Sunday, August 29, 2010

ပိုးထည်စပ်စု၊ စပါးပွဲစားကြီးစပ်စု။

ပိုးထည်စပ်စု

ကျွန်ုပ်သည် လွန်ခဲ့သော ၁၉၃၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၉-ရက်နေ့မှစ၍ စပ်စုနာမည်ရပြီးသည့် နောက်ပိုင်းတွင် ပိုးထည်လုပ်ငန်းကို မြန်မာပြည်တစ်ပြည်လုံး တိုးတက်ကြီးပွားပြန့်နှံ့အောင် လှည့်လည်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာအမျိုးသား အမျိုးသမီးများကိုလည်း ဘယ်မြို့မှာ ဘယ်လို နေထိုင်ကြ၍၊ ဘယ်လိုယဉ်ကျေးမှုရှိတယ်ဆိုတာများကို ဥပမာများပေး၍
ပြောဆိုလာခဲ့ပါသည်။ ၀ါခေါင်လ မန္တလေးတောင်ပြုန်းပွဲတော်သို့လည်း ကျွန်ုပ် နှစ်စဉ်နှစ်တိုင်း သွားပြီးတော့အားပေး ချီမြှင့်ပါသည်။ အထက်မြန်မာပြည် မန္တလေး၊ အမရပူရတစ်ခွင်မှာ နေထိုင်ကြတဲ့ ဆရာမများ၊ မင်းကတော်များ၊ အမျိုးသမီးများ သက်သာချောင်ချိရေးအတွက် ကုန်ချင်းလဲလှယ်၍ လ,ဆိုင်း ရောင်းချ ကူညီအားပေးခဲ့ပါသည်။ ကျွန်ုပ်၏ ပိုးထည်လုပ်ငန်းနှင့်ပတ်သတ်၍ မင်းကတော်များ၊ ဆရာမများ၊ အမျိုးသမီးများပါမကျန် ပိုးထည်များကို ကြည့်ရှုကြသည့်အခါတွင် ပိုးကတ္တီပါကွပ်ထားသည့် သင်ဖြူးဖျာချောပေါ်မှာ ပိုးထည်ကို သေသေချာချာချ၍ ပိုးထည်နာမည်စိုးသဖြင့် တစ်ဦးနှင့်တစ်ဦးဟာ ဖြည်းညှင်းစွာကိုင်တွယ်ကြည့်ရှုကြပါသည်။ ကျွန်ုပ်က ပိုးထည်ကိုကိုင်လျှင် သူက ကတ်ကျေးကိုင်၊ သူက ပိုးထည်ကိုင်လျှင် ကျွန်ုပ်က ကတ်ကျေးကိုင်ပြီး တစ်ဦးနှင့်တစ်ဦးဟာ ညီအစ်ကိုမောင်နှမ အရင်အချာလို သဘောထားကြပြီး၊ ချစ်ခင်ပေါင်းသင်းဆက်ဆံခဲ့ကြပါသည်။
ဟိုစဉ်အခါ လွန်ခဲ့သည့် အနှစ် ၂၀-လောက်က ရွှေမန်းအမျိုးသမီးများဟာ အင်မတန်မှ ယဉ်ကျေးသိမ်မွေ့ကြပါသည်။ မြို့တော်ဟောင်းလည်း ဖြစ်ခဲ့ဖူးပါသည်။ ရွှေမန်းဟာ ပူတဲ့နွေရာသီ ဆိုမှဖြင့် အခြားမြို့များထက် ပိုပူသောမြို့ဖြစ်ပါသည်။ အဲဒီလိုပူအိုက်သော နွေရာသီအချိန်မျိုးမှာ ကျွန်ုပ်ဟာ ရွှေမန်းကို ရောက်ရှိလာပြီဆိုမှဖြင့် အမျိုးသမီးများဟာ ကျွန်ုပ်၏ဘေးတစ်ဖက်တစ်ချက်မှ ယဉ်ကျေးသိမ်မွေ့စွာ ယပ်ကိုအသာလေး ခတ်ပေးပါသည်။ ကျွန်ုပ်ကို စကားပြောဆိုသည့်အခါမှာလည်း တစ်ခွန်းလည်းဟုတ်ကဲ့ရှင့်၊ နှစ်ခွန်းလည်း ဟုတ်ကဲ့ရှင့်ဟု ယဉ်ကျေးစွာ အမြဲသုံးနှုန်းပါသည်။ နောက်ပြီး ကျွန်ုပ်ဟာ သူတို့ထံမှာ တည်းခိုတဲ့အခါမှာလည်း ထမင်းဟင်းလျာများကို ကောင်းမွန်စွာ ကျွေးမွေးကြပြီး အိပ်ယာ၊ နေရာ၊ ခြင်ထောင်များမှစ၍ သန့်ရှင်းစွာ ကိုယ်တိုင်လာရောက် လိုလေသေး မရှိအောင် ဧည့်ခံကျွေးမွေးဆောင်ရွက်ပြုစုပေးကြပါသည်။
ကျွန်ုပ်ဟာ အရောင်းအ၀ယ်ကိစ္စပြီး၍ ပြန်တော့မည့်အခါမှာလည်း နေ့ညမရွေး အမျိုးသမီးများဟာ ရထားဘူတာရုံနှင့် သင်္ဘောဆိပ်များသို့ လိုက်လံပို့ကြပါသည်။ မီးရထား သို့မဟုတ် သင်္ဘောထွက်တော့မည့် ဥသြဆွဲသောအခါ ကျွန်ုပ်နှင့်အမျိုးသမီးများပါ နှစ်ဦးနှစ်ဖက် မျက်နှာ မကောင်းကြပါ။ မီးရထား သို့မဟုတ် သင်္ဘောထွက်ခွာပြီးလာသည့်အချိန်မှာ တစ်ဦးနှင့်တစ်ဦးဟာ ကျွန်ုပ်ကလည်း လက်ထဲမှာ လက်ကိုင်ပ၀ါကို ကိုင်ပြီး ဝှေ့ယမ်းပြ၍ အမျိုးသမီးများကလည်း ကျွန်ုပ်နည်းတူ လက်ထဲမှာ လက်ကိုင်ပ၀ါကိုကိုင်ပြီး ဝှေ့ယမ်းပြကြပြီး မမြင်တဲ့အထိ ၀မ်းနည်းစွာဖြင့် နှုတ်ဆက်ပြန်ခဲ့ရပါသည်။ ကျွန်ုပ်ကလည်း လူခန္ဓာကိုယ်ကြီးကသာ မီးရထား သို့မဟုတ် သင်္ဘော ပေါ်သို့ ပါသွားခဲ့ပါသော်လည်း စိတ်ဓါတ်ကတော့ ရွှေမန်းအမျိုးသမီးများထံမှာ ကျန်ရစ်ခဲ့ပါသည်။ ကျွန်ုပ်သည် ရန်ကုန်မြို့ကိုပြန်ရောက်သည့်အခါမှာလည်း ရွှေမန်းအမျိုးသမီးများမှာလိုက်သည့် လိုချင်သည့်ပစ္စည်းများအားလုံးကို မပျက်မကွက် လူကြုံနှင့်ချက်ချင်း ဆက်ဆက်ပေးပို့လိုက်ပါသည်။ ရွှေမန်းမှမှာလိုက်သည့် ပစ္စည်းမှန်သမျှကိုလည်း ကျွန်ုပ်ဟာ ကျေးဇူးဆပ်သည့်အနေဖြင့် လက်တစ်ဆစ်၊ နှမ်းတစ်စိမျှ မပျက်ကွက်ခဲ့မိပါဘူး။ ၎င်းပိုးထည်လုပ်ငန်းကို ကျွန်ုပ်ဟာ မြန်မာပြည်တစ်ပြည်လုံးရှိ မြို့ကြီးများမှာ နှံ့စပ်ကြီးပွားအောင်ပြုလုပ်ပေးပြီး၊ အမျိုးသမီးများအားလည်း ကျေးဇူးဆပ်ရမည့် စိတ်ဓါတ်တာဝန်က ကြီးကျယ်လှပါသဖြင့် သုံးနှစ်အကြာမှာပဲ ၎င်းလုပ်ငန်းကို ဖြတ်ထားပြီး၊ အခြားအလုပ်အကိုင်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်လိုက်ပါသည်။

