Thursday, August 26, 2010

ရန်ကုန်သို့ရောက်ခြင်း

ရန်ကုန်သို့ရောက်ခြင်း

ရန်ကုန်မြို့ကိုရောက်တော့ ကျွန်ုပ်တို့ရွာသူရွာသားများအသင်းတွင် လက်ထောက်အတွင်း ရေးမှူးအဖြစ် ၀င်ရောက်လုပ်ကိုင်နေပါသည်။ ရွာသူရွာသား အသင်းဝင်များ လက်ထပ်မင်္ဂလာ ပွဲကြီးပွဲကောင်းရှိသည့်အခါ ကျွန်ုပ်ကိုခေါ်၍သွားသည်။ ကျွန်ုပ်ကလည်း အစစအရာရာ ၀ိုင်းဝန်း ကူညီလုပ်ကိုင်ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့ရွာသူရွာသားများအသင်းဟာလည်း မြန်မာလူကြီး လူကောင်းများနှင့်ဆက်သွယ်တာ တော်တော်များပါတယ်။ ကျွန်ုပ်ကလည်း အကြောင်းမှန်သမျှ သွက်လက်ဖျတ်လတ်စွာ အကူအညီပေးပါသည်။

ကျွန်ုပ်ကို ပထမဦးဆုံး စပ်စုလို့ခေါ်တာဟာ ယခုလက်ရှိ ၇၃-နှစ်အရွယ်ရှိ လသာလမ်း ဦးကေဘာကြီးကစ၍ ခေါ်တာဖြစ်တယ်။ သူဌေးဦးကေဘာကြီးက အစစအရာရာခိုင်းသမျှအားလုံးကို ကျွန်ုပ်ဟာ ဘယ်အခါမဆို ပြီးပြီးပြတ်ပြတ် သဘောကျအောင် ပြုလုပ်ဆောင်ရွက်ပေးသည့်အတွက် မြန်မာလူကြီးလူကောင်းများကို ဦးကေဘာကြီးက ဆက်သွယ်ပေး၍ တဖြည်းဖြည်းသိကျွမ်းမှု များလာပါသည်။ ကျွန်ုပ်ကလည်း အမှတ်အသား တော်တော်ကောင်းတယ်၊ မှတ်လည်း မှတ်မိတယ်။ ဒါကြောင့်မို့ မြန်မာနာမည်စပ်စုမှည့်ဖို့ကို စီစဉ်ထားတယ်။ ခေါ်လည်းခေါ်နေကြပြီ။
၁၉၃၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၉-ရက် ကျွန်ုပ်တို့ရွာသူရွာသားများအသင်းမှ ကော်မီတီတစ်ဦး ဖြစ်သူ လသာလမ်း ၁၅၆-နေ တန်ယုကျင်က သူ၏တူလက်ထပ်ပွဲကို ကျွန်ုပ်နှင့်ဦးကေဘာကြီးအား အစီအစဉ်လုပ်ကိုင်ကူညီပေးပါလို့ပြောတယ်။ ကျွန်ုပ်နှင့်ဦးကေဘာကြီးကလည်း သွားရောက်၍ စီစဉ် လုပ်ကိုင်ပေးပါသည်။ ဟိုစဉ်အခါက ပြည်ထဲရေးဝန်ကြီး ဆာဦးဘအား သွားရောက်၍ဖိတ်ခေါ်ပါသည်။ ကြွရောက်လာပြီး ထမင်းစားပွဲလုပ်စဉ်အခါ ဦးကေဘာကြီးနှင့်ဦးကျင်မှိန် သူတို့နှစ်ဦးက အဆိုသွင်း၍၊ တရားလွှတ်တော်ချုပ် တရားသူကြီးဟောင်း ဦးချွန်ဖေါင်၊ ဦးတင် (I.C.S) ၊ ၀တ်လုံတော်ရကြီး ဦးကျော်ဇံ၊ သူတို့ ၃-ဦးက ထောက်ခံကြပါသည်။ ကျွန်ုပ်၏ နဂိုရ်နာမည် အောင်ခေချောင်း မှ မြန်မာနာမည် ဦးစပ်စုလို့ခေါ်ဖို့ သင့်မသင့်ကို အဆိုတင်ပါတယ်။ ဆာဦးဘနှင့်တကွ ကြွရောက်လာ ကြသည့် လူကြီးအားလုံးမှန်သမျှဟာလည်း အကုန်လုံးသဘောတူပြီး သြဘာပေး၍ အကုန်လုံးကလည်း ထောက်ခံကြသည့်အတွက် ဤထမင်းစားပွဲပြုလုပ်သည့် နေ့ရက်အချိန်ကစပြီး ကျွန်ုပ်၏နာမည် အောင်ခေချောင်းမှ မြန်မာနာမည် ဦးစပ်စုလို့ဖြစ်ပေါ်လာပါသည်။
