အကြောင်းမူကား ညောင်ရမ်းဆရာတော်ဘုရားကြီးသည် သက်သတ်လွတ်ဆွမ်းခဲဖွယ်ဘောဇဉ်ကို များများစားစားမကုန်ပေ။ ပြီးနောက် ဆရာတော်ဘုရားကြီးသည် ဆဋ္ဌသံဂါယနာတင် မဟာဓမ္မသဘင်ကြီးတွင် သံဃမဟာနာယကအဖြစ်ဖြင့် တာဝန်ယူထားသည်ကလည်း လွန်စွာမှ အလုပ်များလျက်ရှိသည်။ ကျွန်ုပ်နှင့် တွေ့လေသောအချိန်ပိုင်းတွင် ဆရာတော်ဘုရားကြီးသည် များစွာမှစိတ်တိုလျက်ဖြစ်နေသည်ကို တွေ့မြင်ရ၏။
          ထို့ထက်ပိုမိုသည်ကား ဘယ်ဘက်မျက်ခွံအောက်တွင် အရေပြားပေါ်၌ အမဲကွက်တစ်ကွက် ထင်ထင်ရှားရှားပေါ်လွင်နေသည်ကိုတွေ့ရ၏။ ဤအမဲကွက်ကား တရုပ်အင်္ဂ၀ိဇ္ဇာအရကြည့်လျှင်မကောင်း၊ များအကြာမီကာလအတောအတွင်း၌ သေဆုံးတော့မည့်နိမိတ်အမှတ်အသားပင်တည်း။

ယင်းသို့ ဆရာတော်ဘုရားအား အိမ်သို့ ဆွမ်းသင်္ကန်းကပ်လှူရန် လျှောက်ထားပြီးနောက် ၈-ရက်နေ့ နံနက်ဆယ်နာရီတွင် မျှော်လင့်မထားသောဆရာတော်ဘုရားသည် အိမ်သို့ကြွလာသည်။
          ကျွန်ုပ်သည်လည်း သတိမထားမိ၊ အိမ်အောက်ထပ်တွင်ရှိသောလူများနှင့်လမ်းသွားလမ်းလာများသည် ရုတ်ရုတ်သဲသဲဖြစ်လာတော့သည့် အသံဗလံများကြားရသည်။ ကျွန်ုပ်သည် ပြူတင်းပေါက်မှနေ၍ လမ်းပေါ်သို့ ကြည့်လိုက်သည်။ သာသနာ့အလံလွှင့်ထူထားသော (ပိုက်ကက်)ကားပေါ်မှ ညောင်ရမ်းဆရာတော်ဘုရားကြီး သည် ဆင်းလာတော်မူ၏။ ဆရာတော်စီးလာသောကားသည် လမ်းမတော်လမ်းထောင့်တွင်ရပ်ထားသည်။ ဆရာတော်ဘုရားကိုတွေ့မြင်လေသော ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် ပလက်ဖေါင်းပေါ်၌ပင်လျှင် ဆရာတော်အား လက်ဆယ်ဖြာမိုး၍ ရှိခိုးကန်တော့နေသည်ကို တွေ့မြင်ရပေသည်။
ကျွန်ုပ်သည် လွန်စွာမှ အံ့သြသွားလေသည်။
          အမှန်ကား ဆရာတော်ဘုရားကြီးအား ပင့်ဖိတ်ထားသည်မှာ သည်နေ့မဟုတ်၊ မနက်ဖြန်ဖြစ်သည်။ ယနေ့ မမျှော်လင့်ပဲနှင့် ဆရာတော်ကြီး အိမ်သို့ကြွရောက်လာလေသည်။ ဆရာတော်ဘုရားကြီးသည် နေ့စွဲ နေ့ရက်များ အမှတ်မှားလေသလောဟု ကျွန်ုပ်စိတ်ဝယ် ထင်မိသည်။ မည်သို့ပင်ဖြစ်စေ ဆရာတော်ဘုရားကြီးနှင့် တွေ့လေလျှင် အကျိုးအကြောင်းသိရပေမည်။