စပါးပွဲစားကြီးစပ်စု

၁၉၃၈-ခုနှစ်မှာ မြေပိုင်ရှင်အသင်းကြီးတစ်ခု ဖွဲ့စည်းထားပါသည်။ အသင်းကြီးရဲ့ ဥက္ကဋ္ဌမှာ မော်လမြိုင်က သူဌေးဦးတိုးလုံ၊ ဒုတိယဥက္ကဋ္ဌက ဦးကေဘာကြီး၊ အိန္ဒိယလူမျိုးသူဌေး ဒိုက်ဦး ဦးဘအို၊ ကျောင်းကုန်းဦးတာတေ၊ ပုဇွန်တောင် ဒေါက်တာဦးညို၊ ဖျာပုံဦးအုံးခင်တို့က ၎င်းအသင်းမှာ ကျွန်ုပ်အား ထွေထွေအမှုဆောင်ခန့်ပါသည်။ နောက်ပြီး ၎င်းမြေပိုင်ရှင်အသင်းက ကျွန်ုပ်အား စပါးပွဲစားကြီးလုပ်ခိုင်းပါသည်။ ကျွန်ုပ်ဟာ စပါးများဝယ်သောအခါမှာလည်း ဈေးတက်မှန်းသိသော အခါ ဈေးကို ပို၍ကြိုတင်ပေးပြီးဝယ်ခဲ့ပါသည်။ မိုးတွင်းကျရောက်၍ မြေပိုင်ရှင်များထဲမှ လက်ထဲမှာ စပါးတစ်သိန်းခွဲရှိတဲ့သူ၊ တစ်သိန်းရှိတဲ့သူများဟာ ကျွန်ုပ်ကိုပဲ စပါးများပြန်ရောင်းခိုင်းပါသည်။ ကျွန်ုပ်ကိုလည်း ရွာသူရွာသားများနှင့် ဆန်စက်သူဌေးများက သူတို့နှင့်အမြဲနီးကပ်ဆက်စပ်နေ၍ ဆွေမျိုးသားချင်းများလို ခင်မင်ရင်းနှီးမှုရှိကြပြီး ကျွန်ုပ်ကို အားလုံးက ၀ိုင်းဝန်းအားပေးကြပါသည်။ ကျွန်ုပ်ဟာ စပါးဝယ်ပေးသည့်အတွက် ပွဲခလည်းအများကြီး ရရှိသည်။ ပွဲခရသည့်ငွေများကိုလည်း ကျွန်ုပ်ဟာ စုမထားပါဘူး။ လှူဖို့တန်းဖို့ လူကြီးလူကောင်းများကို ချစ်ခင်ပေါင်းသင်းဆက်ဆံ ဧည့်ခံကျွေးမွေးဖို့များသာ ဖြစ်ပါသည်။ သည်စပါးကိစ္စမှန်သမျှ ပြီးစီးသွားသည့်အခါ ဖျာပုံမှာ စပါးအများဆုံးရောင်းသည့်သူက ဒေါ်စောမေဖြစ်ပါတယ်။ ဒေါ်စောမေ၏စပါးများကို ချိန်တွယ် ပြီးစီးသည့်အခါကျရင် ကျွန်ုပ်ဟာ ရန်ကုန်မြို့မှယူဆောင်သွားသည့် တရုပ်အစားအစာများကို ဖျာပုံ အုန်းပင်ဘက်တန်း စပါး ကျီဝင်းထဲမှာ ချက်ပြုတ်၍ ဘုန်းကြီးဆွမ်းကျွေးကြပြီး၊ ဖျာပုံဒုတိယလမ်းမှာ နေသည့် ဒေါ်စောမေ၏ကိုယ်စားလှယ် ဦးမြနှင့်တကွ ကိုယ့်လူစုကိုခေါ်ပြီး