Sunday, August 29, 2010

အင်္ဂလိပ်ဘုရင်ခံနှင့် နိဗ္ဗာန်ဈေး၊ ရခိုင်စပ်စုဖြစ်လာခြင်း။

အင်္ဂလိပ်ဘုရင်ခံနှင့် နိဗ္ဗာန်ဈေး

၁၉၃၈-ခုနှစ်၊ အင်္ဂလိပ်ဘုရင်ခံကော့ကရိန်းဟာ ဘိလပ်ကိုပြန်တော့မည်။ ဘုရင်ခံ ဘိလပ်ကို ပြန်တော့မည့်အခါ နောက်ဆုံးနှုတ်ဆက်ပွဲကို ကန်တော်ကြီး(ယခုဗိုလ်ချုပ်ပန်းခြံ) အလယ်ကျွန်းမှာ ပြုလုပ်ပါသည်။ ပြပွဲပြိုင်ပွဲအမျိုးမျိုးလည်း ပါဝင်သည်။ ဟိုစဉ်အခါက မြန်မာအမျိုးသမီး အထက်တန်း အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားပါသည်။ ၎င်းအမျိုးသမီးအသင်း အဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူက ယစ်မျိုးမင်းကြီး ဦးစောလှဖြူကတော် ဒေါ်မော၊ တရားလွှတ်တော်ချုပ်တရားသူကြီး
ဦးသိမ်းမောင်ကတော် ဒေါ်စောတင်၊ မြို့တော်ဝန်ဟောင်း ဦးသင်းမောင်ကတော် ဒေါ်တင်၊ မြို့တော်ဝန်ဦးဘ၀င်းကတော် ဒေါ်စောမြင့်၊ ဘဏ္ဍာရေးဝန်ကြီး ဆာထွန်းအောင်ကျော်ကတော် ဒေါ်ဝေသာ၊ ဦးကျော်မင်းကတော် ဒေါ်စိန်သာ၊ စာရင်းစစ်မင်းကြီး ဦးစံလွင်ကတော် ဒေါ်အေးကြွယ်၊ ရန်ကုန်အရေးပိုင်ဦးဘသွယ်ကတော် ဒေါ်ခင်မကြီး၊ ချိ(ပ်)လမ်းဦးစိန်ကတော် ဒေါ်ကြည်ကြည်၊ မမြင့်မြင့်၊ စတော့ဈေးဝန်ထောက် ဦးဘရှင်ကတော် ဒေါ်ကြည်ကြည်၊ ဆန်းဦးညွန့်ကတော် ဒေါ်မြညွန့်၊ အထက်ပါအမျိုးသမီးများမှာ ဥက္ကဋ္ဌတစ်ဦးနှင့် ကော်မတီလူကြီးအမျိုးသမီးများဖြစ်ပါတယ်။ အတွင်းရေးမှူးကတော့ မီးရထား အင်ဂျင်နီယာ ဦးစောအောင်ကတော် ဒေါ်မမနှင့် သူ့သမီး မမလေးတို့ဖြစ်ပြီး၊ ကျွန်ုပ်ဦးစပ်စုကို အထွေထွေအကျိုးတော်ဆောင်ခန့်ထားပါသည်။ ကျွန်ုပ်ဟာလည်း ဒီပွဲစဖြစ်သည့်နေ့ရက်မှစ၍ ပြီးဆုံးသည့်နေ့အထိ ၀ိုင်းဝန်းကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေပါသည်။
ဒီအမျိုးသမီးအဖွဲ့အစည်းထဲမှ အမျိုးသမီးခပ်ချောချော ခပ်လှလှ ၁၅-ဦးလောက်ဟာ အ၀တ်အစားခပ်လှလှကို ဆင်တူဝတ်ထားပြီး၊ ပိုက်ဆံအင်မတန်မှလွယ်ကူသည့် တရုပ်သူဌေးကြီး လာသည့်အခါကျရင် ““ဒီအမျိုးသမီး ၁၅-ဦးလောက်ဟာ စားစရာများသွားချပေးပြီး၊ သူစားချင်တာ တရုပ်ခေါက်ဆွဲအကောင်းစား၊ ဗမာမုန့်ဟင်းခါး၊ ကြာဇံကြီး၊ ရွှေချည်မုန့်၊ ကိတ်မုန့်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အိုက်စကရင်၊ ဘိလပ်ရည်တို့ကို ကြိုက်ရာဘာမဆို လိုလေသေးမရှိအောင် ဧည့်ခံကျွေးမွေးပါ။ သူစားချင်ရာစားသောက်ပြီးသည့်အခါမှ ပန်းကိုထိုးပေးပါ။ ပန်းကိုထိုးပေးပြီးလို့ သူငွေပေးသည့်အခါမှာ ကျွန်ုပ်မျက်နှာကို သေသေချာချာကြည့်ပါလို့ မှာထားတယ်။ ကျွန်ုပ်မျက်နှာကိုကြည့်၊ ကျွန်ုပ်မျက်စောင်း ခတ်လိုက်ရင် မယူနဲ့အုံး၊ သူက တစ်ဆယ်၊ နှစ်ဆယ်၊ သုံးဆယ်ပဲပေးသည်ဖြစ်ပါစေ၊ ကျွန်ုပ်မျက်တောင် ခတ်ရင် မယူပါနဲ့အုံး၊ ကျွန်ုပ်မျက်တောင်မခတ်တဲ့အချိန်ကျမှ ယူပါ၊ ကျွန်ုပ်မျက်နှာကို သေသေချာချာ ကြည့်ရှုပါလို့””မှာထားတယ်။