ကျွန်ုပ်ဟာ ၁၉၅၉-ခုနှစ်၊ ဒီဇင်ဘာလ ၂၉-ရက်နေ့ကျလျှင် စပ်စုနာမည်ရတာ ၂၅-နှစ်မြောက် ငွေရတုသဘင်ပြုလုပ်ပါမည်။ ဒီ ၂၅-နှစ်မြောက် ငွေရတုသဘင်နှင့်အတူ ကိုယ်ရေးရာဇ၀င် ၀တ္ထုမှတ်တမ်းစာအုပ်ကို ကျွန်ုပ်ကိုယ်တိုင်ပြောဆိုပေးပြီး ကိုမောင်လေးကရေးသား၍ ကျွန်ုပ်၏ဇနီး မကျင်မြိုင်က ကျွန်ုပ်၏မပီသသောစကားများနှင့် မြန်မာရာဇ၀င်များကို ကျွန်ုပ်အားပြောပြထားပါသဖြင့် တရုပ်ရာဇ၀င်နှင့်တိုက်ဆိုင်သည့် မြန်မာရာဇ၀င်ကို ရွေးချယ်၍ ဥပမာများနှင့်ရေးသားပြီး၊ ဦးခင်မောင်ဇော်ကစီစစ်၍ မြ၀တီအယ်ဒီတာ စာရေးဆရာကြီးဦးရန်အောင်က တည်းဖြတ်ကာ ထုတ်ဝေပါဦးမည်။
၁၉၃၄-ခုနှစ်မှ ၁၉၅၉-ခုနှစ်ထိ ၂၅ နှစ်တင်းတင်း မြန်မာနာမည်စပ်စုလို့မှည့်၍ မြန်မာပြည်ရဲ့ အကျိုးမှန်သမျှကို ဘယ်လိုကူညီဆောင်ရွက်ခဲ့တယ်ဆိုတာနှင့် တရုပ်၊ မြန်မာချစ်ကြည်ရေး စော်ဘွားစပ်စု၊ ဘိနပ်စပ်စုအကြောင်းတို့အပြင် ဂျပန်တော်လှန်ရေးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ရင်ဘောင်တန်းပြီး ဘယ်လိုကူညီလုပ်ကိုင်ဆောင်ရွက်
ပေးခဲ့သည်ဆိုတာ အားလုံးကို အထက်ပါကျွန်ုပ်ရေးသားသည့် ကိုယ်ရေးရာဇ၀င်မှတ်တမ်း အတ္ထုပ္ပတ်္တိထွက်သည့်အခါ သေချာစွာဖတ်ရှုရပါလိမ့်ဦးမည်။
ဟိုလွန်ခဲ့သည့် ၂၅-နှစ်အချိန်မှာ နိုင်ငံခြားသားကို မြန်မာနာမည်မှည့်တာဟာ သိပ်မများသေး ပါဘူး။ ခေတ်လည်းမစားသေးပါဘူး။ ကျွန်ုပ်ဦးစပ်စုဟာ ဘာဖြစ်လို့မြန်မာနာမည်မှည့်ရသလဲဆိုတော့ ကျွန်ုပ်ဟာ ၁၄-နှစ်သား ကောင်လေးဘ၀မှာ မြန်မာပြည်ကိုရောက်သည်။ မြန်မာပြည်ကို ရောက်ပြီးတော့လည်း တောကြိုအုံကြား ဗမာအများအပြားတောထဲမှာ သွားပြီးတော့ အတူတူ လုပ်ကိုင် နေထိုင်၊ စားသောက်ရပြန်သည်။ ဒါကြောင့်မို့ ကျွန်တော်ဟာ မြန်မာစိတ်ပေါက်တယ်။ တောမှာနေ၍ ရန်ကုန်မြို့ကို ပြန်ရောက်သည့်အခါမှာလည်း မြန်မာနှင့်အများအပြားဆက်ဆံနေရတာက များတယ်။ နေရာတကာလည်း ကျွန်ုပ်မပါလျှင် မပြီးသလို ဖြစ်နေတယ်။ ဒါကြောင့် ဒီစပ်စုနာမည်မှည့်တာကို ကျွန်ုပ်နှင့်လည်း သဘောချင်းတိုက်ဆိုင်သည်။ ကျွန်ုပ်ကလည်း သဘောတူတယ်။ သို့အတွက် ကျွန်ုပ်ကလည်း ၀မ်းသာအားရနှင့်လက်ခံပါသည်။
