Thursday, August 26, 2010

မြန်မာပြည်သို့လာခြင်း၊ သမ္ဗန်သမားဘ၀၊ လင်္ကာ ၄-ပုဒ်။

မြန်မာပြည်သို့လာခြင်း

ကျွန်ုပ် မြန်မာပြည်သို့လာသည့်အခါ ကျွန်ုပ်၏ဆရာကြီးပေးလိုက်သည့်စာအုပ်က ၄ တွဲ၊ ဂုံနီအိတ်ကတစ်ခု၊ တရုပ်သားရေကိုလုပ်ထားသည့် ခေါင်းအုံးကတစ်လုံး၊ စောင်တစ်ထည်၊ ဖျာတစ်ချက်၊ အင်္ကျီဘောင်းဘီ အနက်ရောင် ၄ စုံအပြင် အခြားဘာပစ္စည်းမှ မပါပါဘူး။ ကျွန်ုပ်၏ရွာကလေး ကွိုင့်ခေါက်မှခွဲခွာ၍ သင်္ဘောဆိပ်ကမ်းရှိရာ (အေမွိုင်)ကို ကျွန်ုပ်ဟာ ထွက်လာပြီး၊ ၁၉၁၅ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ (ဟောင်ဘော်)သင်္ဘောကို စီးနင်းလိုက်ပါ၍ မြန်မာပြည်ကို လာခဲ့ပါသည်။

၁၉၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ပီနံကိုရောက်ပါသည်။ ၁၉၁၅ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ကျတော့ ဂျပန်သင်္ဘောနာမည်က (တိုစာမာယု) မျှင်ငပိတင်သည့်သင်္ဘောနှင့် ရန်ကုန်ကို လိုက်လာပါသည်။ ၁၉၁၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျွန်ုပ်ဟာ ရန်ကုန်ကို ကောင်းမွန်စွာနှင့်ရောက်ရှိပါသည်။ ပီနံမှထွက်၍ တစ်ရက်လောက်ကြာတော့ ပင်လယ်ထဲမှာ ဂျာမနီစစ်သင်္ဘောနှင့် အင်္ဂလိပ်စစ်သင်္ဘောဟာ တစ်စင်းနှင့်တစ်စင်း အမြောက်နှင့်ပစ်ခတ်နေတာကို တွေ့မြင်ခဲ့ရပါသည်။ ကျွန်ုပ်ဟာ ပထမကမ္ဘာစစ်ကြီးကြားမှ မြန်မာပြည်ကိုလာခဲ့ရခြင်းဖြစ်ပါတယ်။

