Thursday, August 26, 2010

အဖွား၏မှာကြားချက်၊ ဆရာကြီး၏သြ၀ါဒ။

အဖွား၏မှာကြားချက်
ပထမမှာသည့်အချက်ကတော့ မြန်မာပြည်ကိုရောက်သည့်အခါ ရောက်လျှင်ရောက်ချင်း မြန်မာပြည်မှာ အင်မတန်တန်ခိုးကြီးသည့် ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရားများကို သွားပြီးတော့ ဖူးမျှော်ကန်တော့ရမည်။
ဒုတိယမှာသည့် အချက်ဟာကတော့ မြန်မာနှင့်တည့်အောင်ပေါင်းရမည်။

တတိယနောက်ဆုံးမှာသည့်အချက်ကတော့ ကျွန်ုပ်၏အဖွားက ငိုပြီးတော့ပြောသည်။ အဖွားဟာ ငိုပြီးသည့်အတွက်ကြောင့် အသံဟာလည်း သိပ်ပြီးမကွဲဘူး။ ၃ - ၄ ကြိမ်ပြောမှ ကျွန်ုပ်ဟာ အဓိပ္ပါယ်ပေါက် နားလည်တယ်။ ကျွန်ုပ်၏လက်ကို အဖွားဟာ ခပ်နာနာ ခပ်တင်းတင်းဆွဲထားတယ်။ ““ဒီစကားတစ်ခုကို ဘယ်တော့မှမမေ့ပါနှင့်၊ ဦးနှောက်ထဲမှားထားပါ”” ဒီလိုငိုယိုပြီး မှာလိုက်သည့် စကားတစ်ခွန်းကတော့ အခြားဟာမဟုတ်ပါဘူး။ ကျွန်ုပ်မြန်မာပြည်ကိုရောက်လျှင် အလွန်ဆုံး ၄ နှစ်နေပါ။ ပိုက်ဆံရှိရှိမရှိရှိ ပြန်လာပါ။ ကျွန်ုပ်၏အဖွား စကားပြောမှာတာ ဒီနေရာကျတော့ ငိုသံဟာ ပိုပြီးတော့ ကျယ်လာတယ်။ ကျွန်ုပ်ဟာ အဖွားပြောတာကို မနည်းနားထောင်မှ နားလည်တယ်။ မြန်မာမကို မယူနှင့် ဆိုတဲ့စကားကို ကျွန်ုပ်၏အဖွားဟာ ဆက်ကာဆက်ကာ ငိုယိုပြီးမှာသည်။ ကျွန်ုပ်အား ငိုယိုမှာသည့်အကြောင်းက ကျွန်ုပ်၏အကြောင်းကို ကျွန်ုပ်၏အဖွားဟာ သိပြီးသား ဖြစ်နေတယ်။
ကျွန်ုပ်ဟာ မြန်မာပြည်ကိုလာတော့ ကောင်လေးဘ၀ ၁၄-နှစ်သားပဲ ရှိသေးတယ်။ နဂိုရ်ကလည်း ခပ်ကမြင်းတင်းတင်းနှင့်နေထိုင်သည်။ မြန်မာပြည်ကိုသွားလျှင် မြန်မာမနှင့်တွေ့ပြီး ပင့်ကူအိမ်ထဲကို ယင်ကောင်ကပ်သွားသလို ထွက်ခွာ၍ရမည်မထင်ပါဘူး။ သို့အတွက် ကျွန်ုပ်အဖွားဟာ ကျွန်ုပ်ကို အလွန်ဆုံး ၄ နှစ်ကြာရင်ပြန်လာရမည်လို့ သေသေချာချာမှာတယ်။ ကျွန်ုပ်ကတော့ မြန်မာပြည်ရောက်တာ အခုအချိန်အထိ ၄၄-နှစ်ရှိပြီ၊ ကျွန်ုပ်အဖွားမှာထားသည့် ၄နှစ်ဟာ၊ ၄ ကတော့ ၄ ပါပဲ၊ ပြီးတော့ သုညတစ်လုံးပိုသွားတယ်၊ ၄ တစ်လုံးပိုသွားတယ်။ ဘယ်လောက်ကွာခြား သွားပါသလဲဆိုတာ စာရှုသူသိနိုင်ပါသည်။

