Saturday, September 11, 2010

““အိန္ဒိယသံရုံးသို့ပို့သည့် စာတစ်စောင်””


““အိန္ဒိယသံရုံးသို့ပို့သည့် စာတစ်စောင်””

          အချိန်တို့သည် တရွေ့ရွေ့ဖြင့်ကုန်လွန်လာခဲ့၏။ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ ကမ္ဘာလောက ကြီးသည် အခြေအနေပြောင်းနေ၏။ အဟောင်းအဟောင်းတို့သည် ပျက်ပြုန်းပြီး အသစ်အသစ်တို့ ထပ်မံ၍ဖြစ်နေကြသည်။ သို့တိုင်အောင် ကျွန်ုပ်တို့သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို မမေ့။ အချိန်ပြည့် သတိရလျက်ပင်ရှိနေသေးသည်။
          ဆူဘတ်ချန်ဒရာဘို့(စ်)ကို လွမ်းဆွတ်သတိရလေတိုင်း သူ့အကြောင်းကို စုံစမ်းကြည့်လေသည်။ ကျွန်ုပ်အဖို့ ဤသည်ကပင်လျှင် အလုပ်ဝတ္တရားသဖွယ်ဖြစ်၍ နေလေ၏။
          မိတ်ဆွေကြီးဆူဘတ်ချန်ဒရာဘို့(စ်)သည် နက်ရှိုင်းလှသော ပင်လယ်ထဲ၌ လေယာဉ်ပျက်ကျ၍ သေသည်မဟုတ်။ ဤသို့ဖြစ်လေကလည်း ကျွန်ုပ်အနေနှင့် ဆက်လက်စုံစမ်းစရာ လိုမည်မထင်ပေ။ စုံစမ်းသည့်တိုင်အောင် သဲလွန်စရရန် ဝေးလေစွ။
          ဒေါက်တာဘမော်၏စကားအရ တိုင်ဟိုကူးဆေးရုံ၌ ဆူဘတ်ချန်ဒရာဘို့(စ်) သေဆုံးကြောင်း သိရသည်။ ယင်းသို့ ဆေးရုံ၌သေဆုံးပါလျှင် သူနှင့် မဟာမိတ်ဖြစ်သော ဂျပန်အစိုးရကလည်း ဤအတိုင်းကြည့်၍ နေလေမည်မဟုတ်ဟု ကျွန်ုပ်ထင်ပါသည်။ ကျွန်ုပ်၏ယူဆချက်ထဲတွင် ဆူဘတ် ချန်ဒရာဘို့(စ်)၏ အရိုးပြာသည် ဂျပန်ပြည်၌လည်းကောင်း၊ တိုင်ဟိုကူးဆေးရုံ၌လည်းကောင်း၊ သို့တည်းမဟုတ် တစ်နေရာရာတွင်လည်းကောင်း ရှိရပေမည်။ ထို့ကြောင့်လည်း မရမနေ စုံစမ်းကြည့်ပါသည်။
          ဆူဘတ်ချန်ဒရာဘို့(စ်)၏အကြောင်းကား လိုက်လေဝေးလေဖြစ်နေပါသည်။ တကယ့်တကယ် စုံစမ်းကြည့်လေသောအခါ သတင်းအစအနပင် ပျောက်ဆုံး၍နေသည်ကိုတွေ့ရ၏။ သို့သော်ကျွန်ုပ်သည် စိတ်မလျော့သေးပေ။ ၀ီရိယ သန်သန်ဖြင့် နေ့စဉ်ရက်ဆက် စုံစမ်းခြင်းအမှုကိုပြုနေပါသည်။
          သို့ဖြင့် ရက်တွေကုန်၊ လတွေပြောင်း၊ နှစ်တွေပင် နှောင်းလာခဲ့ပေပြီ။
          တစ်နေ့သောအခါတွင် ကျွန်ုပ်သည် မမျှော်လင့်ပဲနှင့် သတင်းကောင်းတစ်ခုကို ရလိုက်ပါ သည်။ ထိုသတင်းသည်ကား ဟောင်ကောင်မြို့ထုတ် နေ့စဉ်သတင်းစာကြီးများနှင့် ဗမာပြည်ရှိ သတင်းစာများ၌ဖြစ်လေသည်။ ဤသတင်းစာများထဲတွင်...။