သမ္ဗန်သမားဘဝ

ရန်ကုန်ကိုရောက်လာသည့်အခါ ရန်ကုန်မှာ ၁၀ရက်ကြာလောက် နေထိုင်ပါသည်။ ၎င်းင်းနောက် ၁၁လမ်း ဦးဘရီပိုင် ရွှေလ၀င်းသင်္ဘောနှင့်လိုက်သွားပြီး မြောင်းမြအပိုင် ကျုံမငေးနှင့် လပွတ္တာကြားရှိ ကန်ဘဲ့ရွာမှာ သွားရောက်နေထိုင်ပါသည်။ ကန်ဘဲ့ရွာကို ရွှေလ၀င်းသင်္ဘောနှင့် ၃ရက်ကြာမှ ရောက်ရှိပါတယ်။ ကန်ဘဲ့ရွာမှာ ၃-၄ လလောက် နေထိုင်ပြီးမှ မြစ်ကြီးကိုသမ္ဗန်နှင့် ၅ နာရီ ၆နာရီလောက်စီးပြီး ကိုယ့်ဟာကိုယ်ခတ်သွားရသည့် ပီတွတ်ကလေးရွာမှာ သွားရောက်နေထိုင်ပါသည်။ ဒီရွာကလေးဟာ တကယ်တောကြိုအုံကြားရွာကလေးဖြစ်တယ်။ ဒီနေရာဟာ ကနစိုထင်းထွက်သည့် နေရာဖြစ်သည်။ ဒီရွာကလေးထဲမှာလည်း ကျွန်ုပ်၏အမျိုး တရုပ်ဆိုင်တစ်ဆိုင်ရှိတယ်။ တနင်္ဂနွေ တစ်ပတ်လောက်ကြာမှ လာတာဟာ ဒီရွှေလ၀င်းသင်္ဘောပဲရှိတယ်။ သင်္ဘောရောက်သည့်အခါဟာလည်း များသောအားဖြင့် ညသန်းခေါင်းအချိန်မှာရောက်တယ်။ ဒီသင်္ဘောဟာလည်း ကမ်းကိုမကပ်ပါ။ မြစ်လယ်မှာ စက်ကို အရှိန်လျော့၍နားထားပါသည်။ ကျွန်ုပ်ဟာ သင်္ဘောရောက်လာလျှင် ကုန်များကို သမ္ဗန်နှင့်သွား၍သယ်ပါသည်။ သင်္ဘောကတော့ စက်ကိုရပ်မထားပါ။ ဥသြကလည်း မကြာခဏဆွဲ၍ တဖြည်းဖြည်းမောင်းနေပါတယ်၊ ကျွန်ုပ်ဟာ သမ္ဗန်မှကြိုးကို သင်္ဘောမှာချည်ပြီး ပစ္စည်းများကို သယ်တယ်။ (ယခုကျွန်ုပ်ဟာ တစ်ခါတလေ သင်္ဘောနှင့်ခရီးသွားသည့်အခါ တွံတေးဝကို ရောက်တော့ တွံတေးဝမှာလာပြီးတော့ သမ္ဗန်ကိုသင်္ဘောမှာချိတ်၍ ထမင်းရောင်းကြတာကိုမြင်သည့်အခါ လွန်ခဲ့သည့် အနှစ် ၄၀ ကအဖြစ်အပျက်ကို သွားပြီးတော့ သတိရမိပါသည်။) ရွှေလ၀င်းသင်္ဘောရောက်လို့ သမ္ဗန်နှင့် ကုန်မျိုးစုံကို သင်္ဘောမှာသွားပြီးသယ်သည့်အခါ လှိုင်းကလည်းကြီး၊ မိုးကလည်းချုပ်၊ သင်္ဘောကလည်း စက်မရပ်ထားတာကြောင့် တခါတလေ ကျွန်ုပ်ဟာ ရေထဲကိုကျသွားသည့် အခါလည်း ကျသွားပါသည်။
ဟိုစဉ်အခါက အဲဒီလို ပီတွတ်ကလေးရွာမှာ အနေကြာသွားသည့်အခါ ကျွန်ုပ်နှင့်အတူတူ သင်္ဘောကိုသွားပြီး သမ္ဗန်နှင့်ကုန်သွယ်သည့်အခါ ကောက်စိုက်သမတစ်ဦးလည်း ပါပါသည်။ သူဟာ အင်မတန် ဖျတ်လတ်ပါသည်။ သွက်လဲသွက်ပါတယ်။ ထွားလည်းထွားကျိုင်းပါသည်။ ကျွန်ုပ်နှင့်စာလျှင် ၃နှစ်လောက်ကြီးပါသည်။ ကျွန်ုပ်မြစ်ထဲကို ကုန်ရောလူပါ မတော်တဆကျသွားလျှင် သူဟာ မြစ်ထဲကိုခုန်ဆင်း၍ ကျွန်ုပ်ကိုကယ်တင်တာ ၃ခါလောက်ရှိပါသည်။ ဒီအမျိုးသမီးနာမည်ကတော့ မစိန်ခင် လို့ခေါ်ပါတယ်။ ကျွန်ုပ်ဟာ ပြည်မကြီးမှ ဒီလိုတောကြိုအုံကြား ပီတွတ်ကလေးရွာကို ရောက်ပြီး နေထိုင်၍ ညကြီးသန်းခေါင် လသာသည့်အခါမှာ လူသံတွေကလည်း တိတ်ဆိတ်ပြီး မြစ်ထဲကရေသံပဲကြားနေရပါသည်။ ဒီလိုလသာသည့်အချိန်အခါမှာ ကျွန်ုပ်နေထိုင်ခဲ့သည့် ဇာတိ ရွာကလေးနှင့် အဖွား၊ မိဘ၊ ဆွေမျိုးသားချင်းတို့ နေထိုင်ကျန်ရစ်ခဲ့သည့်ပြည်ကြီးကို အင်မတန်မှ လွမ်းပြီးတော့ အောက်မေ့သတိရမိပါသည်။

