Thursday, September 9, 2010

ရွှေရတုသဘင်

ရွှေရတုသဘင်

          ၁၉၅၁-ခုနှစ်၊ ဇန်န၀ါရီလ ၃-ရက် ဗုဒ္ဓဟူးနေ့။
          ဤနေ့ ဤရက်မတိုင်မီ ဒီဇင်ဘာလတွင် ကျွန်ုပ်သည် ဆွေမျိုးတစ်စုနှင့် တိုင်ပင်ဆွေးနွေးလေသည်။ အကြောင်းအရာကား ကျွန်ုပ်၏မိဘနှစ်ပါး ထိမ်းမြားမင်္ဂလာနှစ်ငါးဆယ်နှစ်မြောက် အထိမ်းအမှတ် ရွှေရတု သဘင်ကျင်းပလို၍ဖြစ်သည်။ ကျွန်ုပ်သည် ယခုအချိန်အထိ ရွှေရတုသဘင်ဖိတ်ကြားလွှာမျိုး တစ်စောင် တစ်လေမျှမရရှိဖူးပေ။ ဤပွဲလမ်းသဘင်မျိုးလည်း တစ်ခါမျှ မတက်ရောက်ဖူးသေးပေ။ ထိုသို့ပြုလုပ်ခြင်းသည် တနည်းအားဖြင့် ထူးထူးခြားခြားဖြစ်သည်ဟုထင်၏။ ကျွန်ုပ်၏ဆန္ဒ အာသီသကို ဆွေမျိုးများနှင့် တိုင်ပင် ဆွေးနွေးကြည့်သောအခါ ကန့်ကွက်သူတစ်ယောက်မျှမရှိပေ။

ထို့ကြောင့်ကျွန်ုပ်သည် ဖိတ်ကြားလွှာရိုက်ပြီး ရွှေရတုသဘင်အခမ်းအနားပြုလုပ်ရန် စိုင်းပြင်းရ လေသည်။ ဖိတ်ကြားလွှာကို တစ်ပတ်က ကြိုတင်ရိုက်နှိပ်သည်။ ဖိတ်ကြားလွှာမှာ ဖေါ်ပြပါအတိုင်းဖြစ်သည်။

ရွှေရတုသဘင်

          ရန်ကုန်မြို့ ဒါလ်ဟိုဇီလမ်း၊ နံပါတ် ၇၄၆-နေ ဦးစပ်စုနှင့်ဦးအောင်ရီတို့က ၎င်းတို့၏မိဘနှစ်ပါး၏ ထိမ်းမြားမင်္ဂလာ ၅၀-နှစ်ပတ်လည် အထိမ်းအမှတ်ကျင်းပလိုပါ၍ ၁၉၅၁-ခုနှစ်၊ ဇန်န၀ါရီလ ၃-ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၁၂-နာရီအချိန်တွင် ရန်ကုန်မြို့ ဒါလ်ဟိုဇီလမ်း၊ နံပါတ် ၇၄၆ လန်ထောင်ဟော်တယ်၌ နေ့လည်စာ စားပွဲပြုလုပ်မည်ဖြစ်ပါ၍၊ ကြွရောက်ချီးမြှင့်ပါမည့်အကြောင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။
          
