Thursday, August 26, 2010

မိတ်ဆက်

မိတ်ဆက်

ဦးစပ်စု၏ “ထူးတဲ့စပ်စု” စာအုပ်တွင် ကျွန်တော်က မိတ်ဆက် အမှာစာရေးသားရန် တာဝန်ကျသဖြင့် ဤစာအုပ်မည်သို့ ဖြစ်ပေါ်လာရသည်ကို စာဖတ်သူပရိသတ်တို့အား အမှာစာအားးဖြင့်ဖေါ်ပြလိုပါသည်။
ကျွန်တော်နှင့်ဦးစပ်စု၊ ကျွန်တော်နှင့် ဆရာကြီးဦးရန်အောင်တို့မှာ တဦးနှင့်တဦး အတော်ပင် ရင်းနှီးကြသော မိတ်ဆွေများဖြစ်ကြပါသည်။
ဆရာကြီး ဦးရန်အောင်ဆိုလျှင် ၁၉၄၃ ခုနှစ် ဂျပန်ခေတ်က ကြားတောရလမ်းတွင် စာအုပ်ဆိုင် ဖွင့်ထားစဉ် အခါကပင် ရင်းရင်းနှီးနှီး သိသကဲ့သို့ ထိုအချိန်လောက်ကပင် တရုပ်အမျိုးသား ဗြန်ဟပ်ဘွေ အသင်းကြီး၌ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေသော ဦးစပ်စုကို သိခဲ့ရပါသည်။


ထို့နောက်ကာလတွေကြာညောင်းပြီး အခါတွေအမျိုးမျိုးပြောင်းလာသည့်အတိုင်း ကျွန်တော်တို့မှာ တဦးနှင့်တဦး တွေ့ဆုံခွင့်မရကြဘဲ လုပ်ငန်းကိုယ်စီနှင့်သာ အလုပ်များနေကြရာမှ ကျွန်တော်သည် တချိန်က မယ်ဗမာ လဘက်ခြောက်သယ်ပီပီ လဘက်ခြောက်လိုက်ရောင်းရာတွင် ကျွန်တော်၏လဘက်ခြောက်ကို အင်တိုက်အားတိုက် ရောင်းချပေးမည့်သူကို မျှော်လင့်နေဆဲ ဦးစပ်စုအားသတိရသဖြင့် ၎င်းအား အကူအညီတောင်းရာမှ ယနေ့တိုင် ဦးစပ်စုနှင့်ကျွန်တော်မှာ ပိုမိုရင်းနှီးလာသော မိတ်ဆွေများဖြစ်ကြရပါသည်။

အမှန်မှာ ဦးစပ်စုသည် ထူးတဲ့စပ်စုကြီးဖြစ်လာခဲ့ရသော်လည်း သူသည် သူဌေးသူကြွယ် မင်းစိုးရာဇာ သားသမီးထဲက မဟုတ်ဘဲ တရုပ်ပြည်ကြီး၏ တခုသောတောရွာမှ သာမန်တောသား ထောင်ကဲလေးသာဖြစ်ပါသည်။

သို့သော် ဦးစပ်စု၏အိမ်တွင် ရောက်ဘူးသူတိုင်း သူ၏အိမ်နံရံတွင် နံရံပြည့်လုခမန်း ချိတ်ဆွဲထားသော ဓာတ်ပုံများကို တွေ့ရလျှင် ဦးစပ်စုသည် ခေတ်သုံးခေတ်က ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် ရင်းနှီးခင်မင်သည်ကို သိရလေသည်။

ကျွန်တော်မှာ ခင်မင်ရင်းနှီးသူဖြစ်သည့်အတိုင်း ဦးစပ်စုအိမ်သို့ မကြာခဏရောက်ရာ ရောက်တိုင်းလိုပင် ခေါက်ဆွဲစားရလေ့ရှိပါသည်။ ဦးစပ်စုနှင့် သူ၏ဇနီး ဒေါ်ကျင်မြိုင်တို့တွင် စွဲကပ်နေသော အကျင့်လေးတခုမှာ လာသမျှသော ဧည့်သည်များကို ခေါက်ဆွဲလေး တပန်းကန်လောက်ကိုတော့ အနည်းဆုံးကျွေးရမှ ကျေနပ်ကြပါသည်။ “အရပ်ရပ်က ကျောင်းဒကာ အစားရှိရာ စုရုံးစုရုံး” ဆိုသကဲ့သို့တော့ မဟုတ်ပါ။

