Thursday, August 26, 2010

ဦးစပ်စု ၏ ထူးတဲ့စပ်စု (ကွိုင့်ခေါက်ရွာသား သူဌေးများ။ ကွန်ဖြူရှပ်၏တပည့်။ )

ကွိုင့်ခေါက်ရွာသား သူဌေးများ

ကျွန်ုပ်၏ ဇာတိကတော့ ၁၉၄၀ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း တရုပ်ပြည်မှ ဂျပန်ပြည်သို့ သွားစဉ်အခါက ရောက်ဘူးခဲ့သည့် (အေမွိုင်) နှင့် သင်္ဘော တနာရီလောက် စီးနင်းသွားရသည့် ရွာကလေးတရွာဖြစ်ပါသည်။ ၎င်းရွာကလေး၏ နံမည်ကတော့ (ကွိုင့်ခေါက်) လို့ခေါ်ပါသည်။ ကျွန်ုပ်နေထိုင်ခဲ့သည့် ဇာတိချက်ကြွေရွာကလေး ကတော့ သိပ်ပြီးမကြီးကျယ်လှပါဘူး။ အိမ်ခြေ (၁၀၀၀) လောက်ဘဲ ရှိပါသည်။ ရွာကလေး၏ နောက်ကျော မြောက်ဖက်မှာ (ရှမ်ရန်ကီး) ဆိုသည့် တောင်ကြီး တတောင် ရှိပါသည်။
(ရှမ်ရန်ကီး) တောင်ကြီးကို ဗေဒင်ကြည့်တတ်သူများက ကြည့်ရှုပြီး “ဒီတောင်ကြီးဟာ အင်မတန်မှ သာယာကြည်နူးဘွယ်ကောင်းတယ်။ ရှုမျှော်ခင်းကလဲ အားကြီးကောင်းတယ်။ သို့အတွက် အင်မတန်မှ ကြီးကျယ်ကျော်ကြားသည့် ကမ္ဘာ့သူဌေးကြီးများ ထွက်နိုင်သည်။ ဒါပေမဲ့…. ဒီသူဌေးကြီးတွေဟာ ဒီရွာမှာ မဖြစ်ပါ။ ဒီဒေသမှ ထွက်ခွာ၍ နိုင်ငံခြား အသီးသီးမှာ သွားပြီး သူဌေးကြီးတွေ ဖြစ်ကြ ပါမည်” ဟု ဗေဒင်ဟောကြသည်။

ရွာကလေး၏ တောင်ဘက်မှ မြစ်ကြီးတခုဟာ ရွာ၏ထွက်ပေါက်ဖြစ်ပြီး ပင်လယ်ထဲ ဆက်သွယ်စီးဆင်း နေပါသည်။ ကျွန်ုပ်တို့၏ ရွာသူရွာသားများဟာ ဒီမြစ်ကြီးထဲမှ ထွက်၍သွားလျှင် ရောက်သည့် နိုင်ငံအသီးသီးမှာ သူဌေးလည်းဖြစ်ပါသည်။ နံမည်လည်းကြီးပါသည်။ ရုပ်ရှင်လူရွှင်တော်မင်းသား ကြယ်နီ ဓာတ်ပြားမှာ သွင်းထားသည့် ရီစရာအခန်းလို တောင်ဘက်ကို သွားလျှင် ကောင်းပါသည်။ သို့သော်လည်း သွားတော့ ဘယ်အခါမဆို သွားနိုင်ပါသည်။ ဒါပေမဲ့ ပြန်လမ်းတော့ မရှိဘူးလို ဖြစ်နေတယ်။ ဦးကြယ်နီ နောက်ပြောင်ဟောသည့် ရီစရာဗေဒင်ဟာ ယခု ကျွန်ုပ်တို့ (ကွိုင့်ခေါက်) ရွာသူရွာသားများအဘို့ သိပ်ပြီးတော့မှန်နေပြီ။ ဥပမာ- ဖိလစ်ပိုင်၊ မလေးယား၊ အင်ဒိုနီးရှား တိုင်းပြည်တို့ကိုသွားပြီးတော့ ကမ္ဘာမှာ ကြီးကြီးကျယ်ကျယ် အင်မတန်မှ နံမည်ကျော်ကြားလျက် သကြားရှင်ဘုရင် အခေါ်ခံရသော (အင်းတောင်ဟန်) ဟာ ကျွန်ုပ်တို့၏ (ကွိုင့်ခေါက်) ရွာသားတဦးဖြစ်ပါသည်။