          ကျွန်ုပ်တို့ဇနီးမောင်နှံသည် အိမ်အောက်ထပ်သို့ဆင်းကာ ဆရာတော်ဘုရားကြီးအား သွားရောက်၍ တွဲကာ အိမ်ပေါ်သို့ပင့်ဆောင်လာသည်။ ကျွန်ုပ်သည် ဆရာတော်ဘုရားကြီး၏ချိုင်းအောက်တွင် လက်လျှို၍ တွဲပင့်ခေါ်ဆောင်လာသောအခါတွင် အရိုးပေါ်အရေတင်နေပြီး အားအင်ချိနဲ့နေသည်ကို တွေ့မြင်ရသည်။ ကျွန်ုပ်၏အိမ်အပေါ်ထပ်သို့ရောက်လေသောအခါ ဆရာတော်ဘုရားကြီးသည် အဘယ်စကားမှ မမိန့်ကြားနိုင်သေး။ ဇရာကထောင်းနေပြီဖြစ်၍ မောပန်း၍နေသည်ကိုတွေ့ရ၏။ ဆရာတော်ဘုရား အမော ပြေလေသောအခါမှ ကျွန်ုပ်သည် ဘိလပ်ရည်ဆပ်ကပ်လှူဒါန်းသည်။ ထို့နောက်ဆရာတော်ဘုရားက ““ဒကာတော့်အိမ်လာကြည့်တာပါ””ဟူ၍သာ ပြောကြားပြီး ပြန်ကြွသွားလေသည်။ ကျွန်ုပ်တို့ဇနီးမောင်နှံ နှစ်ယောက်သည် ကားပေါ်အရောက် ဆရာတော်အား လိုက်ပို့ကြလေသည်။
          နောက်တစ်နေ့နံနက် ငါးနာရီခွဲအချိန်တွင် ကျွန်ုပ်သည် ကားဖြင့်သွား၍ ဆရာတော်ဘုရားကို ပင့်သည်။ ဆရာတော်ဘုရားသည် သူ့ကားဖြင့်ကြွလာသည်။ ကျွန်ုပ်သည် အိမ်၌ ဆရာတော်ဘုရားအား ၀ါဆိုသင်္ကန်းကပ်လှူပြီး သက်သတ်လွတ်ဆွမ်းကျွေးရန် အသင့်ဖြစ်နေပြီးဖြစ်၏။ ပြီးနောက်တွင်ကား သရက်တောကျောင်းတိုက်မှဆရာတော်များလည်း ပင့်ဖိတ်ထားသေးသည်။
          ဆရာတော်ဘုရား အိမ်သို့ရောက်လေသော် ဆွမ်းကပ်သည်။ ဆရာတော်ဘုရားသည် ကျွန်ုပ်တို့ ကပ်လှူသောသက်သတ်လွတ်ဆွမ်းကို ဖြေးဖြေးချင်းဘုဉ်းပေးသည်။ ကျွန်ုပ်သည်ကား ဆရာတော်နောက်နားတွင် ကပ်ကြည့်နေသည်။ ကျွန်ုပ်သည် စိတ်စေတနာထက်သန်စွာဖြင့် စားသုံးရန် သက်သတ်လွတ်ဆွမ်းဟင်းလျာ များကိုချက်ပြုတ်ထားသော်လည်း ဆရာတော်ဘုရားသည် နည်းနည်းသာဘုဉ်းပေးသည်ကိုတွေ့မြင်ရ၍ ကျွန်ုပ်သည် စိတ်မကောင်းပေ။      
          ဤဖြစ်အင်ကိုကြည့်၍ ရှေ့တွင် ဆရာတော်ဘုရားသည် မည်သို့မည်ပုံဖြစ်ပျက်တော့မည်ကို ကျွန်ုပ်က ကြိုတင်၍သိမြင်နေလေသည်။ ယင်းအခိုက်အတန့်ဝယ် ကျွန်ုပ်ဖတ်ပြီး မှတ်သားထားဖူးသော တရုပ်ပြည်၏ သုံးပြည်ထောင်ရာဇ၀င်ထဲမှ ကဏ္ဍတစ်ခုကို သွားသတိရမိသည်။