တနေ့တွင် ကျွန်တော်သည် ကိစ္စတခုအတွက် ဦးစပ်စုဂေဟာသို့ရောက်ခဲ့ပါသည်။ ခေါက်ဆွဲကိုတော့ စားချင်၍မဟုတ်ပါ။ ကိစ္စတခုကြောင့်လာရသော်လည်း ဦးစပ်စုနှင့် ကျွန်တော်မှာ စကားပြောနေရင်း တူသံ ပန်းကန်သံများကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ခေါက်ဆွဲပြုပ်ကြော် ပူပူနွေးနွေး နှစ်ခွက်ကို ကိုင်ဆောင်လာသော ဒေါ်ကျင်မြိုင်က ပြုံး၍ “ကဲ-ကဲ-စားကြအုံး၊ ပီးမှ ဆက်ပြီး စကားပြောပါ” ဟုပြောလာသဖြင့် ကျွန်တော်က အားနာပါးနာနှင့် ထုံးစံအတိုင်း ၀င်လွေးရပါတော့သည်။

ခါတိုင်းကဲ့သို့ပင် ကျွန်တော်သည် ခေါက်ဆွဲစားရင်း နံရံတွင်ချိတ်ဆွဲထားသော ဓာတ်ပုံများကိုကြည့်ရင်းက မြင်နေကျ ဓာတ်ပုံတပုံကို ထိုနေ့ကမှ သေချာစွာကြည့်မိရာ ဦးစပ်စုက “ ဟာ-ဒီဓါတ်ပုံဟာ ကျုပ်အတွက် အရေးကြီးတဲ့ ဓာတ်ပုံပေါ့၊ ကျုပ်ကို ပြည်ထဲရေးဝန်ကြီးဆာဦးဘ က စပ်စုလို့ နာမည်ပေးခဲ့တဲ့ အထိမ်းအမှတ်ပွဲမှာ ရိုက်ထားတဲ့ပုံဘဲ” ဟုပြော၏။

ကျွန်တော်သည် အနားကပ်ပြီး သေချာစွာကြည့်ရာ ၁၉၃၄-ခုနှစ် ဒီဇင်ဘာလ ၂၉-ရက်နေ့က ရိုက်ထားသော ဓာတ်ပုံဖြစ်နေသဖြင့် ကျွန်တော်လည်း အမှတ်မထင် “ဟာ-၁၉၃၄ ခုနှစ်ကဆိုတော့ အခု ၁၉၅၉-ခုနှစ်မှာ ဦးစပ်စု ဗမာနာမည်ရတာ နှစ်ဆယ့်ငါးနှစ် ပြည့်ပြီပေါ့၊ ဦးစပ်စု နာမည်ရတာ အနှစ်အစိတ်ဆိုတော့ “ငွေရတုသဘင်” ကျင်းပပြီး ကျွန်တော်တို့ကို ခေါက်ဆွဲကျွေအုံးမှာပေါ့” လို့ နှုတ်ဆတ်ဆော့လိုက်ရာ ကျွန်တော့်အား ဦးစပ်စုက “အား-အား-ခင်ဗျားပြောလို့ ကျုပ်သတိရတယ်၊ ဟုတ်တယ် ကျုပ်စပ်စုနာမည်ရတာ နှစ်ဆယ့်ငါးနှစ်ပြည့်ပြီ၊ အင်း-အင်း- နေပါအုံး၊ ငွေရတုသဘင်ဆိုတာ ဘာလဲ” ဟုမေးရာ ကျွန်တော်က ဆီလ်ဘားဂျူဗလီ၊ ဂိုလ်ဒင်းဂျူဗလီ၊ ဒိုင်းမွန်းဂျူဗလီ စသော ကိစ္စများကို ပြောပြရာ ဦးစပ်စုမှာ အတော်ပင် သဘောပေါက်သွားပါသည်။

