Sunday, August 29, 2010

ဦးစပ်စုမြန်မာနာမည်ရသည့် ၂၅ နှစ်မြောက် ငွေရတုသဘင် ဆွမ်းကျွေးတရားတော်နာဖိတ်ကြားခြင်း

ဦးစပ်စုမြန်မာနာမည်ရသည့် ၂၅ နှစ်မြောက် ငွေရတုသဘင် ဆွမ်းကျွေးတရားတော်နာဖိတ်ကြားခြင်း

လွန်ခဲ့သော ၁၉၃၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၉-ရက်က ဟိုစဉ်အခါ မြန်မာအမျိုးသား ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည်ထဲရေးဝန်ကြီးချုပ် ဆာဦးဘ (B.A., K.S.M) ၏ ည ၇ နာရီအချိန် ထမင်းစားပွဲတွင် ယခု အသက် ၇၃ နှစ်ရှိ လသာလမ်းသူဌေး ဦးကေဘာကြီး(T.P.S)၊ ကွယ်လွန်အနိစ်္စရောက်သူ ဦးကျင်မှိန် (O.B.E.) ၎င်းတို့နှစ်ဦးက ဤထမင်းစားပွဲပေါ်တွင် ပြည်ထဲရေး ၀န်ကြီး ဆာဦးဘအား ကျွန်တော်၏မူလနာမည် အောင်ခေချောင်းမှ မြန်မာနာမည် စပ်စုဟူ၍ ပြောင်းဖို့သင့်မသင့်ကို အဆိုတင်ပါသည်။

၎င်းပြင် ကွယ်လွန်သူ ၀တ်လုံတောရဦးကျော်ဇံ၊ ရှမ်းပြည်နယ် အတိုင်ပင်ခံဦးတင် (I.C.S) ယခုလက်ရှိ၊ ၎င်းတို့နှစ်ဦးက ပြည်ထဲရေးဝန်ကြီး ဆာဦးဘ အား ကျွန်တော့်အားစပ်စုနာမည်ပေးဖို့ကို ထောက်ခံတိုက်တွန်းပါသည်။
၎င်းထမင်းစားပွဲအချိန်တွင် အခုလက်ရှိ တရားလွှတ်တော်ချုပ် တရားသူကြီးဟောင်း ဦးချွန်ဖေါင်၊ ကွယ်လွန်သူ မအူပင်ဒုတိယအရေးပိုင် ဦးဘိုးလွင်၊ ဘုန်းကြီးလမ်းမြေပိုင်ရှင် ဦးစံဖေတို့နှင့် ကြွလာကြသော လူကြီးမင်းပရိတ်သတ်အားလုံးက လက်ခုပ်တီးသြဘာပေးပြီး၊ လက်ဆွဲနှုတ်ဆက်၍ ကျွန်တော့်အား ဒီနာမည်ဟာ အင်မတန်မှကောင်းပါသည်ဟု ချီးကျူးသြဘာပေးခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၅-နှစ်လောက်အချိန်ကဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၅နှစ်ကြာခဲ့တဲ့အချိန်ဟာ ကျွန်တော့်အဖို့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ ဖြစ်ပျက်ခဲ့ရသည့် အချိန်ကလေးပဲလို့ ကျွန်တော့်စိတ်မှာထင်ပြီး အင်မတန်မှ လွမ်းဆွတ်အောက်မေ့ သတိရမိပါသည်။ အထက်ဓါတ်ပုံပါ ကျွန်ုပ်၏နာမည်ပေး မိတ်ဆုံစားပွဲတွင် လူကြီးမင်း ၁၇-ယောက်ပါဝင်၍ ဓါတ်ပုံ၏လက်ယာဘက် ကျွန်ုပ်စပ်စု၊ ဦးချွန်ဖေါင်၊ ဦးကေဘာကြီး၊ ဦးတင် ပေါင်း ၄-ယောက်သာ ဓါတ်ပုံထဲပါ ၁၇-ဦးထဲမှ ကျန်ရစ်ခဲ့သူများသာ ဖြစ်ခဲ့သဖြင့် ““ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေ၏””ဆိုတဲ့ စကားလို ၁၃-ဦးကတော့ ကျွန်ုပ်တို့နှင့် ကွေကွင်းသွားခဲ့ရပါပြီ။
ဟိုစဉ်အခါက ထမင်းစားပွဲကို တက်ရောက်လာသည့် ပြည်ထဲရေးဝန်ကြီး ဆာဦးဘဟာ နာမည်ကြီးကျော်ကြားသည့် မြန်မာအမျိုးသား ထိပ်တန်းတစ်ဦးဖြစ်ပါသည်။
ကျွန်တော်၏ထမင်းစားပွဲပြီးဆုံး၍ ၂-နှစ်လောက်ကြာသောအခါ ၁၉၃၆-ခုနှစ်တွင် ဆာဦးဘဟာ ကွယ်လွန်သေဆုံး၍သွားပါသည်။ ၎င်း၏အရိုးဂူဟာ ငါးထပ်ကြီးဘုရားပေါ်မှာ ရှိပါသည်။ ဟိုစဉ်အခါ ဆာဦးဘ စီးတဲ့ကားဟာ အညိုရောင် အော်စတင်ကားဖြစ်ပြီး ပြည်ထဲရေးအလံ အညိုရောင်ပေါ်တွင် အဖြူနှင့် ရေးထားပါသည်။ ကျွန်တော်သည် ဆာဦးဘ၏သမီးဖြစ်သူ ဒေါ်ညွန့်ညွန့်ကို ဒီကားနဲ့ ဒီအလံဘယ်ရောက်နေသလဲဟု မေးကြည့်သည့်အခါ ဘယ်ရောက်သလဲ မပြောတတ်တော့ပါဘူး။ လူရော ပစ္စည်းရောအားလုံး သင်္ခါရပါလို့ ကျွန်တော့်အားပြန်ပြောပါသည်။
အထက်ဓါတ်ပုံပါ ၁၇-ဦးမှ ကွယ်လွန်သူ ၁၃-ဦးအား လွမ်းဆွတ် အောက်မေ့သတိရ တမ်းတရည်မှန်း၍ သံဃာတော်အရှင်မြတ်များအား ဆွမ်းဘောဇဉ် ရသာချိုချဉ်အဖြာဖြာတို့ဖြင့် ဆက်ကပ်ပြီး ကောင်းမှုကုသိုလ်တို့ကို ကွယ်လွန်သွားကြသော မိတ်ဆွေများတို့အား တရားတော်နာ၍ အမျှပေးဝေပြီး ၁၉၅၉-ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်၊ အင်္ဂါနေ့ညနေ ၆-နာရီတွင် တိုက်နံပါတ် ၇၄၆- မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်ထောင့်နေအိမ်သို့ မပျက်မကွက် ဧည့်ခံပွဲကို ဆက်ဆက် ကြွရောက်အားပေးချီးမြှင့်ကြပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။

ဖိတ်ကြားသူ - စော်ဘွားစပ်စု။
မကျင်မြိုင်။

+++++++++++++++++++++++++++++++++

ကျွန်ုပ်၏မှတ်တမ်း အတ္ထုပတ်္တိစာအုပ်ကို ကျွန်ုပ် စပ်စုနာမည်ရ ၂၅-နှစ်မြောက် ငွေရတု သဘင်နှင့် လာပြီး ကြုံကြိုက်နေသည့်အတွက်ကြောင့် ကျွန်ုပ်ဟာ ဒီမှတ်တမ်းစာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေလိုက်ရပါသည်။ ဒီမှတ်တမ်းစာအုပ်ကို ကျွန်ုပ်ဦးစပ်စု (ခေါ်) စော်ဘွားစပ်စု၊ ဘိနပ်စပ်စုကပြောဆို၍ ကိုမောင်လေးကရေးသားပါသည်။
ကျွန်ုပ်ဦးစပ်စု၏ဇနီး မကျင်မြိုင်ဟာ သူ ၁၀-နှစ်လောက်လေ့လာထားသည့် မြန်မာရာဇ၀င်ကို ကျွန်ုပ်အား ပြန်လည်ပြောဆိုထားပါသဖြင့် ကျွန်ုပ်ဟာ ဒါကြောင့် မြန်မာရာဇ၀င်ထဲမှ တရုပ်ရာဇ၀င်နှင့် တူညီတိုက်ဆိုင်သည့် မြန်မာရာဇ၀င်ကို ရွေးချယ်ပြီး ရေးသားဖေါ်ပြလိုက်ရပါသည်။ ကျွန်ုပ်၏ စကားပြောဆိုမှု မပီသသည့်အကြောင်းနှင့် အဓိပ္ပါယ်ပေါက်အောင် မပြောဆိုနိုင်တာတွေကို ကျွန်ုပ်၏ ဇနီးမကျင်မြိုင်က အဓိပ္ပါယ်သဘောပေါက်အောင် ကိုမောင်လေးအား ရှင်းလင်းပြောပြပါတယ်။ ဒီတော့မှ ကိုမောင်လေးဟာ အဓိပ္ပါယ်ပေါ်သဘောပေါက်ပြီး ရေးသားနိုင်ပါတယ်။
ကိုမောင်လေးရေးသားပြီးသည့် ဤမှတ်တမ်း အတ္ထုပ္ပတ္တိကို ဦးခင်မောင်ဇော်က စီစစ်ပြီး၊ မြ၀တီအယ်ဒီတာ စာရေးဆရာကြီး ဦးရန်အောင်က တည်းဖြတ်ပေးပါသည်။

No comments:

Post a Comment