Sunday, August 29, 2010

ဂျပန်တို့၏ရက်စက်မှု၊ ဦးစပ်စုနှင့် လမ်းမတော်ဖိုးတုတ်။

ဂျပန်တို့၏ရက်စက်မှု

၁၉၄၁-ခုနှစ်၊ ဒီဇင်ဘာလ ၂၃-ရက်နေ့ နံနက် ၁၀-နာရီချိန် ဂျပန်လေယာဉ်ပျံ ၂၇ စင်းဟာ ရန်ကုန်မြို့ကို ဗုံးများကြဲချ၍ စက်သေနတ်ဖြင့် လာပစ်ပါသည်။ ဒီအချိန်မှာ ရန်ကုန်မြို့ တစ်မြို့လုံးရှိလူတွေဟာ ဘရုတ်သုက္ခ ဖြစ်ကုန်ပြီး၊ ပြောင်းသူပြောင်း ရွှေ့သူရွှေ့ကုန်ကြသည့် အတွက်ကြောင့် ကျွန်ုပ်ကလည်းကျိုက်လတ်ကိုပြောင်းရွှေ့
သွားပါသည်။ ကျွန်ုပ်ဟာ ကျိုတ်လတ်မှာ ၂-လ ၃-လလောက် ခေတ္တနေထိုင်ပါသည်။

