Thursday, August 26, 2010

မမခင်နှင့်ပေါက်ဖေါ်လေး

မမခင်နှင့်ပေါက်ဖေါ်လေး

အထက်ဖေါ်ပြပါ မစိန်ခင် ဆိုသည့် အမျိုးသမီးဟာလည်း လယ်သမားသားသမီးတစ်ဦး ဖြစ်ပါသည်။ သူကိုယ်တိုင်လည်း ကောက်စိုက်သမဖြစ်ပါသည်။ သူကောက်စိုက်ချိန်ပြီး၍ အလုပ်ပြီးသည့်အခါ အများအားဖြင့် ကျွန်ုပ်တို့ဆိုင်ကို လာပါသည်။ ဆိုင်ကိုလာပြီးတော့ စက္ကူအိတ် တွေကို ၀ိုင်းဝန်းပြီးကပ်ပေးတယ်။ ကြက်သွန်အပုပ်တွေကို ရွေးပေးတယ်။ ထမင်းချက်တာ ရေထမ်းတာ တို့ကိုလည်း ၀ိုင်းဝန်း၍ လုပ်ကိုင်ကူညီပေးပါသည်။ ရေကူးတတ်အောင်ကိုလည်း သင်ပေးပါသည်။
ကျွန်ုပ်အပေါ်ကိုလည်း ဆရာမလိုပဲ ဗမာစကားကို သေချာစွာသင်ပေးပါသည်။ ပစ္စည်းမှန်သမျှ လက်မှာကိုင်ထားရင်လည်း ဒီပစ္စည်းဟာဘာခေါ်တယ်ဆိုတာကို သင်ပေးပါသည်။ ကျွန်ုပ်မြန်မြန် ခေါ်ဝေါ်သုံးစွဲတတ်လျှင် သူလည်း တော်တော်သဘောကျတယ်။ ကျွန်ုပ်ဟာလည်း မြန်မာစကား နည်းနည်းပါးပါး တတ်လာပါပြီ။ ရွှေလ၀င်းသင်္ဘောမရောက်ခင် ကုန်ပြတ်ခဲ့ပါလျှင် ကျွန်ုပ်က နောက်မှပဲ့ကိုင်၍ မမခင်ကရှေ့ကလှော်၊ သို့မဟုတ် မမခင်ကနောက်မှပဲ့ကိုင်လျှင် ကျွန်ုပ်ကရှေ့က လှော်ပြီး၊ မြစ်ကြီးကိုကူး၍ ကန်ဘဲ့ရွာကိုသွားပြီး ကုန်သွားဝယ်ကြပါသည်။ ကျွန်ုပ်က သူ့ကို မမခင်လို့ပဲခေါ်ပါသည်။ သူကတော့ ကျွန်ုပ်ကို ပေါက်ဖေါ်လေးလို့ ခေါ်ပါတယ်။ လမ်းတစ်ဝက် ကျတော့ ပါသွားသည့် ထမင်းထုပ်၊ ဘဲဥပြုပ်၊ ငပိကျော်တို့ကို စားကြရန်အတွက် စီးလာသည့် ဘောက်တူကို ထင်းတောက သစ်ပင်တစ်ပင်မှာ ကြိုးနှင့်ချည်၍ ဆိုက်ကပ်ထားပြီး ကျွန်ုပ်နှင့် မမခင်ဟာလည်း ဘောက်တူပေါ်မှဆင်း၍ ကုန်းပေါ်သို့တက်သွားပါတယ်။ ထင်းတော၏ သစ်ပင် ကောင်းကောင်းတစ်ပင်အောက်မှာ ရပ်နား၍ထိုင်ကြပြီး စကားပါပြော အပန်းဖြေ၍ပြီးလျှင်၊ နှစ်ယောက်သား အတူတူ ထမင်းကိုစားကြသည်။ ထမင်းစားသောက်ပြီးသည့်အခါ ဒီနေရာကို သူကပိုက်ဆံကြေးပြားတစ်ပြား၊ ကျွန်ုပ်က ပိုက်ဆံကြေးပြားတစ်ပြား ပေါင်းပြီးတော့ မြှပ်ထားခဲ့သည်။ ဘယ်နှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်အချိန်မှာဆိုတာကိုလည်း မှတ်သားထားခဲ့တယ်။