          ၁၉၅၇-ခုနှစ်၊ အောက်တိုဘာလ ၁၂-ရက်နေ့တွင် အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးသည် ဂျပန်ပြည် တိုကျိုမြို့အနီးက(အန်ကူတီ) ဂျပန်ဘုရားရှိခိုးကျောင်းသို့သွားသည်။ ထိုဘုရားကျောင်း ၀ယ်ရှိသော အိန္ဒိယခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာထည့်ထားသော မှန်သေတ္တာကို ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသည့် ရွှေကျောင်းဆောင်အတွင်း ကိုယ်တိုင်ရွှေ့ပြောင်း၍ ထား၏။ ထို့နောက်မှ မစ္စတာနေရူးသည် ဂျပန်အစိုးရနှင့်တိုင်ပင်ပြီး ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာသေတ္တာကို သူကိုယ်တိုင်ခေါင်းဆောင်ပါဝင်မည့် ကော်မတီတစ်ဖွဲ့ ဖွဲ့စည်း၍ အခမ်းအနားဖြင့် အိန္ဒိယပြည်သို့ ယူဆောင်လာမည်။ ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာကို သူ၏မွေးရပ်ဇာတိ (Sughas Road, Calcutta) ၌ဖြစ်စေ၊ အိန္ဒိယပြည်၏မြို့တော် ဒေလီ၌ဖြစ်စေ၊ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီ၏ဂူအနီး၌ဖြစ်စေ၊ ထားမည်ဖြစ်ကြောင်းကို ဂျပန်ပြည်၌ပြော၏။
          ထိုသတင်းကို သတင်းစာအသီးသီး၌ တစ်ခမ်းတစ်နား ဖေါ်ပြထားသည်ကို ဖတ်ရှုရလေသည်။ ကျွန်ုပ်အဖို့ ၀မ်းသာလွန်းဆို့လုမတတ်ပင် ပီတိသောမနဿဖြစ်သွား၏။ ဘယ့်အတွက်ဆိုပါမူ ကျွန်ုပ် အနှစ်နှစ် အလလ အရက်ရက်က စုံစမ်းရှာဖွေခြင်းပြုနေသော ဆူဘတ်ချန်ဒရာဘို့(စ်)၏အကြောင်းကို သိရလေ သောကြောင့်ဖြစ်ပါသည်။
          ထို့နောက်တွင် အောက်တိုဘာလ ၁၆-ရက်နေ့၌ အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးသည် ရန်ကုန်မြို့သို့ လာရောက်မည့်အကြောင်းကို သတင်းစာထဲ၌ ဖတ်ရှုရပြန်လေသည်။
          ထို့ကြောင့် မဆိုင်းတစ်ခဏအတွင်းမှာပင် ကျွန်ုပ်သည် အိန္ဒိယသံရုံးသို့ စာတစ်စောင် ရေးပို့လိုက်ပါသည်။ စာမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား၏။ ထိုစာ၏အနက်အဓိပ္ပါယ်ကို မြန်မာဘာသာဖြင့် ဆီလျော်အောင် ပြန်ဆိုရေးသားရလျှင် ...
         