၁၉၄၂-ခုနှစ် ဧပြီလလောက်မှာ ရန်ကုန်ကိုပြန်ပြီး ပြောင်းရွှေ့၍လာပါသည်။ ကျွန်ုပ် ရန်ကုန်ကို ပြန်ပြီး မေလလောက်ကြာသည့်အခါမှာ ဂျပန်ကင်ပေတိုင် တတိယတန်းစစ်ဗိုလ်ဟာ ဖေါ်မိုဆာလူမျိုး တရုပ်အမျိုးသားလူကြီးလူကောင်း ၂၀၀-ကျော် ၃၀၀ လောက်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး အမျိုးမျိုး ညှင်းပမ်းနှိပ်စက်နေသည်။ နေ့တိုင်း ငါးပါးသီလနှင့်ပြည့်စုံသူ ကျွန်ုပ်၏ကျေးဇူးရှင် ဦးကေဘာကြီးအား မအူပင်မှာသွားပြီးတော့ ဖမ်းထားပါသည်။ နောက်ပြီး ဂျပန်ကင်ပေတိုင်ဟာ မအူပင်ကိုသွားပြီးတော့ ဖေါ်မိုဆာတရုပ်လူမျိုးများကို မော်တော်ဖြင့်သွားပြီး ဖမ်းဆီးလာပါသေးသည်။ အားလုံးကို ဘားလမ်း အချုပ်ထောင်မှာ ချုပ်ထားပါသည်။ ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။ လက်တိုက်ဆေးဘို့ ဆပ်ပြာတစ်ခုတောင် မရပါဘူး။ ဟိုစဉ်အခါက ဦးကေဘာကြီးသည် အသက်ကလည်းကြီးပြီ၊ လူကလည်း ကောင်းကောင်းမမာဘူး။ သူ၏မိခင် အသက် ၈၀ကျော်ဟာလည်း သားအတွက် ရူးမတတ်ဖြစ်နေပါသည်။ တစ်လခွဲလောက်လည်း ချုပ်နှောင်ထားတယ်။ ကျွန်ုပ်ဖေါ်မိုဆာလူမျိုးထဲမှ စကားပြန်အကြီးဆုံး လီဟိုတန်ရဲ့လူကို သွားပြီးတော့ချော့မော့ပေါင်းပြီး ဦးကေဘာကြီးအင်္ကျီလဲဖို့ ယူသွားပေးသည်။ အင်္ကျီသွားပေးပြီး ဦးကေဘာကြီး နေထိုင်လို့မှကောင်းမွန်ပါရဲ့လားဟု စုံစမ်းတဲ့အခါ ဦးကေဘာကြီးဟာ ၀မ်းသွားသည့်ရောဂါနှင့် လဲနေပြီ။ တကယ်လို့ တနင်္ဂနွေတစ်ပတ်လောက်ကြာရင် ဦးကေဘာကြီးဟာ သေဖို့ပဲရှိတော့သည်။ ကျွန်ုပ်သည် ကင်ပေတိုင်နှင့်နီးစပ်သူ နာမည်က ပီကေချောင်းနှင့် လီဟိုတန်တို့နှစ်ဦးအား သွားပြီးတော့ အကူအညီတောင်းတယ်။ ဦးကေဘာကြီးဟာ အတော်ကိုပဲ မနဲဖြစ်နေပြီ။ လွှတ်ဖို့ကောင်းပါသည်။ ၎င်းတို့နှစ်ဦးကလည်း ကင်ပေတိုင်အကြီးဆုံးကို ချက်ချင်းသွားပြောပေးပါသည်။
၎င်းတို့နှစ်ဦး သွားပြောပေးပြီးလို့ ၃-၄-ရက်အကြာမှာပဲ ဦးကေဘာကြီးဟာ ပြန်လွတ်လာသည်။နောက်ပြီး မအူပင်မှာနေသည့် သူ့မိခင်နှင့်ဇနီးသားသမီးဆွေမျိုးတစ်စုကို အကြောင်းကြားလိုက်သည်။ သူဟာ ကမ်းနားလမ်းနှင့် ၁၁-လမ်းထောင့် သူ့အိမ်မှာ ခေတ္တခဏနေထိုင်ပါတယ်။ ကျွန်ုပ်ဟာ ဆေးကုဖို့ရော ဓါတ်စာစားဖို့ရော အစားအစာများကို နေ့စဉ် အမြဲတမ်းသွားရောက်ပို့ပေးပါသည်။ ကျန်းမာလာပြီးသည့်အခါကျမှ မအူပင်ကိုပြန်သွားကြပါသည်။ ဟိုစဉ်အခါက ကျွန်ုပ်ကိုယ်တိုင် ဂျပန်တို့၏ဆိုးဝါးမှုကို မျက်မြင်ကိုယ်တွေ့တွေ့မြင်ရပါသည်။ သံဃာတော်များပါမကျန် လူကြီးလူကောင်းများနှင့် အမျိုးသားများကို စကားပြောနားမလည်သည့်အတွက် ပါးနားရိုက်ပြီး အမျိုးမျိုးညှင်းပမ်းတယ်။ နောက်ပြီး ဖမ်းထားသည့်လူ ၂၀၀၊ ၃၀၀ ထဲမှ လွှတ်သည့်လူကိုလွှတ်၍ ဖမ်းသည့်လူကို ဆက်ဖမ်းထားပါသေးသည်။
ကျွန်ုပ်တို့အသင်းမှ ကော်မတီလူကြီး ၅-ဦးကိုလည်း ချန်ကေရှိတ်ကိုအားပေးသည်ဆိုပြီး ဖမ်း၍ ကြံတောသင်္ချိုင်းမှာ ကျင်း ၅-ကျင်းတူးပြီး ရက်စက်စွာ သေနတ်နဲ့ပစ်သတ်လိုက်တယ်။ လူများကိုလည်း ဆက်ကာဆက်ကာစုံစမ်းပြီး၊ ထပ်ကာထပ်ကာဖမ်းဆီးပါသည်။ လူပေါင်း ၂၀-ကျော် ၃၀-လောက်ကိုလည်း ပြည်နှင်ဒဏ်ခတ်လိုက်သည်။ တရုပ်ပြည်နှင့် ဗမာပြည်စပ်ကြားမှာ ယခုအထိ လူကြီးရောကလေးပါ ပျောက်ဆုံးကုန်သည်။ ကျားကိုက်လို့လမ်းခရီးမှာ သေကုန်ကြသလား၊ ချမ်းအေးလို့သေကုန်ကြသလားဆိုတာ မပြောပြတတ်ဘူး။ ယခုအထိလည်း စုံစမ်းလို့မရဘူး။ အင်မတန်မှ သနားဖို့ကောင်းကြတယ်။ ဟိုစဉ်အခါက ဗမာလူမျိုး၊ တရုပ်လူမျိုး၊ အိန်္ဒိယလူမျိုးတို့ဟာ ကင်ပေတိုင်ကပြောရင် ကျားကြီးပြောတာထက်ကြောက်ပြီး ကြက်သီးတဖြန်းဖြန်းထမိပါသည်။ ဟိုအချိန် အင်္ဂလိပ်အုပ်စိုးသည့်အခါမှာ အင်္ဂလိပ်စကားကို မြန်မာနှင့်တရုပ်ကပြားများက ပိုမိုနီးစပ်သလို ဂျပန်အုပ်စိုးသည့်အခါမှာလည်း ဂျပန်စာဟာ တရုပ်ပြည်ကြီးသားစာနှင့် ပိုမိုနီးကပ်ပါသည်။ အကြောင်းအရာများကိုလည်း ပိုမိုသိပါသည်။ အဲဒီတော့ ကျွန်ုပ်ဟာ ပီကျေချောင်းနှင့်လီဟိုတန်ကို တိုင်ပင်တယ်။ လူတို့နှစ်ဦးကိုတိုင်ပင်ပြီးတော့ လတ္တာလမ်းအောက်လမ်းမှာ ကက်သစ်ဘုံကျောင်း အဆောက်အဦနေရာ၌ တရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးတစ်ခုကို ဖွဲ့စည်းတည်ထောင် လိုက်ပါသည်။ ၎င်းအသင်းမှာ ပီကေချောင်းကို ဥက္ကဋ္ဌတင်မြှောက်ထားပါသည်။