နောက်ပြီး မမခင်၏ကြေးပြားနှင့် ပေါက်ဖေါ်လေးကြေးပြားဟာ မပျောက်မချင်း တစ်ဦးနှင့် တစ်ဦးဟာ အမြဲတမ်းချစ်ခင်သွားကြပါမယ်ဆိုတာကို ဆုတောင်း၍ မြှပ်နှံထားခဲ့သည်။ ဒီကြေးပြား ခိုင်မာသလို ပေါက်ဖေါ်ကလေးနှင့် မမခင်အချစ်ဟာလဲ ခိုင်မာပါစေလို့ ဆုတောင်းခဲ့တယ်။
ကန်ဘဲ့ရွာကိုရောက်၍ ကုန်များကို ဘောက်တူပေါ်သို့တင်ပြီးလျှင် ပီတွတ်ရွာကလေးကို ပြန်လာကြတယ်။ မြစ်ကြီးကို ဘောက်တူနှင့်ကူးလာသည့်အခါမှာလဲ မိုးလေကျ၍ လှိုင်းကဘယ်လောက် ကြီးကြီး ၂ဦးစလုံးဟာ ကြောက်စိတ်မရှိကြပါ။ သင်္ဘောများသွားလာသည့်အခါ လှိုင်းကလည်း သိပ်ကြီးပါသည်။ လှိုင်းလာလသည့်အခါမှာလည်း လှိုင်းလုံးကို ဘောက်တူနှင့်ဘေးတိုက်ခံလိုက်လျှင် ဘောက်တူမှောက်သွားမည်။ ဘောက်တူဦးနှင့်လှိုင်းကို ခံရသည်ဆိုတာကိုလည်း မမခင်ဟာ သင်ပေးပါတယ်။
ကျွန်ုပ်နေထိုင်သည့် ပီတွတ်ရွာကလေးမှာလည်း ဆံပင်ညှပ်ဆိုင်မရှိပါ။ ဒီ မမခင်ပဲ ကျွန်ုပ်ကို ကတုံးရိတ်ပေးပါသည်။ ကျွန်ုပ်ကို မမခင် ကတုံးရိတ်ပေးသည့် ၁၄နှစ်သားအရွယ်ကစ၍ ယခု ၅၈နှစ်အထိ တွက်ကြည့်လိုက်မည်ဆိုလျှင် ၄၄ နှစ်လုံးလုံးကြာပါပြီ။ ကျွန်ုပ်ဟာ တစ်ခါမျှ ဗိုလ်ဆံတောက် မထားဖူးပါဘူး။ ဘာအတွက်ကြောင့် ကျွန်ုပ်ဟာ ဗိုလ်ဆံတောက်ကို မထားပါသလဲဆိုတော့ ကျွန်ုပ်၏ခေါင်းကို မမခင်ကိုယ်တိုင် ကတုံးရိတ်ပေးခဲ့သည့်ကျေးဇူးကို မေ့လည်း မမေ့ကောင်းသည့် အတွက် မေ့၍လည်းမရတာကြောင့် အခုအချိန်အခါမထိ ကျွန်ုပ်ဟာ ကတုံးပဲထားပါသည်။ သေဆုံးသည့် အချိန်အခါတိုင်အောင် ကျွန်ုပ်ဟာ ဗိုလ်ဆံတောက်ကို ထားမည်မဟုတ်ပါ။ တောကြိုအုံကြားမှာ နေသည့် ကောက်စိုက်မ မမခင်ကို ကျွန်ုပ်ဟာ ဒီတစ်သက်မှာ ကျေးဇူးမမေ့ပါဘူး။ ယခုအထိ အမြဲသတိရလျက်ပါပဲ။။ ကျွန်ုပ် ယခုလက်ရှိဇနီး မကျင်မြိုင်ကတော့ ခေတ်ဆန်သည့်အတွက် ကျွန်ုပ်ကို ဗိုလ်ဆံတောက်ထားပါလို့ ခဏခဏပြောပါသော်လည်း ကျွန်ုပ်ဟာ ဒီစကားတစ်ခွန်းကိုတော့ နားမထောင်ပဲ ငြင်းဆန်တယ်။