ပျော်ပျော်ပါးပါး စားကြ သောက်ကြတယ်။ ကျွန်ုပ်ကလည်း ကိုယ်စားလှယ်ဦးဘိုးမြကို သူ့နာမည်အတိုင်း ဦးဘိုးမြလို့ပဲ ခေါ်သည်။ ဒေါ်စောမေမှာလည်း သားသမီး ၃-ယောက်ရှိပါသည်။ ဒီသားသမီး ၃-ယောက်ဟာ သမီးဖြစ်သူနှစ်ဦးက မစိန်စိန်၊ မမြနွယ်၊ သားက မောင်မောင်ညွန့်၊ သမက်က ကိုထွန်းမင်းတို့ ဖြစ်ပါသည်။
ကျွန်ုပ်က ဦးဘိုးမြလို့ခေါ်သည့်အခါ ဒီလိုမခေါ်ပါနှင့်။ အများခေါ်သလို ဖိုးလေးလို့ပဲခေါ်ပါ။ သူတို့လူစုဟာ ဖိုးလေးလို့ပဲ အားလုံးကခေါ်ကြတယ်။ သူတို့ခေါ်သလို ဖိုးလေးလို့လိုက်ခေါ်ရင် သူတို့တစ်အိမ်သားလုံးဟာ ပိုပြီးတော့ရင်းနှီးခင်မင်ပြီး သူတို့အိမ်သားလိုပဲ ဖြစ်သွားမှာပါပဲ။ နောက်ပြီး ကျွန်ုပ်ဟာ တရုပ်အစားအစာများကို ချက်ပြုတ်သည့်အခါ ဒေါ်စောမေ၏သား မောင်မောင်ညွန့်ဟာ ကျွန်ုပ်ထံမှာလာပြီးတော့ ကျွန်ုပ်ဟင်းမျိုးစုံချက်တာကို ကြည့်တယ်။ ဒီဥစ္စာဘယ်လောက်ကျသလဲ ဟိုဥစ္စာဘယ်လောက်ကျသလဲ ဟိုဟိုဒီဒီလာမေးတယ်။ ဥပမာ ကျွန်ုပ်ချက်ပြုတ်ကျွေးမွေးတာ ခန့်မှန်းချေ ၁၅၀ လောက်ကုန်သည်ထားပါတော့။ ကျွန်ုပ်ရန်ကုန်ပြန်သည့်အခါမှာ သူတို့မော်တော်နှင့် ဧရာဝတီ သင်္ဘောပေါ်အရောက်လိုက်ပို့ပြီး၊ သင်္ဘောဥသြဆွဲပြီးသောအခါ ထွက်တော့မည်အချိန်၌ ပျော်ရွှင်စွာနှင့် စားကြလို့ကုန်ကျသည့်ငွေ ၁၅၀ လောက်အတွက် မောင်မောင်ညွန့်ဟာ ကျွန်ုပ်၏အိတ်ထဲကို ငွေ ၂၀၀ လောက်မြန်မြန်ထည့်သွားပြီး သင်္ဘောပေါ်ကဆင်းသွားတယ်။ ကျွန်ုပ်ဟာ ပင်ပင်ပန်းပန်းရသည့် ပွဲခငွေနှင့် သူတို့ကို စေတနာထားပြီး သွား၍ကျွေးမွေးတာကို သူတို့ဟာ ကုန်ကျသည့်တန်ဖိုးငွေကို ကျွန်ုပ်ကို သနားဂရုဏာနှင့် သင်္ဘောထွက်ခါနီးမှာ အိတ်ထဲကိုအတင်းထည့်၍ ငွေများကို ပြန်ပေး သွားပါသည်။ ဒီမောင်မောင်ညွန့်လို လူစားမျိုးကို ကျွန်ုပ်ဟာ ယခုစာရေးနေသည့်အချိန်အထိ မမေ့သေးပါဘူး။ ချီးကျူးစရာလည်း အင်မတန်မှကောင်းပါသည်။ နောက် ကျွန်ုပ်ဟာ ရန်ကုန်ကို ပြန်ရောက်ပြီးသည့်အခါ သူတို့လူစုဟာလည်း