ယင်းဖိတ်ကြားလွှာကို မြန်မာ၊ တရုပ်၊ အင်္ဂလိပ်သုံးဘာသာဖြင့် ရိုက်နှိပ်သည်။ ဖိတ်ကြားလွှာတွင် နေ့လယ် ဆယ့်တစ်နာရီဟုဖေါ်ပြထားသည်။ ဤအချိန်သည်ကား နှစ်ပေါင်း ၅၀-မြောက်သော သမယပင် ဖြစ်၏။ ကျွန်ုပ်သည် ရပ်ဝေးရပ်နီးရှိ ကိုယ့်ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများထံသို့ ကိုယ်တိုင်ပင် သွားရောက်၍ဖိတ်ကြားလေသည်။
          မိတ်ဆွေတစ်ဦးဖြစ်သူ ဖဆပလဦးကျော်ငြိမ်း၊ ဒေါ်နွဲ့နွဲ့ရီအိမ်သို့ ကျွန်ုပ်ကိုယ်တိုင်သွားရောက်၍ ဖိတ်ကြားလွှာပေးသည်။ ဒေါ်နွဲ့နွဲ့ရီက ကျွန်ုပ်ပေးလိုက်သော ရွှေရတုသဘင်ဖိတ်ကြားလွှာကိုယူ၍ဖတ်လိုက်ပြီး သူ့မောင်တော် ဦးကျော်ငြိမ်းအား ...
          ““ကိုကို ဒီပွဲတော့သွားရမယ်””ဟူ၍ ပြောသည်။ ထိုအခါဦးကျော်ငြိမ်းက သူ့ဒေါ်နွဲ့နွဲ့ရီထံမှ ဖိတ်ကြားလွှာကိုယူကာ ကြည့်လိုက်ပြီး ..
          ““ဦးစပ်စုဖိတ်ကြားတာတွေများလှပြီ၊ ဒီပွဲကိုတော့လာခဲ့ပါ့မယ်””
          ထိုအခါ ကျွန်ုပ်က
          ““ကျွန်တော့်မိဘနှစ်ပါးကလည်းပြောတယ်၊ ဒီပွဲကိုလာတဲ့သူတွေလဲ ခုလိုရွှေရတုသဘင်လုပ်နိုင်ကြပါစေ လို့ ဆုတောင်းပါတယ်တဲ့””
          ကျွန်ုပ်စကားကြောင့် ဦးကျော်ငြိမ်းတို့ဇနီးမောင်နှံသည် အပြုံးပန်းလှိုင်လှိုင် ပွင့်နေကြပါပေသည်။ ပြီးနောက်တွင်ကား ကျွန်ုပ်သည် ဆာဦးသွင်၊ ဆာမြဘူး၊ ဆာဘဦး၊ ဦးဘိုးဗျော့ (မြင်းပွဲအသင်းဥက္ကဋ္ဌကြီး)၊ တရားသူကြီးဦးသိန်းမောင်၊ တရားသူကြီးဦးစံမောင်၊ မြို့မကျောင်းဆရာကြီးဦးဘလွင်၊ I.C.S ဦးကျင်၊ တရားဌာန၀န်ကြီး ဦးခင်မောင်လတ်၊ ရန်ကုန်အရေးပိုင် ဦးအောင်ကိန်း၊ တရားသူကြီးဦးကျော်၊ ယူ-ဘီ-အေ ဦးတော၊ တရုပ်အမျိုးသားခေါင်းဆောင်ကြီး ဦးအီခွက်၊ တရုပ်ပြည်သံရုံးကောင်စစ်ဝန်များနှင့် အတိုင်ပင်ခံများ၊ အိန္ဒိယအမျိုးသားထဲမှ လူကြီးလူကောင်းများကို သွားရောက်၍ဖိတ်ကြားခဲ့ပေသည်။
          ကျွန်ုပ်ဖိတ်ကြားသူတိုင်းလိုလို ရွှေရတုသဘင်ပွဲ၌ တက်ရောက်သည်ကိုတွေ့ကြရသည်။ အများအားဖြင့် ဇနီးမောင်နှံစုံတွဲလာကြသည်ကများ၏။ ကြွရောက်လာကြသော လူကြီးလူကောင်းများ ကျွန်ုပ်မိဘနှစ်ပါးကို လက်ဆွဲနှုတ်ဆက်ကြသည်။ ပြီးလျှင် ““စိန်ရတုသဘင်ပွဲ ပြုလုပ်နိုင်ပါစေ””ဟူ၍ ဆုမွန်ကောင်းတောင်းကြသည်။ ပေးသောဆုနှင့်လည်း ပြည့်ကြပါစေဟူလည်း ကျွန်ုပ်က ဆန္ဒပြုပါပေ၏။
          ကျွန်ုပ်နှင့် ကျွန်ုပ်၏ညီ ဦးအောင်ရီအဖို့၌ကား ကိုယ့်မိဘနှစ်ပါး အနှစ် ၅၀-မြောက် ထိမ်းမြားမင်္ဂလာပွဲ ပြုလုပ်လိုက်ရ၍ စိတ်ထဲတွင်များစွာနှစ်ထောင်းအားရဖြစ်နေမိသည်။
          ရွှေရတုသဘင်ပွဲသို့ကြွရောက်လာကြသူများကို “ကောက်တေး”ပါတီဖြင့် ဧည့်ခံကျွေးမွေးလိုက်လေသည်။
          ကြုံရခဲလေသော ကျွန်ုပ်၏မိဘနှစ်ပါး၏ရွှေရတုပွဲသည်ကား အောင်မြင်စွာပြီးဆုံးသွားလေသည် တကား။

No comments:

Post a Comment