ယခု မြန်မာနာမည်မှည့်တာဟာ အင်မတန်ခေတ်စားတဲ့ခေတ် ဖြစ်နေပါပြီ။ တိုက်ပုံအင်္ကျီတို့ မြန်မာခေါင်းပေါင်းတို့ဝတ်တာလည်း ခေတ်စား၍နေပါပြီ။ နိုင်ငံခြားသားများထဲမှ ဗမာတိုက်ပုံအင်္ကျီ၊ ခေါင်းပေါင်းတို့ကို ယခုလိုဝတ်စားဆင်ယင်နေကြသည့်သူတွေဟာ ကျွန်ုပ်နှင့်ပဲအလားတူလို့လား၊ သို့မဟုတ် မြန်မာနာမည်မှည့်ပြီး မြန်မာတိုက်ပုံအင်္ကျီ၊ မြန်မာခေါင်းပေါင်းတို့ ၀တ်၍နေတာဟာ ဘာသဘောဟာလဲ။ ကျွန်ုပ်အား စပ်စုလို့မြန်မာနာမည်မှည့်ရတာဟာ ဟိုတုန်းက ခေတ်မစားသေးသည့် အချိန်ကဖြစ်ပါသည်။ ကျွန်ုပ် စော်ဘွားစပ်စုဖြစ်တုန်းကလည်း စော်ဘွားမှာ မဟာဒေ၀ီများပေမယ့် စော်ဘွားဖြစ်ချင်တဲ့လူ လုပ်ချင်တဲ့လူမရှိပါဘူး။ ဟိုတုန်းက ကျွန်ုပ်ပေါင်းခဲ့သည့် ခေါင်းပေါင်း တစ်ထည်ဟာ ယခု ခေါင်းပေါင်း ၃-ထည်စာလောက်ရှိပါသည်။ တိုက်ပုံအင်္ကျီကိုလည်း ပြည်ကြီးသားထဲမှာ ကျွန်ုပ်ပဲစ၀တ်တာပါပဲ။ ယခု တိုက်ပုံအင်္ကျီနှင့် ခေါင်းပေါင်းကိုဝတ်ကြသည့် နိုင်ငံခြားသားများဟာ ကျွန်ုပ်လိုပဲ သဘောရိုးရိုးနှင့် ဘာမှမကြံစည်ပဲဝတ်တာလား။ သို့မဟုတ် ဗမာ့အခွင့်အရေးကိုရဖို့ ၀တ်တာလားဆိုတာကို ကျွန်ုပ်ဦးစပ်စုဟာ စဉ်းစားဆုံးဖြတ်လို့မရသေးပါဘူး။ ကျွန်ုပ်ဟာ ယခု ခေါင်းပေါင်း၊ တိုက်ပုံအင်္ကျီတို့ကို သိပ်မ၀တ်ပါဘူး။ တိုင်းပြည်အားတင်ပြချင်ပါသည်။ မြန်မာအ၀တ်အစားဝတ်ပြီး မြန်မာနာမည်မှည့်၍ အခွင့်အရေးတွေယူနေသည့်သူ၊ နိုင်ငံတော်အကျိုး မသယ်ပိုးမရွက်ဆောင်တဲ့သူတွေနှင့် ကျွန်ုပ်ဦးစပ်စုဟာ မြန်မာအ၀တ်အစား တိုက်ပုံအင်္ကျီ၊ ခေါင်းပေါင်းတို့မ၀တ်ပဲနေပြီး နိုင်ငံတော်အတွက် ဘယ်လိုလုပ်ခဲ့တယ်ဆိုသူနှင့် နှိုင်းယှဉ်ကြည့်လျှင် ဘယ်သူ၏စိတ်ဓါတ်ကပိုမြတ်ပါသလဲဆိုတာကို စဉ်းစားကြည့်ပါ။
၁၉၅၉-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်နေ့ ဗိုလ်မှူးချုပ်အောင်ကြီး ပြည်လမ်းအသံလွှင့်ဌာန အဆောက်အဦသစ်မှ စက်မှုလက်မှုဆွေးနွေးခန်းမှပြောသည့် မိန့်ခွန်းဟာ နိုင်ငံခြားသားတွေဟာ ပြန်ထောင်စုသားဖြစ်ပြီးတော့ ကုလားတစ်ပိုင်း၊ ဗမာတစ်ပိုင်း၊ တရုပ်တစ်ပိုင်း၊ ဗမာတစ်ပိုင်း မလုပ်ကြပါနှင့်။ ပြည်ထောင်စုသားပီပီ သစ္စာရှိရှိနှင့် သားသမီးတွေကိုလည်း မြန်မာစာသင်ပါ။ ကိုယ့်မြန်မာပြည်မှငွေကိုလည်း အခြားတိုင်းပြည်များကို ခိုးမထုတ်ပါနှင့်။ တိုင်းရင်းသားဖြစ်ပြီးသည့် သူကို မြန်မာတိုင်းရင်းသားများနှင့် အခွင့်အရေးအတူတူပဲရမှာပါပဲ။ အ၀တ်ကတော့မြန်မာလိုဝတ်ပြီး၊ စိတ်ကတော့ တစ်ကိုယ်ကောင်းကြံ၍ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုပြီး မလုပ်ကြဖို့ အကြောင်းကို မိန့်ခွန်းထဲမှာ ထည့်၍ပြောသွားပါသည်။
