Thursday, August 26, 2010

ရန်အောင်၏အမှာ

ရန်အောင်၏အမှာ
““စာများများရေးခြင်းသည် စာရေးဆရာ၏ တာဝန်ဝတ္တရားတည်း””ဟူသောဆောင်ပိုဒ်ကို လက်ကိုင်အမြဲ သုံးစွဲဆောင်ရွက်ခဲ့သော ကျွန်တော်သည် တတ်နိုင်သမျှ စာများများရေးခဲ့၏။
ထို့ကြောင့် ကျွန်တော့်၏စာရေးသက် အနှစ် ၄၀အတွင်း ၀တ္ထု ဆောင်းပါး၊ ကဗျာစသည့် စာပေ အတော်များများ ထွက်ပေါ်ရခြင်းဖြစ်၏။
ကျွန်တော်ကိုယ်တိုင် စာရေးရုံသာလျှင်မက အခြားသူများစာရေးဖြစ်အောင်လည်း တတ်နိုင်သမျှ တိုက်တွန်း နှိုးဆော်သွေးထိုးပေးခဲ့ပေသည်။ သာဓကပြရလျှင် လွန်ခဲ့သည့် ၁၉၅၃ခုနှစ်၊ ဇူလိုင်လထုတ်မြ၀တီမဂ္ဂဇင်းတွင် ထည့်သွင်းရန်စာမူများကို ကျွန်တော်ရှာဖွေစုဆောင်းနေစဉ်တွင် ၀န်ကြီးဟောင်းဦးဘဂျမ်းထံသို့ သွားရောက်တွေ့ ဆုံသည်။
ဗိုလ်ချုပ်တို့ကျဆုံးသည့်အချိန်က ဦးဘဂျမ်းမှာ ၀န်ကြီးဖြစ်လျက် ဗိုလ်ချုပ်တို့ကျဆုံးသည့် အတွင်းဝန် ရုံးခန်းတွင်ပင်ရှိရာ ဦးဘဂျမ်းမှာ ကံကောင်းထောက်မသည့်အတွက် အသက်မသေကျန်ရှိနေရသူဖြစ်၏။