ထိုနောက် သူ့ဇနီးသည် အစ်မကြီး ဒေါ်ကျင်မြိုင်ကို ခေါ်ကာ ပြောပြပြန်သည်၊ ပဌမတွင် ကျွန်တော်တို့အနေနှင့် ဦးစပ်စု၏ ငွေရတုသဘင်တွင် ပွဲကောင်းကြီးတခုတော့ တွေ့အုံးရတော့မည်ဟု တွေးထင်မိသည်၊ ဦးစပ်စုမှာ မိတ်ဆွေများအား ကျွေးမွေးဧည့်ခံလိုသည်သာမကဘဲ သူ၏ အဖြစ်သနစ်စုံကို မြန်မာပြည်သူပြည်သားများအား ဖေါက်သည်ချလိုကြောင်း ပြောပြရာ ကျွန်တော်က မဂ္ဂဇင်းတခုတွင် ဦးစပ်စု အကြောင်းရေးရန်ပြောသောအခါ ဦးစပ်စုမှာ ပိုမိုသဘောပေါက်လာပြီး “ကျုပ်အကြောင်းကို မဂ္ဂဇင်းထဲမှာ အတိုအထွာလေးတော့ မရေးချင်ပါဘူး၊ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ အားလုံးပါတဲ့ ကိုယ်ရေးရာဇ၀င်ကိုရေးချင်တယ်၊ အဲဒါ ခင်ဗျားရေးပေးပါ” ဟုပြောလေတော့သည်။

ရော….အဲဒီအခါကျမှ ခက်ရပါပြီ၊ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် စာရေးဆရာလည်း အင်မတန်မှ ဖြစ်ချင်သည်၊ စာရေးရမည်ကိုလည်း များစွာမှ ပျင်းရသည့်အထဲ အလုပ်ကလည်း အားရသည်မရှိပါ။ ကျွန်တော်၏ ကလောင်နာမည် “တက္ကသိုလ်ထင်ရှား” ဆိုသည်မှာလည်း ငုပ်ချည် ပေါ်ချည်နှင့် ပေါ်တခါ ပျောက်တလှည့် ဖြစ်နေပါသည်။

ကျွန်တော်လည်း မတတ်သာသောအဆုံး၌ ဦးစပ်စု ကိုပင် စာရေးဆရာတဦးဦးအား အချိန်ပြည့်ရေးစေပြီး ဉာဏ်ပူဇော်ခ ချီးမြှင့်ပါက ပိုမိုကောင်းပါမည်။ လိုအပ်ပါက ကျွန်တော်က နာမည်နှင့် နေရာအရပ်ဒေသ အကြောင်းအရာများကို စီစစ်ပေးပါမည်ဟု ပြောပါသည်။

ထို့နောက် ရုပ်ရှင်မင်းသား ကိုထွန်းဝေမှတဆင့် စာရေးဆရာ ဦးရန်အောင်နှင့် ဆက်သွယ်မိသည့်အကြောင်း၊ ၎င်းနောက် ဦးစပ်စု၏ အတ္ထုပ္ပတ္တိကို စတင်ရေးနေပြီ ဖြစ်သည့် အကြောင်းများကို ကြားရသဖြင့် ဦးစပ်စုကဲ့သို့သော ပြည်ကြီးပေါက် မြန်မာတိုင်းရင်းသား ထောင်ကဲတဦး၏ ပြည်ထောင်စုအပေါ်တွင် ထားအပ်သော စိတ်စေတနာကို ပြည်သူလူထုတို့ ဖတ်ရှုရတော့မည်ဖြစ်သဖြင့် ကျွန်တော့်အနေနှင့် များစွာမှ ဝမ်းမြောက်မိပါသည်။