မကြာခင်ရန်ကုန်ကိုရောက်ရှိလာကြသည်။ သူတို့လူစု ရန်ကုန်ကိုရောက်သည့်အခါ သူတို့ဟာ စပါးတွေလည်းရောင်းပြီးပြီ။ ယခု ပထမတန်းအစားအစာ ဟင်းလျာတွေနှင့် ဘုန်းကြီးကိုဆွမ်းကျွေးမလို့ ဦးစပ်စုလိုက်လာပြီး၊ ချက်ပြုတ်ပေးပါလို့ ကျွန်ုပ်ကို ပြောတယ်။ ကျွန်ုပ်ကလည်း လိုက်သွားပြီးတော့ ချက်ပြုတ်ပေးလိုက်ပါသည်။
အဲဒီလိုလိုက်သွားပြီး ချက်ပြုတ်ပေးရသည့်အခါမှာ တရုပ်လိုချက်ပြုတ်ဖို့ခေါ်ထားသည့် လူတစ်ယောက်ဟာလည်း သူတို့ထံမှာရှိတယ်။ ကျွန်ုပ်ရောက်ရှိသွားသည့်အခါ ကျွန်ုပ်ချက်ပြုတ် တာတွေဟာ သူနှင့်သွားပြီးတော့ ယှဉ်ပြိုင်နေရပြီ။ ကျွန်ုပ်နှင့်ယှဉ်ပြိုင်ရမည့်သူကတော့ အခြားသူ မဟုတ်ပါဘူး။ ကျွန်ုပ်တို့မြန်မာပြည်မှာ တရုပ်အမျိုးသားထဲမှ အချမ်းသာဆုံး နာမည်အကြီးဆုံး ဦးချန်မာဖီယား သားအကြီးဆုံး ဦးပြူးဖြစ်ပါသည်။
ဦးချန်မာဖီယား၏ဇနီး ဒေါ်အေးမြရဲ့မောင်ဟာ ဖျာပုံမြေပိုင်ရှင်သူဌေးကြီး ဦးသက်ရှေဖြစ်သည်။ ၎င်း၏သမီးအကြီးက ဒေါ်စောမေဖြစ်တယ်။ ဒါကြောင့် ဦးပြူးဟာ မောင်မောင်ညွန့်တို့ မောင်နှမ သုံးယောက်၏ ဘကြီးတော်သူတစ်ဦးဖြစ်နေတယ်။ ကျွန်ုပ်က ချက်ပြုတ်ယှဉ်ပြိုင်သည့်အခါနှင့် ဟင်းများချက်သည့်အခါမှာ မီးအားအရှိန် ဘယ်လောက်လိုနေသည်ဆိုတာကို ကောင်းကောင်းသိထား ပါသည်။ ဘာနှင့်တူသလဲဆိုတော့ ကျွန်ုပ်တို့တရုပ်တန်းမှာ နာမည်ကျော်ကြားသည့် ကြောင်နှစ်ကောင် ဒယ်အိုးမီးတောက်ခေါက်ဆွဲကြော်သည့်နည်းနှင့် ဘုန်းကြီးဆွမ်းကျွေးဖို့ယှဉ်ပြိုင်သည့်အခါမှာ ကျွန်ုပ်ဟာ ပထမဆုကို ရပါသည်။ ဒီမောင်မောင်ညွန့်တို့မောင်နှမသုံးဦး၏အိမ်ဟာ ယခု နတ်မောက်လမ်း ထောင့်နှင့် ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဖဆပလအဖွဲ့ချုပ် တောင်ဘက်ကအိမ်ဖြစ်ပါသည်။ ဟိုစဉ်အခါ ဒီနေရာမှာပဲ ဆွမ်းကျွေး၍ ယခုလည်း ဒီနေရာမှာပဲ နေထိုင်ကြပါသည်။ ကျွန်တော်သည် သည်လမ်းကို သွားသည့်အခါ ဒီတိုက်ကိုမြင်တိုင်း လွန်ခဲ့သည့်အနှစ်၂၀-ကအဖြစ်အပျက်ကို သွားသတိရမိတယ်။ ကျွန်ုပ်ဆွမ်းကျွေးသည့်အခါ ဘယ်အခါမဆို မလာနိုင်သည့်အခါမရှိပါဘူး။ လာကြတာပါပဲ။ မိတ်ဆွေဟောင်းတွေလည်း ဖြစ်နေကြပါသည်။