ကျွန်ုပ်ယခုနေထိုင်လျက်ရှိသော မြန်မာပြည်မှာ မျက်မြင်ကိုယ်တွေ့ ဦးချန်မာဖီယား၊ ဦးဒင်းချင်းချောင်း၏အဖေ လင်စွီယန်၊ ဦးကေဘာကြီး၏အဘိုး ကေပွ၊ စက်သူဌေးဦးဘိုးလှနှင့် မြန်မာပြည်တစ်ပြည်လုံး နာမည်ကျော်ကြားတဲ့သူဌေး (သို့မဟုတ်) ပညာရှိတရုပ်အမျိုးသားများဟာ ကျွန်ုပ်တို့၏ရွာသားများသာ ဖြစ်ကြပါသည်။ အဆိုပါသူဌေးကြီးများ၏ ပစ္စည်းများဟာ ယခု လူတိုင်းမြင်နိုင်သည့် ကုက်္ကိုင်း ချင်းချောင်းနန်းတော် (ယခုကမ္ဘောဇနန်းတော်)အပြင် အခြားပစ္စည်း အမြောက်အမြား ရှိပါသေးသည်။ တရုပ်ပြည်ကို မည်သူမျှသယ်၍ ယူမသွားကြပါ။
တချို့ တရုပ်အမျိုးသားများက ပြောဆိုကြသည်။ ““မြန်မာဘုရားကပိုတန်ခိုးကြီးသည်။ မြန်မာအမျိုးသမီးကလည်း ပိုပြီးတော့စွမ်းသည်””ဟု ဒီလိုပဲသူတို့ကပြောကြတယ်၊ မှန်ပါသည်၊ ဤအတိုင်းပင် ဖြစ်နေပါသည်။