ဦးစပ်စု၏ အကြောင်းအရာများကို ရေးသားပေးရသော ဆရာဦးရန်အောင်၏ သားတပည့် ကိုမောင်လေးမှာ စာရေးဆရာ ပေါက်စတို့၏ ဇွဲအတိုင်း မနက် ၈ နာရီမှ စရေးသည်မှာ ည ၉ နာရီ ထိုးသည့်အချိန်အထိ ရေးတုံးပင်ရှိသေး၍ တခါက သူ့ဇနီးလေး မသန်းမြင့်ကပင် “ကိုမောင်လေး တယောက် စာရေးသည် စာရေးသည် ဆိုပြီး ညကြီး မိုးချုပ်မှ ပြန်-ပြန်လာသည်မှာ ဟုတ်မှ ဟုတ်ပါလေစ” ဟု သံသယမကင်း ရှိသည်ဟု အဆိုရှိခဲ့လေသည်။

အမှန်မှာ စာရေးဆရာကြီးဦးရန်အောင်သည် ဗမာစာပေကို ဗမာပီပီသသကြီး ပျိုးထောင်နေသူတဦးဖြစ်သည့်အားလျော်စွာ လွန်ခဲ့သော ၁၉၃၇-၁၉၃၈ ခုနှစ်လောက်ထဲက တိုးတက်ရေး သတင်းစာတွင် ဖတ်ခဲ့ရသော ဆရာဦးရန်အောင်၏ ရသအပေါင်းနှင့် ပြည့်စုံသော “အညာသားကလေးဝတ္ထု”ကို ယနေ့တိုင် မမေ့နိုင်သေးပါ။

သို့သော် ယခု ဦးစပ်စု၏ ထူးတဲ့စပ်စု စာအုပ်မှာ ၀တ္ထုဇာတ်လမ်းရိုးရိုးမဟုတ်ဘဲ ဦးစပ်စု၏ တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ဖြစ်ခြင်းကြောင့် သူပြောသမျှကိုသာ လက်မလွတ်တမ်း ရေးနိုင်မည့်သူသာ လိုအပ်လေသဖြင့် အလုပ်များပြားလှသော ဆရာဦးရန်အောင်အနေနှင့် မည်သို့မျှ အချိန်ပေးနိုင်မည် မဟုတ်ပါပေ။

ထို့ကြောင့် တရုပ်ရာဇ၀င် အနှစ်ငါးထောင်ကို အာဂုံဆောင်ထားသော ဦးစပ်စု၏ စကားလုံးများကို အဆက်မပြတ် ရေးသားနိုင်သော ကိုမောင်လေး၏ ဇွဲကြောင့်သာ ယခုအချိန်အနည်းငယ် အတောအတွင်း၌ ဤစာအုပ်မှာ ဝေေ၀ဆာဆာ ထွက်ပေါ်လာနိုင် ပါတော့သည်။

ထို့ကြောင့် ကျွန်တော်၏ နှုတ်ဆတ်ဆော့မှုမှ ပေါ်ပေါက်လာရသော ဦးစပ်စုနာမည်ရသည့် နှစ်ဆယ့်ငါးနှစ်မြောက် ငွေရတုသဘင်ပွဲကြီးမှာ ရိုးရိုးသားသား “ခေါက်ဆွဲပါတီ” သာမကဘဲ၊ ဦးစပ်စုသည် မည်သို့မည်ပုံ မြန်မာနိုင်ငံတော်၏ လောကီ စီးပွားရေး၊ အရေးကြီးလှသည့် နိုင်ငံရေး၊ တော်လှန်ရေး စသည်တို့တွင် မည်သို့မည်ပုံ စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲ ဆောင်ရွက် လာသည်တို့ကို စာရှုသူတို့ ဆက်လက် ဖတ်ရှုရန် ဤစာအုပ်ငယ်နှင့် မိတ်ဆက် ပေးရခြင်း ဖြစ်ပါသည်။

ခင်မောင်ဇော်(တက္ကသိုလ်ထင်ရှား)
ရန်ကုန်မြို့

No comments:

Post a Comment