ဇူလိုင်လမှာ ဗိုလ်ချုပ်တို့ကျဆုံးသည့်လဖြစ်ရာ ဗိုလ်ချုပ်တို့ကျဆုံးခြင်းကို မျက်မြင်ကိုယ်တွေ့ဖြစ်သူ ဦးဘဂျမ်းကသာ ထိုအကြောင်းကိုရေးသားပါက ထိုစာမှာ စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မည်ဟု ကျွန်တော်တွေးမိသည့် အတိုင်း ဦးဘဂျမ်းထံသွား၍ တောင်းပန်တိုက်တွန်းရာ ဦးဘဂျမ်းကရေးသားပေးသည့်အတွက် စာထူးတစ်ပိုဒ် ပေါ်ထွက်ခဲ့ရလေသည်။ ထို့အတူပင် စာရေးရန်အကြောင်းထူးထွေ သိရှိထားပါလျက် စာမရေးဖြစ်သောသူများအား ကျွန်တော် သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် စာထူးစာဆန်းများ ပေါ်ပေါက်ခဲ့ဖူးလှပြီဖြစ်၏။
ဗမာပြည်လွတ်လပ်ရေးရစက ဗမာ့ယဉ်ကျေးမှု ပန်တျာအဖွဲ့သည် တရုတ်ပြည်သို့သွားရောက်ကာ ယဉ်ကျေးမှုဖလှယ်မိတ်ဆက်ပွဲများ လုပ်ခဲ့၏။ ထိုအဖွဲ့တွင် စောင်းဦးဘသန်းပါလေရာ၊ တရုတ်ပြည်မှ ဦးဘသန်း ပြန်ရောက်လာပြီးနောက် သူတွေ့ကြုံခဲ့သည့် အဖြစ်သနစ်များကို စာအုပ်တစ်အုပ်ရေးရန်ကြံလျက် သူပြောသည့် အတိုင်း ပြေပြစ်အောင်ရေးပေးနိုင်မည့် စားရေးဆရာတစ်ယောက်ကိုရှာနေကြောင်း သတင်းကြားရလေရာ ကျွန်တော့်ဝါသနာနှင့် ကိုက်ညီနေသဖြင့် ဦးဘသန်းထံကျွန်တော်သွားရောက်ခဲ့လေသည်။
ဦးဘသန်းက သူ့အတွေ့အကြုံများကို နှုတ်နှင့်ပြောပြမည်။ ဦးဘသန်း၏ မှတ်စု-မှတ်တမ်းများကို ကြည့်ရှုရမည်။ ထို့နောက် ကျွန်တော်က ဦးဘသန်းအရေးနှင့် ရေးရမည်ဖြစ်ရာ အသေအချာပြောဆိုစီစဉ်ပြီးခါ မှ မရေးဖြစ်တော့သဖြင့် ကျွန်တော့်မှာ ၀မ်းနည်း၍မဆုံးဖြစ်ရလေတော့သည်။
တစ်ခါကလည်း ဗမာဆေးဆရာကြီး ဆရာကြွယ် (ယခုကွယ်လွန်ပြီ)၏ အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေရန် စာရေးဆရာရှာ၍နေသည်ကြားသဖြင့် ကျွန်တော်သွားရောက်ကာ ပြင်ဆင်စီစဉ်ပြီးသောအခါတွင်မှ မရေးဖြစ်တော့ သဖြင့် စိတ်မကောင်းခြင်းဖြစ်ခဲ့ရသည်။
လူတိုင်းတွင် ထူးထွေဆန်းကြယ်သော အဖြစ်ထူးများရှိတတ်၏။ အံသြဖွယ်ရာသော အတွေ့အကြုံများ လည်း တွေ့ကြုံတတ်လေသည်။ ထိုအဖြစ်ထူး ထိုအတွေ့အကြုံများကို ဖြစ်ပျက်တွေ့ကြုံခဲ့သူများမှာ စာပေဖြစ်အောင် မရေးတတ်သည့် အတွက်ကြောင့်သာလျှင် ထူးထွေဆန်းကြယ် အံသြဖွယ်ကောင်းသောအကြောင်းအရာ များသည်စာပေလောကသို့
မရောက်ရခြင်းဖြစ်သည်ဟု ကျွန်တော်တွေးမိကာ ဦးဘသန်း၊ ဆရာကြွယ်တို့၏ စာအုပ်များ ရေးသားထုတ်ဝေဖြစ်ရန် တတ်နိုင်သမျှ
ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ကျွန်တော့်ဆန္ဒမပြည့်ဝ ခဲ့ပါပေ။
ကျွန်တော့်ဆန္ဒပြည့်ဝမည့်နေ့တစ်နေ့သို့ ရောက်ခဲ့၏။ ၁၉၅၉-ခု အောက်တိုဘာလ ၂၅-ရက်၊ တနင်္ဂနွေ နေ့တွင်အလုပ်အား၍နေသည့်အတွက် ကျွန်တော်သည် အိမ်တွင်မရှိပဲ အပြင်သို့ထွက်နေ၏။ ကျွန်တော်အိမ်သို့ ပြန်ရောက်သောအခါတွင် သမီးများက ““အဖေ့  ဦးစပ်စုဆိုတဲ့လူကြီးလာတယ်၊ အဖေနဲ့တွေ့ချင်လို့တဲ့၊ အဖေမရှိလို့ပြန်သွားပြီ၊ သူ့လိပ်စာလည်းပေးခဲ့တယ့့် ””ဟု
ပြောကာ လိပ်စာကိုပြ၏။
ဦးစပ်စုလိပ်စာကိုကြည့်သောအခါ မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်ထောင့်တွင်တည်ရှိကြောင်းတွေ့ရ၏။ လမ်းမတော်ဦးစပ်စုပါတကား။
ဦးစပ်စု၏အကြောင်း ကြားဖူးနေသည်မှာ ကြာပေပြီ။ ဗမာတိုင်းရင်းသားစာရင်းဝင် တရုတ်အမျိုးသားကြီးဖြစ်ကြောင်း သိထား၏။ အမျိုးသားရေးရာများတွင်း စပ်စပ်စုစုလုပ်တတ်သည်ဟူ၍လည်း ကြားဖူး၏။ ဦးစပ်စုနှင့် တစ်ကြိမ်တစ်ခါမှ မတွေ့ဖူး မသိကျွမ်းဖူးပါပဲလျက် ဦးစပ်စုသည် စပ်စပ်စုစုလုပ်ကာ အဘယ်ကြောင့် ကျွန်တော့်အိမ်သို့ ရောက်လာလေသနည်း။
ကျွန်တော့်မှာလည်း စာရေးဆရာစပ်စုပင်ဖြစ်သည့်အတိုင်း စာပေရေးရာနှင့်ပတ်သက်၍ စပ်စပ်စုစု လုပ်တတ်သည်။ စာရေးကွင်းရေးကွက်ရအောင် စပ်စပ်စုစုဖန်တီးတတ်သည်။ ထို့ကြောင့် မလာစဖူးအလာထူး သည့် ဦးစပ်စုနှင့်တွေ့လျှင် အနည်းဆုံးစာတစ်ပိုဒ်တော့ဖြစ်တန်ကောင်းရာ၏ဟုတွေးကာ နောက်တစ်နေ့ဖြစ်သော (၂၆-၁၀-၅၉) နေ့နံနက်တွင် ဦးစပ်စုနေအိမ်သို့ စပ်စပ်စုစုလုပ်ကာရောက်သွားသည်။
ဦးစပ်စုက သူ့အတ္ထုပ္ပတ္တိကို ရေးလိုကြောင်း၊ သူပြောပြသည့်အကြောင်းအရာများကို လိုက်၍ ရေးပေးနိုင်မည့်သူလိုကြောင်း၊ သူ့အတ္ထုပ္ပတ္တိကို စာအုပ်ရိုက်ကာ မြန်မာနာမည်ဦးစပ်စုဟု အမည်မှည့်သည့် ၂၅-နှစ်မြောက်နေ့ဖြစ်သော ၁၉၅၉-ခုနှစ်၊ ဒီဇင်ဘာလ ၂၉-ရက်နေ့တွင်ဖြန့်ချိလိုကြောင်းပြော၏။
ကျွန်တော်သာ လခစားအလုပ် လက်ရှိမဟုတ်ပါက ကျွန်တော်ကိုယ်တိုင် ဦးစပ်စု၏အတ္ထုပ္ပတ္တိကို ရေးမည်အမှန်ပင်ဖြစ်သည်။ သို့သော် ကျွန်တော်မှာ လခစားလုပ်နေသူဖြစ်သောကြောင့် ဦးစပ်စုပြောပြသည့် အတ္ထုပ္ပတ္တိကို ရေးသားရန် ကျွန်တော့်တပည့် မောင်လေးကို စေလွှတ်အရေးခိုင်းရတော့သည်။
ဦးစပ်စု နှုတ်ဖြင့်ပြောပြသည့် အတ္ထုပ္ပတ္တိကို မောင်လေးက အကြမ်းလိုက်၍ရေး၏။ ထို့နောက်အချော ကူး၏။ အောက်တိုဘာလ ၂၇-ရက်နေ့မှစ၍ရေးသားရာ နိုဝင်ဘာလကုန်ခါနီးတွင် အချောကူးရေး၍ပြီးလေသည်။
ထိုအခါတွင် ကျွန်တော့်မှာ ပြင်ဆင်တည်းဖြတ်ပေးရမည့်တာဝန် ကျရောက်လာ၏။ သို့သော် စာဆိုတော် နေ့နှင့် ကြုံကြိုက်နေသည့်အတွက် ကြုံမငေးနှင့် ၀ါးခယ်မမြို့များသို့သွားကာ စာဆိုတော်နေ့အတွက်ဟောပြော နေရသဖြင့် ရက်ကြာညောင်းသွားပြန်လေသည်။

