Saturday, September 11, 2010

စစ်ပြေးဒုက္ခသည်များ


စစ်ပြေးဒုက္ခသည်များ
         
တိုင်းပြည်အေးချမ်းတည်ငြိမ်နေချိန်ဝယ် ညီညီညွတ်ညွတ်နေထိုင်လာခဲ့ကြသော ဤလူမျိုး သုံးဦးသည် တိုင်းပြည်တွင်ကြမ္မာကလည်းဆိုး၊ ကံကလည်းညှိုးလာသောအခါ မည်သို့မည်ပုံ နေထိုင်လာခဲ့သည်ကိုလည်း တင်ပြလိုပါသေးသည်။
          ၁၉၄၁-ခုနှစ် ဒီဇင်ဘာလ ၈-ရက်နေ့၊ ထိုနေ့တွင် ပါးဟာဘာ(ပုလဲကျွန်း)ကို အမှတ်မထင် နီပွန်လေယာဉ်ပျံများက ဗုံးကြဲလိုက်လေသည်။ ဤသို့ တစ်ဖက်လူအလစ်တွင် ၀င်ရောက်ပြုလိုက် သောအလုပ်ကြောင့် ဗမာပြည်ဝယ်နေထိုင်ကြသော အများပြည်သူသည် စိတ်တထင့်ထင့်နှင့် နေထိုင်ရလေသည်။ နောင်သောအခါတွင် မည်သို့သောအခြေအနေဆိုးသို့ ဆိုက်ရောက်လာဦးမည် ဟူသော စိုးရိမ်စိတ်မီးပွားကလေးများ လူတိုင်း၌တောက်လောင်လျက်ရှိနေချိန်ဖြစ်၏။
          ကျွန်ုပ် မှတ်မှတ်ရရ ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၂၃-ရက်နေ့ နံနက် ၁၀-နာရီ၊ ၃၅-မိနစ်အချိန်တွင် နီပွန်ဂျပန် စစ်လေယာဉ်ပျံ ၂၇-စင်းသည် ရန်ကုန်မြို့သို့ ဝေဟင်ခရီးဖြင့် လာကြသည်။ ထိုမကောင်းဆိုးရွား စစ်လေယာဉ်ပျံများ လမ်းမတော်ပိုင်းသို့ ဗုံးကြဲရန်လာကြသည် ထင်၏။ ထိုစဉ်ဝယ် တစ်မြို့လုံးသောလူအများသည် အထူးအဆန်းသဖွယ်ထင်မှတ်ပြီး ထွက်၍ ကြည့်သူက ကြည့်နေကြပါသေးသည်။
          ထိုအချိန်ဝယ် လမ်းမတော်ထိပ်တွင်ရပ်နားထားသော အင်္ဂလိပ်သင်္ဘောမှ အမြှောက်ဖြင့် ပစ်လိုက်၍ ဂျပန်လေယာဉ်ပျံတစ်စင်းသည် မီးလောင်ပြီးပျက်ကျခဲ့ပါသည်။ လေယာဉ်ပျံ၏ ကိုယ်ပိုင်းမှာ ၁၇-လမ်း သံဈေး အနီးတွင်ကျခဲ့သည်။ လေယာဉ်ပျံ၏ ဦးခေါင်းပိုင်းသည် ၁၅-လမ်း အိမ်အမှတ် ၉၁-တွင် ကျပါသည်။ လေယာဉ်ပျံမောင်းသော ဂျပန်စစ်သားသည် ရန်ကုန်မြစ်ထဲသို့ လေထီးဖြင့်ဆင်းလေသည်။
          ဂျပန်လေယာဉ်ပျံ ၂၇-စင်းလာသည့်အနက် တစ်စင်းပျက်ကျလေသောကြောင့် ၂၆-စင်းသာ ကျန်ပါတော့သည်။ ဤ ၂၆-စင်းသောလေယာဉ်ပျံသည် အိန္ဒိယအမျိုးသား အများအပြား နေထိုင်သော ကုလားတန်းဘက်သို့ သွားရောက်၍ ဗုံးနှင့်ကြဲ စက်သေနတ်ဖြင့် ပစ်လေတော့၏။
          ထိုအခါက အပြစ်မဲ့သော အိန္ဒိယအမျိုးသား ၆၀၀-ကျော်ခန့် သေဆုံးခဲ့၏။ ဤအထဲ ဗမာနှင့်တရုပ်အမျိုးသားများလည်း သေဆုံးသည့်စာရင်းထဲတွင် ပါဝင်သေးသည်။ အားလုံး သေဆုံးသူစုစုပေါင်း ၁၀၀၀-ကျော်ခန့်ဖြစ်၏။