နောက်ရီစရာကောင်းသည့်အဖြစ်တစ်ခုကတော့ ကျွန်ုပ်တို့ဟာ ဘုန်းကြီးဆွမ်းကျွေးဖို့ ချက်ပြုတ် ပြီးသည့်အခါ ပိုကာဒေါင်းသူကဒေါင်း၊ ဟိုဥစ္စာဒီဥစ္စာ ၀ိုင်းလုပ်သူက၀ိုင်းလုပ်ပြီးတော့ ကျွန်ုပ်တို့ လူစုဟာ ထမင်းဆာလာကြသည်။ ချက်ပြုတ်ထားတာတွေကလည်း မနက်ဆွမ်းကျွေးဖို့ဖြစ်နေတယ်။ အဲဒီတော့ တရုပ်တန်းမှာ ခေါက်ဆွဲအစိမ်း လူ၂၀-၃၀ စာဝယ်ပြီး ဦးစပ်စုက ကြည့်ပြီးတော့ စားသောက်ဖို့ကို စီစဉ်ပေးပါလို့ပြောတယ်။ ကျွန်ုပ်ဟာလည်း လူ၂၀-၃၀ စာ ယခုစားဖို့လုပ်ပေးပါမယ် လို့ ကတိပေးလိုက်တယ်။ ဘုန်းကြီးကျွေးဖို့ သတ်သတ်ဖယ်ထားသည့်အစားအစာလည်းရှိတယ်။ လူတွေကို မနက်ကျရင်ကျွေးဖို့ သတ်သတ်ဖယ်ထားသည့် အစားအစာလည်းရှိသည်။ ကျွန်ုပ်ဟာ ခေါက်ဆွဲပါကြောက်ပြီး ဟင်းရည်ကို ဘုန်းကြီးကျွေးဖို့ဖယ်ထားသည့်ဟင်းအိုးထဲကို ထည့်လိုက်တယ်။ သူတို့ဟာလည်း နည်းနည်းပါးပါးစားကြည့်ကြသည့်အခါ ဒေါ်စောမေ၏ဒုတိယသမီး မမြနွယ်က ဒီဟင်းအင်မတန်ကောင်းတယ်၊ ဒါကိုရိပ်မိပြီး၊ ဦးစပ်စု-ဦးစပ်စု ဘုန်းကြီးကျွေးဖို့ဖယ်ထားသည့် ဟင်းအိုးထဲကထည့်တာလားဆိုတော့ ကျွန်ုပ်က ဟုတ်တယ်လို့ပြန်ပြောလိုက်သည်။ ဒီတော့မှ မမြနွယ်က ဗမာထုံးစံအယူဝါဒမှာ ဘုန်းကြီးမကျွေးခင် အရင်မစားရဘူး။ အရင်စားရင် ပြိတ္တာ သူရဲဖြစ်တတ်တယ်လို့ ပြောတယ်။ ကျွန်ုပ်ဟာလည်း တရုပ်အမျိုးသားဖြစ်နေသည့်အတွက်ကြောင့် ဒီဗမာထုံးစံကိုမသိလို့ ဒီလိုဖြစ်မိတာပါလို့ပြောဆိုပြီး၊ ကြော်ပြီးသည့်ဒီခေါက်ဆွဲကြော်တွေကိုလည်း ပြိတ္တာဖြစ်မှာစိုးလို့ ဘယ်သူမှမစားကြပဲဖြစ်နေကြတယ်။ ခေါက်ဆွဲတွေကလည်း ကြော်လည်း ကြော်ပြီးတာတွေဖြစ်နေပြီ။ စားဖို့ဟာကလည်း မျက်စိရှေ့အောက်မှာရောက်နေပြီး၊ အနံ့ကလည်းမွှေးသည်။ စားလည်း စားချင်စရာ ဖြစ်နေတယ်။ မမြနွယ်ပြောပြလိုက်သည့်စကားတစ်ခွန်းကြောင့် ဘယ်သူမှမစားရဲကြပဲ ရီစရာဖြစ်နေကြသည်။

No comments:

Post a Comment