          တရုပ်ပြည်၏သုံးပြည်ထောင်ရာဇ၀င်တွင် အလွန် အမည်ထင်ရှားကျော်ကြားသော နန်းရင်းဝန်နှင့် စစ်သေနာပတိချုပ်ရာထူးနှစ်ခုကို လက်ဝယ်ရရှိထားသော ခုံ့ဘိန်ဆိုသူရှိလေ၏။ သူသည် မြန်မာရာဇ၀င်ထဲ၌ ဥတည်ဘွားအဖြစ်ဖြင့်ပါဝင်သူဖြစ်သည်။ ဤခုံ့ဘိန်သည် စစ်တိုက်ရေးပညာလွန်စွာကြွယ်ဝပြီး၊ စစ်ပွဲတိုက် လေတိုင်း အောင်မြင်မှုရရှိလေသည်။ ခုံ့ဘိန်နှင့်စစ်ပြိုင်ဘက်ဖြစ်သူမှာ အခြားပြည်ထောင်စုမှ စစ်သေနာပတိချုပ် စူမာအီဖြစ်သည်။ သူသည် ဉာဏ်နီဉာဏ်နက်လွန်စွာများပြားသော ခုံ့ဘိန်နှင့် စစ်တိုက်လျှင် အမြဲတမ်း ရှုံးနိမ့်ခဲ့သူတစ်ယောက်ဖြစ်သည်။ ကြာလေသောအခါ စူမာအီသည် ခုံ့ဘိန်နှင့် စစ်ပြိုင်၍မတိုက်ရဲ၊ မတိုက်ဝံ့သော အခြေအနေသို့ပင် ဆိုက်ရောက်နေလေတော့သည်။ ထို့ကြောင့် သူ့မြို့ကိုသာကာကွယ်ပြီး ခံစစ်ဖြင့်သာ ခုံ့ဘိန်၏ထိုးစစ်တိုက်ခိုက်ခြင်းကို တွန်းလှန်ဖြိုဖျက်ရလေသည်။
          စစ်အပွဲပွဲနွဲလာခဲ့၍ အောက်မြင်မှုရလေသောခုံ့ဘိန်သည် စူမာအီနေထိုင်သော မြို့ဝသို့သွားရောက်၍ မချေမငံရိုင်းပြစွာပြောဆိုပြီး၊ စူမာအီစစ်တိုက်ခိုက်ရန်စိတ်ကို နှိုးဆွလေ၏။ သို့သော် စူမာအီသည် တုတ်တုတ်မျှ မလှုပ်၊ ငြိမ်ချက်သားကောင်းနေသေးသည်။
          ဤတွင် ခုံ့ဘိန်သည် သူနှင့်စစ်ပြိုင်ဘက် စူမာအီကိုယ်ကာယနှင့်တော်လေသော မိန်းမအ၀တ်တန်ဆာ တစ်ကိုယ်စာချုပ်၏။ ပြီးနောက် မိန်းမများချယ်သသော မျက်နှာချေများကိုသုတ်၊ တပည့်ကျော်ဖြစ်သူနှင့် စူမာအီထံသို့အရောက်ပို့လိုက်သည်။ ခုံ့ဘိန်၏တပည့်ကျော်သည် စူမာအီရှေ့မှောက်သို့ရောက်လေသောအခါ ခုံ့ဘိန်ပေးလိုက်သည့် အ၀တ်အစားများကိုပေး၏။ ထို့နောက် ဆရာခုံ့ဘိန်မှာကြားသည့်အတိုင်း ““စူမာအီ ယှဉ်ပြိုင်ဖို့မတိုက်ရဲလျှင်.. ခုပို့လိုက်တဲ့အ၀တ်အစားများကို ၀တ်ဆင်ထားဖို့ပေးလိုက်ပါတယ်””ဟူ၍ ပြောလေသည်။
          မဆိုင်းတခဏအတွင်း၌ပင် စူမာအီသည် ခုံ့ဘိန်ပေးပို့လိုက်သော အ၀တ်အစားများကို ၀တ်ဆင်လိုက်သည်။ မျက်နှာချေများကို မျက်နှာ၌ခြယ်သလိုက်သည်။ ဤမိန်းမအ၀တ်အစားများဖြင့် ခုံဘိန်၏တပည့်ကျော်ကို ထွက်တွေ့ဧည့်ခံပြီး ဟင်းထမင်းကောင်းများကို ကျွေးမွေးသည်။ ပြီးနောက်မှ စကားလက်ဆုံကျပြီး စူမာအီက ...