တချို့ကလည်း ကပ်စေးနဲကော်တရာတွေဖြစ်သည်။ အ၀တ်အစားကတော့ ခပ်ကောင်းကောင်း ပါပဲ။ ခေါ်လာသည့် သူ့သားမယားတစ်စုကလည်း တစ်ပုံကြီး၊ စားသည့်အခါမှာလည်းအမျိုးစုံ၊ ဟိုဟာလည်းမှာ၊ ဒီဟာလည်းမှာ၊ ဂျီးကလည်း အလွန်များသည်။ ဥပမာ ““ဟင်းရည်နည်းနည်း အေးနေတယ်၊ ပြန်နွှေးပေးပါဦး၊ ဟိုဟာပေးပါ၊ ဒီဟာပေးပါ”” ဟန်ကလည်း ခပ်ကောင်းကောင်း၊ သူဟာ သူ့ကိုယ်သူ ရာထူးဘယ်လောက်ကြီးကျယ်တယ်ဆိုတာ ကြွားချင်သလိုလို၊ စားတာကလည်း အင်မတန်မှကြာတယ်။ လူတွေထပ်တိုးလာလို့ နေရာမရှိရင်လည်း ဖယ်မပေးချင်ဘူး။ ဒီလိုလူစား မျိုးတွေကို သူတို့ပြန်ခါနီးကျမှ ပန်းသွားထိုးပေးသည့်အခါ မရှုံးမမြတ် အရင်းရတာလည်းရှိတယ်။ အရင်းမရတာလည်းရှိတယ်၊ ရှုံးပြီးသွားတာလည်းရှိပါသည်။
ဒါကြောင့်မို့ ကျွန်ုပ်ဟာ အဝေးကနေပြီး မျက်ခြည်မပြတ်လှမ်းကြည့်နေတယ်။ ပိုက်ဆံ လွယ်ကူမယ့်လူစားမျိုးဆိုရင် ကျွန်ုပ်ဟာ ကောင်မလေးတွေကို မြန်မြန်သွားပြီးတော့ခေါ်ခိုင်းတယ်။ ကပ်စေးနဲကော်တရာမှန်းသိသည့်လူစားမျိုးကိုတော့ ကောင်မလေးတွေကခေါ်မယ်လုပ်တာတောင် ကျွန်ုပ်က ဒီလိုလူစားမျိုးကိုမခေါ်နှင့် ရှုံးလိမ့်မည်ဆိုပြီးတားဆီးလိုက်သည်။
ဒီပွဲအပြီးမှာ ဒီအဖွဲ့အစည်းထဲက ကျွန်ုပ်တို့လူစုဟာ စားလည်းစားကြတယ်။ ဘိုးစိန်ပွဲကိုလည်း အလုပ်ပြီးသည့်အခါမှာ ညစဉ်ညတိုင်းသွားကြည့်ကြပါသည်။ နောက် ဒီအဖွဲ့ထဲမှာ ကျွန်ုပ်ဟာ လူကဲခတ်တတ်သည့်အတွက်ကြောင့် မရှုံးသည့်အပြင် အမြတ်တောင်ပေါ်နေပြီ။ ဒါဟာ ဦးစပ်စု လူကဲခတ်တတ်တာကြောင့်ဖြစ်တယ်လို့ဆိုပြီး ကျွန်ုပ်ကို ၀ိုင်းဝန်းချီးကျူးကြသည်။ နောက် ဘုရင်ခံ နှုတ်ဆက်ပွဲပြီးသွားသည့်အခါ မင်းကတော်တွေရော၊ အမျိုးသမီးတွေရော၊ ကောင်မလေးတွေရော စုစုပေါင်းအမျိုးသမီး ၃၀ကျော်ရှိ၍ အမျိုးသားထဲမှ ကျွန်ုပ်တစ်ဦးတည်းသာလျှင်ပါရှိပါသည်။ ဒီမဏ္ဍပ်ထဲမှာ အားလုံးကိုစုပြီးတော့ ဓါတ်ပုံရိုက်ထားပါသည်။ ဒီဓါတ်ပုံဟာ ရန်ကုန်ကို ဂျပန်ဗုံးလာကြဲတော့ ကျွန်ုပ်ကျိုက်လတ်သို့ပြောင်းရွှေ့သောအခါ ဘယ်နေရာမှာပျောက်ဆုံးသွားသလဲ ဆိုတာကိုမပြောတတ်တော့ပါဘူး။ အင်မတန်မှ နှမြောစရာကောင်းလှပါသည်။