ဆရာကြီး၏သြ၀ါဒ

ကျွန်ုပ်ဟာ ပြည်ကြီးမှ မြန်မာပြည်သို့ ထွက်ခွာလာခါနီးအချိန်မှာ ကျွန်ုပ်၏ဆရာကြီးထံ သွားပြီးတော့ တနင်္ဂနွေတစ်ပတ်လောက်ကြာကြာ ဆရာကြီး၏ ဆုံးမသြ၀ါဒကို နာခံယူသည်။ ကျွန်ုပ်၏ဆရာကြီးဟာ ကျွန်ုပ်ကို တရုပ်ခေတ်ဟောင်းရာဇ၀င် အနှစ် ၅၀၀၀ စာအုပ်မှ စာအုပ် ၄ တွဲပေးလိုက်တယ်။ (ဒီစာအုပ်တစ်တွဲလျှင် ၁၂ အုပ်ရှိပါသည်။) ကျွန်ုပ်ကိုမှာတယ်။ ဒီစာအုပ်ကို အစကနေအဆုံး၊ အဆုံးကနေအစပြန်ဖတ်ပါ။ နေ့ညမရွေးပြန်ဖတ်ပါ။ အဲဒီလို ကြိုးစားလေ့လာလို့ ၁၀-နှစ်ကြာရင် ရာခိုင်နှုန်း ၁ လောက်ရမည်၊ အနှစ် ၂၀ ကြာရင် ၂ ရာခိုင်နှုန်းရမည်။ ၂ ရာခိုင်နှုန်းရလျှင် ကြိုတင်ပေါင်းသင်းဆက်ဆံရေးနားလည်မယ်၊ ဗေဒင်လည်းကြည့်တတ်မယ်၊ လူကဲလည်း ခတ်တတ်မယ်၊ ရုပ်ရည်လက္ခဏာလည်းကြည့်တတ်မယ်၊ အတိတ်နိမိတ်လည်း ကောက်တတ်မည်၊ သီချင်းကိုနားထောင်၍ အဖြစ်အပျက်ကို နည်းနည်းပါးပါး အကဲခတ်တတ်မယ်၊ မြန်မာပြည်အနေနှင့် ကောက်စိုက်သမမှစပြီးတော့ တဆင့်တဆင့်တက်၍ ကုန်သည်ကြီးအထိ ပေါင်းသင်းနိုင်သည်။ အနှစ် ၃၀ ကြာလျှင် ၃ ရာခိုင်နှုန်းလောက်ရမည်။ ၃ ရာခိုင်နှုန်းလောက် ရလျှင် မြန်မာပြည်မှာ ထိပ်တန်းခေါင်းဆောင် အကုန်လုံးကို နီးနီးကပ်ကပ်ပေါင်းသင်းနိုင်သည်။ နောက်ပြီး စိတ်ထဲမှာလည်း ဘယ်လောက်ပဲ ခဲရာခဲဆစ်တွေ့တွေ့၊ ဘယ်လောက်ပဲအရေးကြီးကြီး၊ စိတ်ထဲမှာ ခပ်တည်တည် ဦးနှောက်ရှင်းရှင်းနှင့် မတုန်လှုပ်ပါဘူး။ ဘာနှင့်သွားတူသလဲဆိုတော့ ဥပမာ မိုးပေါ်ကတိမ်ဟာ တောင်ကနေမြောက်၊ မြောက်ကနေတောင် ဖြတ်သွားနေတာနဲ့ တူပါသည်။ စိတ်ထဲမှာ ဘာမှ မအောက်မေ့ပါဘူး။ အမျိုးမျိုးနှင့်တွေ့ကြုံရင်ဆိုင်လာခဲ့ရင်လည်း စိတ်ထဲမှာ သည်းခံ၍ သဘောထားကြီးကြီးရှိပါသည်။ အနှစ် ၄၀ ၅၀ လောက်လေ့လာလျှင် ၅ ရာခိုင်နှုန်းလောက်ရမည်။ ၅ ရာခိုင်နှုန်းလောက်ရလျှင် မြန်မာပြည်တစ်ပြည်လုံးမှာ ပြည်ထောင်စုသားအားလုံးကို စည်းလုံး ညီညွတ်အောင် လုပ်ပေးနိုင်သည်။ ဒါတင်မကသေးဘူး အပြည်ပြည်နှင့်လည်း ချစ်ခင်ပေါင်းသင်း ဆက်ဆံနိုင်တယ်။ အရေးအကြောင်းတစ်ခုမြင်လျှင် ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြိုတင်သိနိုင်တယ်ဟု ဆရာကြီးက မှာထားလိုက်သည်။
ကျွန်ုပ်ဟာ ဆရာကြီးပေးလိုကတဲ့ရာဇ၀င်ကိုဖတ်တာ ၄၄ နှစ်လောက်ကြာပါပြီ။ ကျွန်ုပ်၏ ခန့်မှန်းခြေအရ ၄ ရာခိုင်နှုန်းလောက်ပဲ ရမည်ထင်ပါသည်။ ၄ ရာခိုင်နှုန်းလောက် ကြာအောင် လေ့လာပြီးမှ ၅ ရာခိုင်နှုန်းအထိ ကြိုးစားမယ်၊ လေ့လာမယ်လို့ ကျွန်ုပ်၏စိတ်မှာ အောက်မေ့ယူဆပေမယ့် ကျွန်ုပ်ဟာ သွေးတိုးရောဂါစွဲကပ်လာတယ်။ နောက်ပြီး သတိမေ့သွားသည့်ရောဂါလည်း စွဲကပ် လာပြန်သည်။ နေ့တိုင်းလည်း ခေါင်းမူးသည်။ ဇက်ကြောတွေလည်း အမြဲတင်းသည်။ ကျွန်ုပ်၏ ဇနီး မကျင်မြိုင်ဟာ ပရုပ်ဆီကိုလိမ်းပေးပြီး ကျွန်ုပ်ကို ခဏခဏနှိပ်ပေးရပါသည်။
ယခင်ကကျွန်ုပ်သူငယ်ချင်းများ ကျွန်ုပ်၏တိုက်ရှေ့မှ ဖြတ်သွားသည့်အခါ ကားနံပတ်က ဘယ်လောက်၊ ဘယ်သူဆိုတာ ချက်ချင်းမှတ်မိပြီး သိသည်။ ယခုတော့ ယခင်ကလိုသတိမျိုး မရှိတော့ပါ။ ကျွန်ုပ်၏ဆရာကြီးမှာလိုက်သည့် ၅ ရာခိုင်နှုန်းကို အပြည့်အ၀ မအောင်မြင်နိုင်တာကို ကျွန်ုပ်ဟာ အင်မတန်မှ ၀မ်းနည်းပါသည်။ ဘာနှင့်အလားသဏ္ဍာန်တူပါသလဲဆိုတော့ အသက် ၈၅-နှစ်ကျော်ရှိသည့် အဘိုးကြီးဟာ တောင်ဝှေးအားကိုးနှင့် တောင်ပေါ်ကိုတက်တော့ တောင်တစ်ဝက် လောက်ကျမှ တောင်ဝှေးကျိုးသွားတာနှင့် အင်မတန်မှတူလှပါသည်။ ၀မ်းနည်းစရာလည်း အင်မတန်မှ ကောင်းပါသည်။ ဒါကတော့ ကျွန်ုပ်မကြိုးစားတာမဟုတ်ပါဘူး။ ကျွန်ုပ်၏ကုသိုလ်ကံက ဒီအတိုင်း ဖြစ်လာတာကို ကျွန်ုပ်ကလည်း ကျွန်ုပ်၏ဆရာကြီးမှာလိုက်သည့်အတိုင်း လေ့လာဆည်းပူးပါသည်။

No comments:

Post a Comment