အိန္ဒိယသံရုံး (ရန်ကုန်မြို့)
နေ့စွဲ။ ၁၄-ရက်။
အောက်တိုဘာ ၁၉၅၇။
သက်ဆိုင်ရာလူကြီးမင်းများခင်ဗျား။
          အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးသည် ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာရှိရာ ဂျပန်ပြည် တိုကျိုမြို့အနီး(အန်ကူတီ) ဂျပန်ဘုရားရှိခိုးကျောင်းသို့ သွားပြီး ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ရွှေကျောင်းဆောင်ကို ကိုယ်တိုင်ထည့်သွင်းကြောင်းသိရ၍ များစွာပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ပြီးလျှင် ၀န်ကြီးချုပ်မစ္စတာနေရူးဦးစီးသော ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာသေတ္တာကို အိန္ဒိယသို့ယူဆောင်လာမည့် အကြောင်းကိုလည်း သတင်းစာအသီးသီး၌ ဖတ်ရှု တွေ့မြင်ရပါသည်။
          ဆူဘတ်ချန်ဒရာဘို့(စ်)နှင့် ကျွန်တော်သည် လွန်စွာမှခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဆူဘတ်ချန်ဒရာဘို့(စ်)နှင့် ကျွန်တော်တို့သုံးဦးသည် လွန်စွာမှ ခင်မင်ရင်းနှီးသော ရဲဘော်ရဲဘက်၊ ဂျပန်ခေတ်က အလုပ်အတူတွဲလုပ်ဘက်များ ဖြစ်ကြပါသည်။
          ဂျပန်ခေတ်တွင် ဒေါက်တာဘမော်၏ အစ်ကို(ဒေါက်တာဘဟန်)အိမ်ကို ဗုံးကျစဉ်ဝယ် ကျွန်တော်နှင့် ဆူဘတ်ချန်ဒရာဘို့(စ်)သည် ပေါင်၁၀၀-ရှိသည့် မပေါက်ကွဲသော မီးလောင်ဗုံးကို  တစ်ဖက်စီကိုင်၍ မခဲ့သူများ ဖြစ်ကြပါသည်။ ဤသို့ ခင်မင်ရင်းနှီးသော ကိုယ့်မိတ်ဆွေ ဆူဘတ်ချန်ဒရာ ဘို့(စ်)၏ အရိုးပြာကို ဂျပန်ပြည်မှ အိန္ဒိယပြည်သို့ ယူဆောင်မည့် ကော်မတီတွင် လိုက်ပါခွင့် ပြုပါမည့် အကြောင်း ပန်ကြားအပ်ပါသည်။
          ၁၉၅၅-ခုနှစ်၊ ဧပြီလ ၁၅-ရက် နေ့က ဗမာပြည် တွင် တရုပ်ပြည်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယ ၀န်ကြီးချုပ် မစ္စတာနေရူး၊ အာရပ်ပြည်ထောင်စု သမ္မတ နိုင်ငံမှ သမ္မတ ကာနယ် ရာဇတ်တို့သည် သင်္ကြန် ရေသဘင်ကို တိုင်းရင်းသားမြန်မာဝတ်စုံဖြင့် ပါဝင်ဆင်နွဲခဲ့ကြပါသည်။ ထို့ကြောင့် ကျွန်တော်လည်း ဂျပန်ပြည်မှ ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာသေတ္တာကို အိန္ဒိယပြည်သို့ ယူဆောင်လာသော အခါ၌ ကျွန်တော်သည် အိန္ဒိယအမျိုးသားဝတ်စုံကို ၀တ်ပြီး သွားပါမည့်အကြောင်း။
ချစ်ကြည်လေးစားစွာဖြင့်
ဦးစပ်စု

           
အောက်တိုဘာလ ၁၆-ရက်နေ့တွင် အိန္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးသည် ရန်ကုန်မြို့သို့ ဆိုက်ရောက်လာ၏။ ကျွန်ုပ်သွားရောက်ကြိုရန် အခွင့်ရလေသည်။ ထိုစဉ်က ကျွန်ုပ်သည် မြန်မာ တိုင်းရင်းသားဝတ်စုံကို ၀တ်ဆင်ထားလေသည်။

          ၁၆-ရက်နေ့ နံနက်ပိုင်းထုတ် အင်္ဂလိပ်သတင်းစာကြီးများတွင် ကျွန်ုပ် အိန္ဒိယသံရုံးသို့ ပေးပို့သောစာအကြောင်းကို တစ်ခမ်းတစ်နားရေးသားဖေါ်ပြထားသည်ကို တွေ့မြင်ရပါ၏။

No comments:

Post a Comment