          အချို့ အသက်မသေကြသူများမှာ ဗုံးဆန်မှန်၍၎င်း၊ စက်သေနတ်ကျည်ဆန်မှန်၍ ၎င်း၊ ခြေပြတ်လတ်ပြတ် သွေးသံရဲရဲဖြင့် ကြက်သီးထဖွယ် မြင်တွေ့ရလေသည်။ မြင်ရသူအပေါင်းသည် စိတ်မကောင်းဖြစ်ရ၏။
          အသေဆိုးဖြင့် သေဆုံးရသူများကလည်း ဇက်ပြတ်သူကပြတ်၊ ကိုယ်ပြတ်သူကပြတ်၊ ခေါင်း လက် ကိုယ် ခြေထောက် တစ်ခြားစီဖြစ်နေသည်မှာ ကလေးကစားစရာအရုပ်များကို တစ်ပိုင်းစီ ချိုးဖဲ့ဖြတ်တောက်၍ လမ်းပေါ်တွင်ပစ်ထားသည်ကဲ့သို့ပင် ဖြစ်လေသည်။ သို့ကလို မြင်တွေ့ရသော အလောင်းကောင်များကို မြူနီစပါယ် အမှိုက်ကျုံးသောကားကြီးဖြင့် ငပိငချဉ် သိပ်၍သယ်ယူသွားသည်ကို မြင်တွေ့ခဲ့ရပါသည်။
          နောက်တစ်ကြိမ်လာပြန်သေး၏။ ထိုနေ့က ဒီဇင်ဘာလ ၂၅-ရက် (အင်္ဂလိပ် ခရစ်စမတ်နေ့) ဤနေ့တွင် ဂျပန်က ခရစ်စမတ်လက်ဆောင် လာပေးဟန်တူ၏။ ဤတစ်ကြိမ်တွင်လည်း ဂျပန်လေယာဉ်ပျံများသည် ရန်ကုန်မြို့အနှံ့အပြားတွင် ဗုံးမိုးရွာချပါ တော့သည်။ ပထမအကြိမ်လောက် အသေအပျောက် မများလှပေ။ သို့သော် တော်တော်များ များကား သေပေသေး၏။
          ဤသို့ ဂျပန်ဗုံးဒဏ်ကို နှစ်ကြိမ်တိတိ ခံစားရပြီးနောက် မြို့နေလူထုသည် မော်တော်ကား၊ မီးရထား၊ မီးသင်္ဘောများစီး၍ နေ့စဉ်ရက်ဆက် ထွက်ခွာရှောင်တိမ်းကြတော့သည်။ ဤအချိန်က ဆိုလျှင် မီးရထား၊ မီးသင်္ဘောများမှာ အမိုးပေါ်မှလိုက်ကြသည်အထိ စစ်ပြေးဒုက္ခသည်များ ပြည့်ကျပ်လျက်ရှိ၏။ ပြည်လမ်းတစ်လျောက်တွင်လည်း ကုန်းကြောင်းလျှောက်သော ရန်ကုန်စစ်ပြေး ဒုက္ခသည်များမှာလည်း တစ်တန်းကြီးဖြစ်လေသည်။
          ထို့နောက်တွင် ရန်ကုန်မြို့၌နေလျှင် စိတ်မချရသောအခြေအနေသို့ဆိုက်လာ၏။ ယင်းအခြေအနေကို အခါအခွင့်ကောင်းယူ၍ကာလပျက်တွင် သူဌေးဖြစ် အပွကြံလိုသူများကလည်း ခြေချင်းလိမ်လျက်ရှိ၏။ ရန်ကုန်ထောင်ကြီးမှ အကျဉ်းသားများအားလည်းကောင်း၊ အရူးထောင်မှ စိတ္တဇရောဂါသည်များအားလည်းကောင်း၊ သွားလိုရာသို့သွားရန် တံခါးဖွင့်ပေးလိုက်လေသည်။ သည်ကာလဆိုးကြီးဝယ် ရမ်းကားသူများက သူ့ထက်ငါအပြိုင်အဆိုင် မတရားပြုလုပ်လာသဖြင့် မြို့စောင့်တပ်က သေနတ်ဖြင့်ပစ်သတ်၍ နှိမ်နင်းရသည်အထိ ဖြစ်လာလေသည်။
          ၁၉၄၂-ခု ဖေဖေါ်ဝါရီလ ၂၀-ရက်နေ့တွင် မြို့စောင့်တပ်က “၄၈-နာရီအတွင်း မြို့သူမြို့သားများအား လုံးဝထွက်ခွာရမည်” ဟူသော အမိန့်ထွက်လာ၏။ ဤအမိန့်ထွက်လာသည့် နေ့မှာပင်  စစ်နှင့်ပတ်သက်၍ အရေးကြီးသော သင်္ဘောဆိပ်တံတားကြီးများကို မြေလှန်စံနစ် အသုံးပြု၍ ဗုံးများဖေါက်ခွဲလေတော့သည်။