ကွန်ဖြူရှပ်၏တပည့်
ကျွန်ုပ်ဦးစပ်စုဟာ သူဌေးအမျိုးအနွယ် သားသမီးထဲက မဟုတ်ပါဘူး။ ဆင်းရဲသည့်အမျိုး အနွယ်ထဲမှ ဆင်းရဲသား သားသမီးတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်သည် ၇ နှစ်သားအရွယ်မှာ ကျွန်ုပ်တို့ တရုပ်ခေတ်ဟောင်း ရာဇ၀င်မှ နာမည်ကျော်ကြားသည့် တရုပ်အမျိုးသား ပညာရှိကြီး (ကွန်ဖြူရှပ်)၏ စာပေကို စ၍သင်ကြားရပါသည်။ ၃ နှစ်ပဲ သင်ကြားလိုက်ရပါသည်။ ၁၀ နှစ်သားကျတော့ ၁၉၁၁ ခုနှစ်မှာ ကျွန်ုပ်တို့ တရုပ်အမျိုးသား ခေါင်းဆောင်ကြီး (ဒေါက်တာစွန်ရက်ဆင်)က မန်ချူးရီးယား ရှင်ဘုရင်ကို တော်လှန်လိုက်ပါသည်။ တော်လှန်ပြီးသည့်အခါ ကိုယ့်အချင်းချင်း တောင်ပိုင်းနှင့် မြောက်ပိုင်း စစ်တိုက်ကြပြန်သည်။ စစ်တိုက်ကြသည့်အချိန်မှာ ကျွန်ုပ်တို့ရွာကလေးမှာလည်း မအေးချမ်းတော့ပါဘူး၊ စာသင်ဖို့ဟာလည်း အခက်အခဲဖြစ်လာပါသည်။ ကျွန်ုပ်တို့ဟာလည်း ဟိုပြေး ဒီပြေးနှင့် အချိန်ကုန်ခဲ့ရပါသည်။ ကျွန်ုပ်၏ ကျောင်းဆရာကြီးဟာလည်း စာသင်သည့်နေရာမှာ ကျွန်ုပ်ကို တော်သည်ဟု ချီးမွမ်းပါသည်။ ဆရာကြီးက ကျွန်ုပ်ကို တရုပ်ခေတ်ဟောင်း အနှစ် ၅၀၀၀ ရာဇ၀င်ကို သင်ပေးတယ်။ ကျွန်ုပ်ကလည်း နေ့ညအချိန်မရွေး တော်တော်ကြိုးစားသည်။ ဟိုစဉ်အခါတုန်းက ကျွန်ုပ်ဟာ ၁၃ နှစ်သားရှိပါပြီ။ ကျွန်ုပ်၏နားထဲမှာ နေ့တိုင်းနေ့တိုင်း ပြောသံ ဆိုသံကို ကြားပါတယ်။ ကျွန်ုပ်တို့ ဘကြီး၊ ဦးလေး၊ အစ်ကို၊ ဆွေမျိုးသားချင်းတစ်စုနှင့် ရွာသူရွာသား အချို့ဟာ မြန်မာပြည်ကိုသွားတာ တစ်နှစ်တစ်နှစ် အတော်များပါသည်။ မြန်မာပြည်ကိုရောက်ပြီး ၂နှစ် ၃နှစ်၊ ၄-၅နှစ်လည်းကြာရော၊ မြန်မာမကိုလည်း ယူလိုက်တာပဲ၊ နောက်ပြီး သူဌေးလည်း ဖြစ်ရော။ ပြည်ကြီးမှာကျန်ရစ်ခဲ့သည့် မိဘနှင့်ဆွေမျိုးသားချင်းတစ်စုဟာ ဘယ်လိုစာရေး၍ခေါ်ခေါ် ပြန်မလာတော့ပါဘူး။ ကပ်စေးနဲနှင့် မြန်မာပြည်မှာ ကပ်ထားသလို ဖြစ်နေပါပြီ။
ကျွန်ုပ်ဟာ ဒီအကြောင်းကိုကြားသည့်အခါ အံ့သြလည်းအံ့သြစရားဖြစ်နေတယ်။ ယုံလည်း မယုံကြည်ဘူး။ ဒါနဲ့ ကျွန်တော်ဟာ ၁၄ နှစ်သားလောက်ကျတော့ ကျွန်ုပ်၏ မိဘ၊ အဖွား၊ ဆွေမျိုးသားချင်းတစ်စုနှင့် ဆရာကြီးများကို ကျွန်ုပ်ကပြောတယ်။ ဘယ်လိုပြောသလဲဆိုတော့ ““မြန်မာပြည်သွားသည့်သူ မှန်သမျှဟာ မြန်မာပြည်မှာ သူဌေးလည်းဖြစ်၊ ပြန်လည်းမပြန်နိုင်ဘူး ဆိုတာကို ကျွန်ုပ်ဟာ အင်မတန်မှ အံ့လည်းအံ့သြတယ်၊ ယုံလည်း မယုံကြည်နိုင်ဘူး။ ကျွန်ုပ်ရဲ့ဦးနှောက်ထဲမှာ စဉ်းစားစရာတစ်ခုဖြစ်နေတယ်၊ သို့အတွက် ကျွန်ုပ်ဟာ မြန်မာပြည်ကိုသွားပြီး စုံစမ်းချင်တယ်””လို့ ကျွန်ုပ်က ပြောဆိုလိုက်သည်။
ကျွန်ုပ်၏ ပြောဆိုသံကလည်း ကြီးကြီးကျယ်ကျယ်၊ မြန်မာပြည်ကိုသွားပြီး ပြန်မလာသည့် လူစုကိုလည်း အများကြီး ကဲ့ရဲ့လိုက်မိသည်။ ကျွန်ုပ်က မရမနေ အပြင်းအထန်ပြောမှ လူကြီးတွေက သဘောတူပြီး မြန်မာပြည်ကိုလွှတ်ပါတော့သည်။ ကျွန်ုပ်ကို အင်မတန်ချစ်ခင်သည့်အဖွားနှင့် ၁၂ နှစ်သားအထိ အတူတူအိပ်လာခဲ့သည်။ သွားလာကြသည့်အခါမှာလည်း အဖွားနှင့်ပဲ အတူတူ သွားလာခဲ့သည်။ တစ်ခါမှ မခွဲခွာဖူးပါ။ ဒီတစ်ခါကစပြီး ကျွန်ုပ်ဟာ ကျွန်ုပ်အဖွားနှင့်စ၍ ခွဲခွာလာတော့မယ်၊ ကျွန်ုပ်မြန်မာပြည်ကိုသွားခါနီး သင်္ဘောဆိပ်မှာ ကျွန်ုပ်၏အဖွားဟာ စကား အချက်ကြီး ၃-ချက်ကို မှာကြားလိုက်ပါသည်။

No comments:

Post a Comment