          ““ခုံ့ဘိန်ဟာ သိပ်အလုပ်များမှာပေါ့””
          ““နန်းရင်းဝန်နဲ့ စစ်သေနာပတိချုပ်တာဝန်နှစ်ရပ်စလုံးကိုယူထားတော့ အလုပ်သိပ်များနေပါတယ်””
          ““သူ့အစားအသောက်ကော အရင်လိုများများစားစား စားနိုင်သေးရဲ့လား””
          ““ခုံ့ဘိန်ဟာ အရင်လို အစားအသောက်ကို များများစားစား မစားသောက်နိုင်တော့ဘူး .. နည်းနည်းပဲ စားသောက်နိုင်တော့တယ်””
          ““ယင်းသို့ စကားများကို ကြားမိလေသောစူမာအီသည် တပည့်ကျော်အပြန်တွင် ခုံ့ဘိန်ထံသို့ စာတစ်စောင်ရေးပေးလိုက်သည်။ တပည့်ကျော်ပြန်လာပြီး သူ့ဆရာခုံ့ဘိန်နှင့်တွေ့လေသော်၊ စူမာအီနှင့် တွေ့ကြုံခဲ့ရသော အခြေအနေအရပ်ရပ်ကို  မထိန်မ၀ှက်အစီရင်ခံလေသည်။ ပြီးမှ စူမာအီရေးပေးလိုက်သော စာလွှာကို သူ့ဆရာအားထုတ်ပေးလိုက်သည်။ စူမာအီထံမှစာလွှာကို ခုံ့ဘိန်မြင်လေသော်၊ လွန်စွာမှ စိတ်ထိခိုက်သွားသည်။ ဤစူမာအီ၏စာလွှာသည် တရုပ်စာ ၇-လုံးထဲသာဖြစ်သည်။ တရုပ်အသံထွက်အတိုင်း ရေးရပါလေသော် ...    
          ““စစ်ရှောက်စူ ၀မ်ကီလိန်ကျူ””
          သဘောအဓိပ္ပါယ်ကား အစားနည်းနည်းစားပြီး အလုပ်များများလုပ်သူသည် ကြာကြာအသက်မရှည်နိုင် ဟူ၍သာဖြစ်လေသည်။ ယင်းသို့သော စာ ၇-လုံးကိုမြင်မိလေသောခုံဘိန်သည် သူ့ကို စူမာအီက ရုပ်ပိုင်း ဗေဒင်ဟောလိုက်ပြီဖြစ်ကြောင်းကိုသိလိုက်၏။ သည့်နောက် တစ်လအကြာတွင် ခုံ့ဘိန်သည် ကွယ်လွန်အနိစ္စရောက်သွားသည်။ ခုံ့ဘိန်သည် သူကွယ်လွန်သောအချိန်၌ ၅၄-နှစ်သာရှိသေးသည်။
          ဤရာဇ၀င်ကို သိနှင့်ထားသောကျွန်ုပ်သည် ဆရာတော်ဘုရား အစားနည်းနည်းဘုဉ်းပေးသည်ကို တွေ့မြင်ရလေသော်၊ များစွာစိတ်မကောင်းဖြစ်မိသည်။ ဆွမ်းဘုဉ်းပေးပြီးလေသော် ကျွန်ုပ်တို့ဇနီးမောင်နှံသည် ကိုယ့်မိတ်ဆွေများနှင့်အတူ ဆရာတော်အား ၀ါဆိုသင်္ကန်းကပ်လှူပြီး သီလယူရေစက်ချသည်။ သို့ပြီးလေမှ ကျွန်ုပ်တို့ပြုပြုသမျှ အမျှအတန်းပေးဝေကြသည်။
          ယင်းသည်တို့ကား ညောင်ရမ်းဆရာတော်ဘုရားနှင့်ကျွန်ုပ် ဆုံခဲ့ရပုံများပင်တည်း။
          နောက်တစ်နှစ်ခန့်အကြာ (၁၉၅၅-ခုနှစ်၊ မတ်လ ၇-ရက်နေ့ နံနက်ဆယ်နာရီ၊ တစ်ဆယ့်သုံးမိနစ် အချိန်)တွင် ညောင်ရမ်းဆရာတော်ဘုရားကြီးသည် ဘ၀နတ်ထံပျံလွန်တော်မူသည်ဟူသော သတင်းဆိုးကြီးကို ကြားလိုက်ရလေသည်။ ကျွန်ုပ်သည်လည်း ဆရာတော်ဘုရားကြီးနှင့်ပတ်သက်နေသော ဒကာဒကာမဖြစ်နေ၍ မနေနိုင်ရှာ၊ ဆရာတော်ဘုရားကြီး၏ ဈာပနကိစ္စအ၀၀ကို သွားရောက်ကူညီရလေသည်။
          ထိုစဉ်ကကျွန်ုပ်သည် ဗွီစီးကရက်ကုမ္ပဏီမဏ္ဍပ်ထဲတွင်ရှိသည်။ ဆရာတော်ကြီး၏ဈာပနကို လာရောက်သောလူအများကို ဗွီစီးကရက်မဏ္ဍပ်မှထမင်းကျွေးသည်။ စီးကရက်ဖြင့်ဧည့်ခံသည်။ ကျွန်ုပ်အဖို့တွင်ကား ကိုးကွယ်ရာဆရာတစ်ဆူ ဆုံးပါးသွားလေသည်တကား။

No comments:

Post a Comment