ဦးစပ်စု၏စာအုပ်မှာ ဒီဇင်ဘာလ ၂၀-ရက်နေ့လောက်တွင် ထုတ်ဝေလိုသည်ဆိုသည့်အတွက် ကျွန်တော့်မှာ ပြင်ဆင်ချိန်များစွာမရတော့ပေ။ သို့သော် ကျွန်တော့်လက်တွေ့သာဓကတစ်ခုကို တွေးမိ၏။
လွန်ခဲ့သည့် ၅-နှစ်ကျော်လောက်က ဘားမားညွှန့်ကော်ဖီကုမ္ပဏီပိုင်ရှင်ဦးစံသည် ၀တ္ထုတစ်ပိုဒ်ရေး၏။ ထိုဝတ္ထုကို ကျွန်တော့်အားပြင်ဆင်တည်းဖြတ်ပေးရန်ခိုင်းရာ ကျွန်တော်က အသစ်ပြန်၍ရေးပေးမည်ပြော၏။ ဦးစံကလက်မခံချေ။ ပြင်ရုံပြင်ပါဟုဆို၏။ ကျွန်တော်အသစ်ပြန်ပြင်၍ရေးလိုက်ရလျှင် ပို၍ကောင်းမည်ဟု ကျွန်တော် အယူသည်းခဲ့မိသည်။
နောင်သောအခါတွင်မှ ဦးစံ၏အယူအဆမမှားကြောင်း တွေးမိလေသည်။ တစ်ယောက်နှင့်တစ်ယောက် တွေးပုံ၊ ခေါ်ပုံ၊ ယူဆပုံ၊ စီကုံးသုံးနှုန်းပုံချင်း မတူကြချေ။ ကိုယ့်အတွေးအခေါ်ကို ကိုယ်ကြိုက်လျက် ကိုယ့် အရေးအသားကို ကိုယ်နှစ်သက်တတ်မြဲဖြစ်သည်။ ထို့ကြောင့် ဦးစံက သူ့ဝတ္ထုကို အသစ်ပြန်၍ရေးရန် သဘောမတူခြင်းဖြစ်၏။