          ဖေဖေါ်ဝါရီလ ၂၂-ရက်နေ့က နောက်ဆုံးထွက်ခွာရမည့်ရက်ဖြစ်၏။ ဤနေ့ညနေပိုင်းတွင် မူကား စစ်နှင့်ပတ်သက်လျှင်အသုံးဝင်မည့်နေရာမှန်သမျှ မီးရှို့ဖျက်ဆီးပစ်လေတော့သည်။ ထိုအချိန်ကဆိုလျှင် ရန်ကုန်မြစ်တစ်ဖက်ကမ်းမှနေ၍ ကြည့်လျှင် မီးတောက်မီးလျှံများ ကောင်းကင်သို့ထိုးထွက်နေပြီး၊ မီးခိုးတလူလူဖြစ်နေသော ရန်ကုန်မြို့ကြီးကို တွေ့ရပေမည်။ ဤအချိန်တိုင်အောင်ပင် ခြေသလုံးအိမ်တိုင်သမားများ ရန်ကုန်မြို့ဝယ် ရှိနေကြသေးသည်။
          ထိုစဉ်က ရန်ကုန်မြို့ဝယ်ရှိသော တရုပ်အမျိုးသားနာမည်ကြီးများနှင့် လူလတ်တန်းစား တို့သည် ရန်ကုန်မှနေ၍ မန္တလေး၊ မန္တလေးမှနေ၍ လားရှိုး၊ လားရှိုးမှနေ၍ ၀မ်တိန်၊ ၀မ်တိန်မှ နေ၍ ပို့စမ်း၊ ပို့စမ်းမှနေ၍ ခွန်မှိန်း၊ ခွန်မှိန်းမှနေ၍ တရုပ်ပြည်မကြီးထဲ ၀င်ပြေးကြပါသည်။ ဤသို့ပြေးကြသည်မှာ ကားဖြင့်တစ်မျိုး ခြေလျင်ဖြင့်တစ်နည်း ပြေးကြရ၏။ လူစုလူဝေးစု၍ ခြေကျင်လျောက်ကြရသော စစ်ပြေးဒုက္ခသည်များ၏ ဒုက္ခမှာ မသေးငယ်လှပါ။ လမ်းကလည်း အလွန်ကြမ်း၏။ ရာသီဥတုကလည်း အလွန်ချမ်း၏။ ထိုအထဲ ဆေးကလည်း လုံလုံလောက်လောက် မရှိပေ။ သက်ကြီးရွယ်အိုများကို ခရီးရှည်သယ်ပိုးပြီး မယူခဲ့နိုင်။ ယင်းကြောင့် လမ်း၌ပင်ပစ်၍ထားခဲ့ရ၏။ ကလေးငယ်များလည်း ထို့အတူပင်။ အစားအသောက်ကလည်း လွန်စွာမှရှားပါးနေချိန်ဖြစ်သည်။ လမ်း၌ မကျန်းမမာဖြစ်ပြီး သေကြေပျက်စီးသူ များစွာရှိလေသည်။
          ဗမာပြည်မှ လူ၁၀-ယောက် တရုပ်ပြည်သို့သွားလျှင် လူ၅-ယောက်သာ ကံကောင်း ထောက်မ၍ အသက်မသေပဲရောက်ကြ၏။ ကျန်လူများကား လမ်း၌သေပွဲဝင်ခဲ့ကြလေပြီ။
          ဤသည်တို့ကား စစ်ဖြစ်ခြင်း၏ ဘေးဒုက္ခဆိုး အမျိုးမျိုးဖြစ်လေသည်။ အစိုးရချင်း မသင့်၍စစ်ဖြစ်လျှင် နောက်ဆုံးအနာခံရသူများမှာ အပြစ်မဲ့သော ပြည်သူများသာဖြစ်လေသည်။
          ထိုသည်ကား ကိုယ့်တိုင်းပြည်မှန်သော်လည်း ကိုယ့်အစိုးရနှင့်စစ်ဖြစ်သေးသည်မဟုတ်၊ ကိုယ်က လက်အောက်ခံ ကျွန်သဘောက်ဘ၀ဖြင့် အုပ်စိုးသူနယ်ချဲ့အစိုးရနှင့် တိုင်းတပါး စစ်ဖြစ်ခြင်းပင်လျှင် ဤ၍ ဤမျှဒုက္ခရောက်လေသော်၊ တိုင်းပြည်ထောင်အချင်းချင်း လူမျိုးအချင်းချင်း သူ့ကိုငါသတ် ငါ့ကိုသူသတ်သည့်စစ်ပွဲကြီးသာဖြစ်လာပါမူ မည်၍မည်မျှ ဘေးဒုက္ခကြီးမည်နည်းဆိုသည်ကို တွေး၍သာကြည့်စေချင်သည်။

No comments:

Post a Comment