ရခိုင်စပ်စုဖြစ်လာခြင်း

၁၉၄၀-ခုနှစ်၊ နိုဝင်ဘာလ ၂၂-ရက်နေ့ ဦးကျော်ခိုင် ကို ရခိုင်ပြည်စစ်တွေမြို့သို့ အရေးပိုင်အဖြစ် ခန့်အပ်လိုက်သည်။ ကျွန်ုပ်နှင့်ဦးကျော်ခိုင်ဟာလည်း ချစ်ခင်ရင်းနှီးပြီး သိပ်ခင်ကြပါသည်။ စစ်တွေကို ရာထူးတက်ပြီး အရေးပိုင်အဖြစ်ပြောင်းသွားရမည်ဖြစ်သည့်အတွက်ကြောင့် ကျွန်ုပ်ကို ယူနီဗာစတီ အဲဗင်းနယူး အိမ်နံပတ် ၇၄-ဦးစောလှဖြူခြံမှာနေပြီးတော့ ထမင်းစားပွဲတစ်ခု ကျင်းပလိုက်ပါတယ်။ ၎င်းထမင်းစားပွဲသို့ ဟိုစဉ်အခါက ရခိုင်အမျိုးသားခေါင်းဆောင် ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော်၊ ဒေါက်တာစံလှအောင်၊ ဦးကျော်မင်း၊ ဦးစိန်ညိုထွန်း၊ ရခိုင်အမျိုးသား လူကြီးလူကောင်းများနှင့် သူတို့၏ဇနီးများပါ တက်ရောက်ကြပါသည်။ တစ်ခါက စစ်တွေမှာရေကြီး၍ ရေဘေးဒုက္ခသည်များ အတွက် ကျွန်ုပ်ကလည်း ၀ိုင်းဝန်းပြီးတော့ အလှူခံပေးခဲ့ပါသည်။ ဒီကိစ္စဟာလည်း ကျွန်ုပ်တို့ ၀ိုင်းဝန်ကူညီဆောင်ရွက်မှုတွေကြောင့် အများကြီးအောင်မြင်ပါသည်။
၁၉၄၁-ခုနှစ်၊ ဇွန်လ ၁၀-ရက်နေ့ ဘဏ္ဍာရေးဝန်ကြီး ဆာထွန်းအောင်ကျော်ကတော် ဒေါ်ဝေသာဟာ လူကလည်း ၀လွန်းလှပါသဖြင့် ဂျင်မခါနာဆေးရုံမှာ ၀မ်းထဲမှအဆီကို ထုတ်ပစ်ရပါသည်။ အဆီကိုထုတ်ပစ်၍ဗိုက်ကိုခွဲထားသည့်ချုပ်ရိုးဟာ ချောင်းဆိုးပါသဖြင့် ချုပ်ရိုးပြတ်ပြီး၊ ကွယ်လွန်အနိစ္စရောက်သွားပါသည်။ ဒီကွယ်လွန်သူဒေါ်ဝေသာဟာလည်း ကျွန်ုပ်နှင့် အင်မတန်မှ ချစ်ခင်ရင်းနှီးမှုရှိပါသည်။ ၎င်း၏အသုဘကိစ္စကိုလည်း ကျွန်ုပ်ဟာ နေ့စဉ်နေ့တိုင်း သွားရောက် ၀ိုင်းဝန်းလုပ်ကိုင် ကူညီဆောင်ရွက်ပေးပါသည်။ ဟိုစဉ်အခါ ဒေါ်ဝေသာ၏အသုဘသို့ ရခိုင်အမျိုးသား များနှင့် ရခိုင်အမျိုးသမီးများ အများအပြားလာပါသည်။ ဒီအချိန်တုန်းက ဦးစောလှဖြူဟာ ကျွန်ုပ်ကို လူထုပရိတ်သတ်အလယ်မှာ ရခိုင်စပ်စုလို့ အမည်ပေးလိုက်ပြန်ပါသည်။

No comments:

Post a Comment