ဦးစပ်စုနှင့် လမ်းမတော်ဖိုးတုတ်

ကျွန်ုပ်ဦးစပ်စုကိုလည်း ဒီတရုပ်အမျိုးသား ဗြန်ဟတ်ဘွေအသင်းကြီးထဲမှာ ပေါင်းသင်း ဆက်ဆံရေးလူကြီးအဖြစ် ခန့်ထားပါသည်။ ပေါင်းသင်းဆက်ဆံရေးလူကြီးဆိုတာ ဧည့်ခံကျွေးမွေးဖို့ အင်မတန်မှအရေးကြီးပါလားဆိုတာကို ကျွန်ုပ်ဟာစဉ်းစားမိတယ်။ အဲဒီလိုစဉ်းစားမိပြီး၊ ကျွန်ုပ်ဟာ ရန်ကုန်မြို့မှာ တစ်နေရာရာကို ဟော်တယ်လုပ်ဖို့လိုက်ရှာတယ်။ အဲဒီလိုလိုက်ရှာတော့ တိုက်နံပါတ် ၇၄၆- ဒါလဟိုဇီလမ်းနှင့် လမ်းတော်ထောင့်က တိုက်တစ်လုံးကိုသွားတွေ့တယ်။ လမ်းနှစ်ဖက်ကလည်း ပေတရာလမ်းကြီးဖြစ်နေပြီး၊ ဧည့်ခံကျွေးမွေးသည့်အခါ မော်တော်ကားဆိုက်ဖို့ဟာလည်း အင်မတန် ကောင်းပါသည်။ နောက်ပြီး ဒီနေရာကလည်း နာမည်ကျော်ကြားသည့် လမ်းမတော်ဖိုးတုတ်နေရာ ဖြစ်နေပါသည်။ ကျွန်ုပ်ဟာ တစ်မျိုးသားလုံး ကောင်းစားကယ်တင်ဖို့အတွက် ဦးဖိုးတုတ်ကို အောက်ကျခံ၍ နံပါတ် ၇၄၆ ဒါလဟိုဇီလမ်းနှင့် လမ်းမတော်လမ်းဒေါင့်ကတိုက်မှာ ဟော်တယ်ဖွင့်မလို့ သွားတိုင်ပင်ပါသည်။
ဟိုစဉ်အခါမှာ အကျင့်ဆိုးတွေအများကြီးရှိပါသည်။ ဟော်တယ်က စားပွဲထိုးမိန်းကလေးများကို မကျေနပ်ဘူးဆိုလျှင် ကတ္တရာစေးနှင့်ပက်ကြပါသည်။ လမ်းမီးတွေကလည်းမရှိ၍ မိန်းကလေးများဟာ ဟော်တယ်က ညသန်းခေါင်လောက်မှ ပြန်ရပါသဖြင့် စိတ်မချရသဖြင့် ဦးဖိုးတုတ်နှင့်တကွ သူ့တပည့်အားလုံးကို ကျွန်ုပ်ဟာ သွားတိုင်ပင်တယ်။ ဦးဖိုးတုတ်ကလည်း ဟော်တယ်ကိုဖွင့်ပါ။ သူလည်း လှိုက်လှိုက်လှဲလှဲ ဦးစပ်စုကို ကူညီပါမည်ဟု ကတိပေးပြောပါသည်။ ကျွန်ုပ်ဟော်တယ် ဖွင့်သည့်အခါမှာလည်း ဦးဖိုးတုတ်ဟာ ခဏခဏလာပြီးတော့ စားသောက်ပါသည်။ ကျွန်ုပ်တို့ နေထိုင်သည့်ရပ်ကွက်မှာ ဂျပန်ခေတ်က ရေအလွန်ရှားပါတယ်။ ရေအလွန်ရှားပါသဖြင့် ရေတွင်းတူးဖို့ ဦးဖိုးတုတ် ပြသောနေရာကို ၀ိုင်းဝန်း၍ရေတွင်းတူးလိုက်သောအခါ ရေများဒလဟောထွက်လာပြီး ရေအတွက် သောက်ဖို့သုံးဖို့ဖူလုံသွားပါသည်။ ကျွန်ုပ်နှင့်ဦးဖိုးတုတ် သိသောအခါ လူမိုက်အနေနှင့် မဟုတ်တော့ပဲ မိတ်ဆွေကြီးတစ်ယောက်အနေနှင့် ပေါင်းသင်းဆက်ဆံ၍ အကူအညီပေးခြင်း ဖြစ်ပါသည်။ လူတစ်ယောက်ဟာ မိုက်နေပေမယ့် ကိုယ်ကကောင်းလာအောင်ပေါင်းသင်းဆက်ဆံ နိုင်တော့ ဒီလူဟာကောင်းလာရင် သာဓု ၃-ကြိမ်ခေါ်ပါသည်။

No comments:

Post a Comment