တချို့ကတော့ တိုက်၊ ခြံ ဘယ်နှစ်ခု၊ အမေရိကန်ကား ဘယ်နှစ်စီး ၀ယ်ထားကြသည့် သူတွေနှင့် ကျွန်ုပ်ဦးစပ်စုဟာ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် မြန်မာနာမည်မှည့်တာလည်း သူများထက် ၂၅-နှစ်လောက် ပိုစောပါသေးသည်။ မြန်မာခေါင်းပေါင်းတို့ တိုက်ပုံအင်္ကျီတို့ဝတ်တာကလည်း သူများထက် ၁၆-နှစ်လောက် စောသေးသည်။ ပြည်ထောင်စုသားဖြစ်တာလည်း သူများထက် ၁၀ နှစ်လောက် ပိုစောပါသေးသည်။ ပေါင်းသည့်ခေါင်းပေါင်းဟာလည်း ယခုခေါင်းပေါင်းထက် ၃-ဆလောက်ကြီးပါသည်။ ကျွန်ုပ်ဟာ တိုင်းပြည်ကို ဘယ်ကဲ့သို့ ဆောင်ရွက်လာတယ်ဆိုတာကလည်း လူသိနတ်ကြား တိုင်းသိပြည်သိပါ။
ကျွန်ုပ်ဟာ အခွင့်ကောင်းယူ၍ စီးပွားရှာမည်ဆိုပါလျှင် ကျွန်ုပ်၏ကြိုတင်ပေါင်းထားသည့် သူများကို အကူအညီသွားတောင်းပါက အများအပြား အကူအညီပေးနိုင်သည့်လူတွေဖြစ်ပါသည်။ ယခုခေတ် ဒီလိုလူစားတွေနှင့် အဆ ၁၀၀ လောက် အခွင့်ကောင်း ပိုရနိုင်ပါသည်။ ကျွန်ုပ်မှာ ယခုအချိန်အထိ တိုက်ပိုင်၊ ခြံပိုင်၊ ကားပိုင် မရှိသေးပါဘူး။ တိုင်းပြည်လူထုက မယုံကြည်ပါလျှင် စသုံးလုံးဌာနမှာ ကျွန်ုပ်၏တိုင်းရင်းသားလက်မှတ် အိမ်ထောင်စုသန်းခေါင်စာရင်းယူသွားပြီးတော့ ရီစစ္စရီရုံးမှာ သွားပြီးတော့ရှာဖွေတိုက်ကြည့်ပါ။ ဘဏ်တိုက်မှာလည်း ငွေအ၀င်အထွက်စာရင်းကို သွားရောက်ပြီး စစ်ဆေးကြည့်ရှုနိုင်ပါသည်။ နောက်ပြီး အာမခံသေတ္တာကိုလည်း စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ တွေ့ရှိခဲ့ပါလျှင် ဒီပစ္စည်းတွေကို ပြည်သူပိုင်အဖြစ်သိမ်းလိုက်ပါ။ နောက်ပြီးတော့ သတင်းစာအသီးသီးများထဲမှာလည်း ကြိုတင်ကြေညာ၍ နိုင်ငံတော် အသံလွှင့်ဌာနကလည်း တစ်ပြိုင်နက် ကြေငြာပေးပါ။ ကျွန်ုပ်ကိုလည်း အပြစ်ပေးလိုက်ပါ။ အပြစ်ရှိ၍ အပြစ်ပေးလိုက်မည်ဆိုပါလျှင်လည်း ကျွန်ုပ်ဟာ ရဲရဲဝံ့ဝံ့ခံယူဖို့ဟာ အမြဲစောင့်မျှော်ပြီးနေမှာပဲ။

(ပြည်ထဲရေးဝန်ကြီး ဆာဦးဘက “ဦးစပ်စု” နာမည်ပေးအခမ်းအနား ဓါတ်ပုံ)

No comments:

Post a Comment