ယခု ဦးစပ်စု၏အတ္ထုပ္ပတ္တိတွင်လည်း ဤသဘောမျိုးပင်ဖြစ်၏။ ဦးစပ်စုနှုတ်ကပြောသည့်အတိုင်း မောင်လေးက လိုက်၍ရေးထားသည့် အကြောင်းအရာများကို ကျွန်တော်ကအသစ်ပြန်၍ ရေးလိုက်လျှင် ဦးစပ်စု၏ အသုံးအနှုန်း အတွေးအခေါ်တွေ ပျောက်သင့်သလောက် ပျောက်သွားမည်ဖြစ်၏။ ထို့ကြောင့် ဦးစပ်စုပြောပြ သည့်အတိုင်း ရေးသားရိုက်နှိပ်ခြင်းဖြစ်၏။ စာပေတွင် ““အကြောင်းအရာ””နှင့်““အရေးအသား””ဟူ၍ ကဏ္ဍနှစ်ရပ် ရှိ၏။ အကြောင်းအရာကောင်းပါက မည်သူက မည်သို့ပင်ရေးသားစေကာမူ စာကောင်းတစ်ပိုဒ်ဟု ခေါ်ရမည် ဖြစ်၏။ ယခုဦးစပ်စု၏ အတ္ထုပ္ပတ္တိမှာလည်း အရေးအသားကို ပဓာနမထားပဲ အကြောင်းအရာကို လေ့လာ ဖတ်ရှုကြည့်ပါက အရသာပေါ်မည်ဖြစ်လေသည်။ ဦးစပ်စုမှာ မြန်မာစာမတတ်သော်လည်း တရုတ်စာကြီးပေကြီး များကို တတ်ကျွမ်းလေ့လာထားသူဖြစ်သည့်အတိုင်း အတွေးအခေါ်အယူအဆမှာ အတော်ရင့်ကျက်သည်ကို တွေ့ရ၏။ ထို့ပြင် ၁၄-နှစ်သားအရွယ်တွင် ပြည်ကြီးမှ ဗမာပြည်သို့ရောက်လာပြီးနောက် ၄၄-နှစ်အတွင်း ဖြစ်ပျက်တွေ့ကြုံခဲ့ရသည့် ဦးစပ်စု၏ ဘ၀ကားချပ်ကား စိတ်ဝင်စားဖွယ် အံ့သြဖွယ် သင်ခန်းစာယူဖွယ် သံဝေဂရဖွယ်တို့ဖြင့် ပြွမ်း၍နေလေရာ စာအုပ်ထူးတစ်ခု ထွက်ပေါ်စေချင်သော ကျွန်တော့်ဆန္ဒကား ပြည့်ဝပြီ ဖြစ်သဖြင့် ဦးစပ်စုကိုပါ ကျေးဇူးတင်၍ မဆုံးနိုင်တော့ပေ။

ရန်အောင်
(၂၀-၁၂-၁၉၅၉)
(နောက်- ဝဲ မှ ယာ) မကျင်မြိုင်၊ ဦးခင်မောင်ဇော်၊ ကိုမောင်လေး၊ ဦးစပ်စု။
(ရှေ့- ဝဲ မှ ယာ) စာရေးဆရာကြီးဦးရန်အောင်၊ စပ်စုလေး။

No comments:

Post a Comment