မြန်မာဓလေ့ထုံးစံ ၀ါဆိုလ၊ သီတင်းကျွတ်လ ပွဲတော်များကျရောက်သည့်အခါမှာလဲ ကျွန်ုပ်နှင့် မမခင် ဘောက်တူတစ်စင်းထဲကို အတူစီး၍သွားပြီး၊ နီးရာဘုန်းကြီးကျောင်း၊ ဘုရားကလေးများကို သွားပြီးတော့ လှူဒါန်းစရာရှိသော ပစ္စည်းများကို လှူးဒါန်းဆက်ကပ်၍ အတူတူ ဖူးမျှော်ကန်တော့ ပါတယ်။ ဆုလည်းတောင်းဆိုကြပါသည်။
နောက်တစ်ကြိမ် ကျွန်ုပ်ဟာ အကြီးအကျယ်ဖျားပါတယ်။ မမခင်ဟာလည်း ကျွန်ုပ်ကို နေ့ညမရွေး ကျွန်ုပ်အနားမှာနေ၍ အမြဲပြုစုပါသည်။ နေ့တိုင်း ပရုပ်ဆီကိုလည်း လိမ်းပေးပါသည်။ ကျွန်ုပ်ကို အညှော်မိမှာ စိုးရိမ်သည့်အတွက် ရှိန်းခိုကို နှာခေါင်းဝနားမှာ ထားပေးပါသည်။ နောက်ပြီး မမခင်ကိုယ်တိုင် မိန်းမသူငယ်ချင်းတစ်ယောက်ကိုခေါ်၍ ဘောက်တူကိုလှော်ပြီး ကန်ဘဲ့မှာ ဘယဆေး ဖေါ်ဖို့သွားဝယ်တယ်။ အသွားအပြန် ၁၂ နာရီလောက်ကြာသည့်ခရီးကို ၈ နာရီ၊ ၉ နာရီလောက်နှင့် ပြန်လာတယ်။ ဒါကတော့ ကျွန်ုပ်ကိုချစ်သည့်စိတ်က ပြင်းထန်၍ ဒီဘောက်တူကို တအားလှော်လာ တာပဲလို့ ကျွန်ုပ်၏စိတ်ထဲမှာ ယူဆမိတယ်။ မြန်မာဘယဆေးဖေါ်ဖို့ ၀ယ်လာတာကိုလည်း ကျွန်ုပ်ကို ဖြေပြတယ်။ ဒါဟာ ပွေးကိုင်း၊ ဒီဥစ္စာက အလိုကြူ၊ ဒီဥစ္စာက ဇ၀က်သာ၊ ဒီဥစ္စာကတော့ ဇာဒိပ်္ဖိုလ်သီး အကုန် တစ်ခုမကျန် မမခင်ဟာ ပြပြီးမှ ဆေးသွားကျို၍ ဖေါ်စပ်သည်။ ဆေးကို ဖေါ်စပ်ကျိုပြီးမှ ကျွန်ုပ်ကို လာတိုက်သည်။ မမခင်ဟာ ကျွန်ုပ်ကို ဒီလောက်တောင်ပဲ ချစ်ပါတယ်။ ကျွန်ုပ်ကို မမခင်ဆေးလာတိုက်သည့်အခါ ဆေးခွက်ကိုယူလာ၍ ကျွန်ုပ်၏ပါးစပ်ထဲကိုတောင် မရောက်သေးခင် အနံ့ရတာနှင့် ရောဂါဟာတစ်ဝက်လောက်ပျောက်သွားပါပြီ။ မမခင်ယူလာသည့် ဆေးကိုလည်း သောက်လည်းသောက်ရော ကျွန်ုပ်၏ရောဂါလည်း တစ်ခါတည်း ရှင်းရှင်း ပျောက်သွား တာပါပဲ။ ဒီမမခင်ဟာ အင်မတန်မှ သနားတတ်တဲ့စိတ်လည်းရှိတယ်။ ကျွန်ုပ်အပေါ်ကိုလည်း သိပ်သနားတယ်။ ကျွန်ုပ်၏ထင်မြင်ယူဆချက်ကတော့ သနားတယ်ဆိုတာ ချစ်တာနဲ့ တစ်ဘူတာပဲ ခြားပါတယ် မဟုတ်လားလို့ ထင်မြင်ယူဆမိပါသည်။