လင်္ကာ ၄-ပုဒ်

ရှေးကတရုပ်လူကြီးများ မြန်မာပြည်နှင့်ရန်ကုန်မြို့ကို ရောက်သည့်အခါ တရုပ်ပြည်ကို လွမ်းဆွတ်အောက်မေ့သည့်အတွက် လင်္ကာ ၄-ပုဒ် ရေးစပ်ထားကြပါသည်။ ဒီလင်္ကာ ၄-ပုဒ်က တစ်ပုဒ်ကို စာ ၅လုံးစီရှိပါ၍ လင်္ကာ ၄-ပုဒ်ဆိုတော့ စာလုံးပေါင်း ၂၀-ရှိပါသည်။ တရုပ်စာ တတ်သည့်သူများဟာ ဒီစာ ၄-ပုဒ်ကိုဖတ်မိလျှင် မျက်ရည်မကျပဲ မနေနိုင်ပါဘူး။ နောက်ပြီး (ရန်ကုန်)ဆိုသည့် စာလုံးနှစ်လုံးကိုလည်း ဟိုရှေးက တရုပ်လူကြီးများဟာ တမင်တကာ သူတို့က အဓိပ္ပါယ်ကို တစ်မျိုးလှည့်ပြီးကောက်ယူထားတယ်။ ရန်ဆိုတာက မော့တာ၊ ကုန်ဆိုတာက လင်းတာ၊ ဒါ့ကြောင့်မို့ မော့ပြီးလင်းတာဟာ လသာတာနဲ့သွားတူတယ်လို့ အဓိပ်္ပါယ်တစ်မျိုးကောက်ယူထားပါသည်။ ဟိုရှေးကတရုပ်လူကြီးများ ပြည်ကြီးကိုလွမ်းဆွတ်အောက်မေ့၍ ရေးစပ်ထားခဲ့သည့် လင်္ကာ ၄-ပုဒ် စာလုံး ၂၀၏ အဓိပ်္ပါယ်ကတော့ ...။

၁။ ကူးထောင်ဘောင်ဘင်ဝှက်။ ။ ကူးထောင်ဘောင်ဘင်ဝှက် ဆိုတာကတော့
ခေါင်းကို မိုးပေါ်မော့ကြည့်လိုက်သည့်အခါ ရွှေလကိုသွားမြင်တာဖြစ်ပါတယ်။
၂။ အိထောင် ဘောင်ကော့ရောင်။ ။ အိထောင်ဘောင်ကော့ရောင် ဆိုတာကတော့
ခေါင်းကိုအောက်စိုက်ကြည့်ပြီး ကိုယ့်ရွာကိုယ့်ဇာတိကို အောက်မေ့ပြီး စဉ်းစားနေတာ
ဖြစ်ပါတယ်။
၃။ ကော့ရောင်ပကိုးကျန်။ ။ ကော့ရောင် ပကိုးကျန် ဆိုတာကတော့ ကိုယ့်ရွာ
ကိုယ့်ဇာတိကို စဉ်းစားပါသော်လည်း မမြင်နိုင်ပါ။
၎။ လေးဟာကျန့်အီးရင်း။ ။ လေးဟာကျန့်အီးရင်းဆိုသည့် နောက်ဆုံးစာ
ကတော့ ဇာတိကိုမမြင်နိုင်ပဲ၊ မျက်ရည်အသွယ်သွယ်ဟာ တပေါက်ပေါက်ကျပြီး
အင်္ကျီစိုသွားတာဖြစ်ပါသည်။

ဒါကြောင့် ဟိုရှေးတုန်းကတရုပ်လူကြီးများဟာ ကိုယ့်ဇာတိကိုအောက်မေ့သည့်အခါ ဒီလင်္ကာ လေးပုဒ်ကိုပဲ ဖတ်ရှုကြပါသည်။
ကျွန်ုပ်ဟာ ပီတွတ်ကလေးရွာကိုရောက်တာ တစ်လတောင်မပြည့်သေးခင်အခါမှာ အစားအသောက်ဟာ တစ်နေရာမှတစ်နေရာသို့ ပြောင်းလွဲစားသောက်ရလို့ပဲလား။ ကျွန်ုပ်နေထိုင်ခဲ့သည့် ပြည်ကြီးနှင့်ပဲ မတူလို့လားမပြောဆိုတတ်ပါဘူး။ တစ်လလောက်ဖျားပါသည်။

No comments:

Post a Comment