လွန်ခဲ့သည့် ၄၄-နှစ်အချိန်က မမခင်ဝတ်သည့် အင်္ကျီဟာ လှသိင်္ဂီအထည်ကြမ်းဖြစ်ပြီး၊ ထမီကလည်း တိုတိုဝတ်၍ အထည်ကြမ်းပဲဖြစ်ပါသည်။ ဆံပင်လိမ်းတာကတော့ အုန်းဆီပဲဖြစ်ပြီး မျက်နှာကိုတော့ နံ့သာဖြူသနပ်ခါးကိုလိမ်းပြီး ဖိနပ်ကတော့ များသောအားဖြင့် မစီးတာများပါတယ်။ တခါတလေမှ ရိုးရိုးဖိနပ်ကလေးများကိုသာ စီးပါသည်။ ဟိုစဉ်အခါက မြန်မာအမျိုးသမီးတွေဟာ ယခုခေတ်လို ခေါင်းလိမ်းဆီကလည်း နိုင်ငံခြားကလာတာမှလိမ်းတာ၊ မျက်နှာလိမ်းတာကလည်း အမေရိကန်မိတ်ကပ်၊ ရာဒလေးပေါင်ဒါ နံပါတ် ၁၅၊ ၁၆၊ ၁၇ နှုတ်ခမ်းနီ၊ လက်သည်းနီ ၊ ခြေသဲနီဆိုးဆေး အင်္ကျီကတော့ အမေရိကန်နိုင်လွန်၊ လုံချည်ကတော့ တရုပ်ဘရိုကိတ်၊ အိန်္ဒိယ ရှာရီ၊ အင်ဒိုနီးရှားပါတိတ်၊ ဘိနပ်ကတော့ သားရေအကောင်းစားကိုလုပ်ထားသည့် ၂-လက်မ၊ ၃-လက်မမြင့်သည့် ဒေါက်ဖိနပ်၊ ရေမွှေးကလည်း အကောင်းစား ပြင်သစ်ပဲရစ်မြို့မှထွက်သည့် ကိုတီ၊ စန်ဒရီယာ၊ ဒါတွေကို လုံးဝမသုံးကြပါ။ ယခုခေတ်အမျိုးသမီးများက လွန်ခဲ့သည့် အနှစ် ၄၀-လောက်ခေတ်က အမျိုးသမီးများထက်ပိုပြီးတော့ လှလှပပ၀တ်စားဆင်ယင်တတ်ပါသည်။ ကျွန်ုပ်ဦးစပ်စု အများအားဖြင့် ဒီခေတ်မှာတွေ့မြင်ခဲ့ရသည့် အမျိုးသမီးမှန်သမျှဟာ ဟိုခေတ်က ကောက်စိုက်မ မမခင်လို သဘောရိုးရိုး စေတနာကောင်းကောင်း အမျိုးသမီးကို ယခုခေတ်အမျိုးသမီးတွေ ထဲမှာ တွေ့လည်းမတွေ့နိုင်ပါဘူး။ ရှာဖို့ဟာကလည်း မလွယ်ကူလှပါဘူး။ တွေ့နိုင်မယ်လည်း မထင်မိပါဘူး။
ကျွန်ုပ်ဟာ ပြည်ကြီးမှ ၁၄-နှစ်သားက မြန်မာပြည်ရောက်၍ ၁၇-နှစ်သားအထိ ပီတွတ် ကလေးရွာမှာ မမခင်နှင့် ၄-နှစ်လုံးလုံး အတူတူနေခဲ့တယ်။ အဲဒီလို ၄-နှစ်လုံးလုံး မမခင်နှင့် အတူတူစား အတူတူသွားပြီး နေထိုင်လာသည့်အခါမှာ ကျွန်ုပ်၏အဖွား မျက်ရည်အသွယ်သွယ် ကျပြီး၊ ကျွန်ုပ်၏လက်ကို တင်းတင်းဆွဲ၍ ခပ်ကျယ်ကျယ်ငိုပြီး ၄-နှစ်ကြာရင် ပိုက်ဆံရှိရှိမရှိရှိ ပြည်ကြီးကို ပြန်လာခဲ့ဆိုသည့် စကားသံနှင့် အဖွား၏ငိုယိုသံဟာ ကျွန်ုပ်၏နားထဲမှာ လာပြီးတော့ ကြားနေပါသည်။ ကျွန်ုပ်ကလည်း ကျွန်ုပ်၏အဖွားမှာလိုက်သည့်စကားကို မေ့နေ၍မဟုတ်ပါ။ အမြဲ သတိရပါသည်။ ဒီလိုအချိန်မှာ ကျွန်ုပ်ဟာ အင်မတန်မှ ဦးနှောက်ရှုပ်၍နေပါသည်။ ပြည်ကြီးက အဖွားထံကိုလည်း ပြန်ချင်တယ်။ ကျွန်ုပ်အား ၄-နှစ်လုံးလုံးပြုစုစောင့်ရှောက်လာသည့် မမခင်နှင့်လည်း မခွဲခွာချင်ပါဘူး။ ဒါကြောင့်မို့ ဒီအချိန်မှာ ကျွန်ုပ်ဟာ ဘာနှင့်တူသလဲဆိုတော့ စစ်ရှုံးသည့် စစ်ဗိုလ်ဘ၀နှင့် ကျွန်ုပ်ဟာ တူနေပါပြီ။ တစ်တပ်နှင့်တစ်တပ်ဟာ ယှဉ်ပြိုင်ပြီး ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါမှာ တစ်တပ်ကရှုံး၍ စစ်ဗိုလ်ပဲကျန်ပါတော့သည်။ စစ်ဗိုလ်ဟာလည်း ဖေါက်ထွက်၍မရတော့ပါ။ နိုင်သွားသည့်ဘက်က တပ်တွေက အားလုံးဝိုင်းထားပြီးပါပြီ။ နောက်ဆုံးလက်နက်ချဖို့တစ်ခုပဲ ရှိတော့သလို ကျွန်ုပ်ဟာလည်း ပြည်ကြီးပြန်ဖို့ကို စိတ်လျှော့လိုက်ပါတယ်။ ဒါဟာဘာဖြစ်လို့လဲဆိုတော့ အနီးနှင့်အဝေးကွာသွားတာပါပဲ။ အဝေးနှင့် အနီးမှာရှိသည့် အဖွားနှင့်မမခင်ကို ချစ်တာဟာ ဘယ်သူ့ကိုမှ မပိုပါဘူး။ အတူတူပဲချစ်ပါသည်။ ဒါပေမယ့် အဖွားကတော့ဝေးသည်။ မမခင်ကနီးသည်။ ဒါကြောင့်မို့ နီးသည့် မမခင်ဘက်ကို ကျွန်ုပ်ဟာသာသွားခြင်းဖြစ်ပါသည်။ ပေါက်ဖေါ်ကလေး ကျွန်ုပ်ဟာလည်း အထက်အမည်ပါ မမခင်နှင့်နီးပြီး သူကြီးအိမ်မှာ လက်မှတ်သွားထိုးပြီး ဇနီးမောင်နှံဘ၀ကို ရောက်ရှိသွားကြပါသည်။
ကျွန်ုပ်ဟာ ပြည်ကြီးမှ ထွက်ခွာလာတော့မည့်အခါမှာ လူတိုင်းလူတိုင်းကို ကဲ့ရဲ့မိတယ်။ ကျွန်ုပ်တို့ ရွာသားများ မြန်မာပြည်ကိုရောက်၍ မြန်မာမကိုယူတာကို ကျွန်ုပ်ဟာကဲ့ရဲ့တယ်။ အားကြီး ပြောဆိုမိတယ်။ ယခုတော့ အံ့သြပြီးမယုံကြည်၍ စုံစမ်းဖို့ထွက်လာတဲ့ကျွန်ုပ်ကိုယ်တိုင် ကိုယ့်ရှူး ကိုယ်ပတ်၍ မြန်မာမနှင့်ညားပြီး ပြည်ကြီးကို မပြန်နိုင်တော့ပါ။ မမခင်နှင့်ကျွန်ုပ်ဟာ ၄-နှစ်လောက်အကြာ အတူတူပေါင်းသင်းနေထိုင်ရပြီး မမခင်ဟာသေဆုံးသွားပါသည်။ မမခင်သေဆုံးပြီး ကျွန်ုပ်ဟာလည်း ပီတွတ်ကလေးရွာမှာ မနေချင်တော့သည့်အတွက် ပဲခူးညောင်လေးပင်မှာသွား၍ စပါးအလုပ်ကိုသွားရောက်လုပ်ကိုင်နေပါသည်။ သွားရောက်လုပ်ကိုင်ပြီး ၄-၅နှစ်လောက်အကြာမှာ ရန်ကုန်ကို ပြန်လာပါသည်။

No comments:

Post a Comment